
နေပြည်တော် အောက်တိုဘာ ၁၁
ကချင်ပြည်နယ်၊ လိုင်ဇာဒေသ၊ မုန်လိုင်ချက်တွင် အောက်တိုဘာ ၉ ရက် ညပိုင်းက ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်းနှင့် ပေါက်ကွဲမှုကြောင့် KIA အဖွဲ့ဝင်နှင့် မိသားစု အချို့ ထိခိုက်သေဆုံး/ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အချို့မီဒီယာများက တပ်မတော်အပေါ် ဝေဖန်တိုက်ခိုက်လိုသည့် သဘောဖြင့် တပ်မတော်မှလေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့်လည်းကောင်း၊ အချို့ မီဒီယာများကလည်း လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းကြောင့် လည်းကောင်း ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု မဟုတ်မမှန် စွပ်စွဲပြောဆို ရေးသားလျက်ရှိသည်။
အဆိုပါပေါက်ကွဲမှုနှင့် ပတ်သက်၍ မြေပြင်သတင်း ဖော်ထုတ်ချက်များ၊ အမာခံသတင်းပေးများ၏ သတင်းပေးပို့ ချက်များအရ မုန်လိုင်ချက်အနီး KIA သင်တန်းကျောင်းရှိ အမိုနီယမ်နိုက် ထရိတ် (ယမ်း) သိုလှောင်ရုံပေါက်ကွဲခဲ့ ခြင်းဖြစ်ကြောင်း၊ ယင်းအမိုနီယမ်နိုက် ထရိတ် (ယမ်း) များမှာ KIA အဖွဲ့မှ ခေါင်းဆောင်များနှင့် ဒေါ်အားလီ (အားလီကျဲ) တို့ ပိုင်ဆိုင်ကြောင်း၊ ၎င်းဂိုဒေါင်အတွင်း အမိုနီယမ်နိုက်ထရိတ် (ယမ်း)၁၀၅ တန်ခန့်နှင့် အခြားပေါက်ကွဲ စေတတ်သောပစ္စည်းများ သိုလှောင်ထား ကြောင်း၊ အောက်တိုဘာ ၉ ရက် ညဉ့်နက် ပိုင်းတွင် မတော်တဆမှု တစ်ခုခုကြောင့် ရုတ်တရက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲသည့် အကြောင်းရင်းအား စုံစမ်းနေဆဲဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံ နယ်စပ်ဂိတ်တွင်လည်း တရုတ်နိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များက အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
အလားတူ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၆ ရက်တွင် မြန်မာ - တရုတ် နှစ်နိုင်ငံ နယ်စပ် လိုင်စင်ပို့စ်အနီး ခဲယမ်းသိုလှောင်ရုံ တွင်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၁ ရက်တွင် လိုင်ဇာဒေသ၊ ဂျာထူဂေါင်ရှိ မိုင်းစက်ရုံ၌ လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် ခဲယမ်းနှင့် မိုင်းများ အကြီးအကျယ် ပေါက်ကွဲပျက်စီး မှုများ ဖြစ်ပေါ်ခဲ့ပြီး KIA အဖွဲ့ဝင်များနှင့် မိသားစုဝင်များ ထိခိုက်သေကျေဒဏ်ရာ ရရှိခဲ့ကြောင်းလည်း Social Media များ မှတစ်ဆင့် တွေ့မြင်သိရှိကြပြီးဖြစ်သည်။
တပ်မတော်အနေဖြင့် လက်တွေ့ကျ သည့် ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်း စဉ်များကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး၊ ပြည်သူတစ်ရပ် လုံး လိုလားတောင့်တလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးရရှိရေးတို့အတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှု ဆိုင်ရာ ကိစ္စရပ်များအပြင် နိုင်ငံတော် အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာ ယန္တရားများအား နှောင့်ယှက် ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ ရပ်ဆိုင်း ထားကြောင်း ကြေညာခဲ့ပြီးဖြစ်သည်။ ထို့ပြင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များ အတိုင်း အလေးထားလိုက်နာ ဆောင် ရွက်လျက်ရှိပြီး မကြာမီကာလတွင် လည်း NCA (၈) နှစ်မြောက်နှစ်ပတ် လည်နေ့ကို အနှစ်သာရရှိရှိ ကျင်းပနိုင် ရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း တက်ရောက် နိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ယနေ့အထိ ငြိမ်းချမ်းရေး တံခါး ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်