
နေပြည်တော် ဖေဖော်ဝါရီ ၂၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက တာဝန်ယူ၍ ဧရာဝတီ တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်လျက် ရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွား လာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များ ကို ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ် (MCCT) အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် အဆိုပါအစီအစဉ်အတွက် ထောက်ပံ့ကြေးငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်း အနားကို ယနေ့ နံနက်၁၀ နာရီတွင် Online စနစ်ဖြင့် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက MCCT အစီအစဉ်အနေဖြင့် ၂၀၂၁-၂၀၂၂ ခု ခြောက်လ ဘဏ္ဍာရေးနှစ်၏ ပထမ သုံးလပတ်အတွက် ထောက်ပံ့သွားမည်ဖြစ်ပြီး အကျိုးခံစား ခွင့်ရှိသူပေါင်း ၁၅၅၁၇၁ ဦးအတွက် စုစုပေါင်းထောက်ပံ့ကြေး ငွေကျပ် ၆၈၁၅ ဒသမ ၇၃၀ သန်းဖြစ်ပါကြောင်း၊ ယခင် ဆောင်ရွက်နေကျ နည်းလမ်းအတိုင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး များမှတစ်ဆင့် ငွေသားတိုက်ရိုက် ထောက်ပံ့ပေးသွား မည်ဖြစ်ပါကြောင်း၊ အဓိကအားဖြင့် ငွေထုတ်စာရင်း အလိုက် သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်များမှ ထောက်ပံ့ကြေးငွေ အဆင်ပြေပြေ ထုတ်ယူနိုင်ရေးနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် မြေပြင် ထောက်ပံ့မှု အဆင်ပြေပြေ ဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ယခုလို ကိုဗစ်-၁၉ ကဲ့သို့သော ကပ်ရောဂါဘေး ကြုံတွေ့နေရ ချိန်တွင် ထောက်ပံ့ကြေးသည် အကျိုးခံစားခွင့်ရှိသူ များအတွက် အမှန်တကယ် အထောက်အကူဖြစ်စေ မည်ဖြစ်သည့်အတွက် အားလုံးဝိုင်းဝန်းပြီး ကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အကျိုးခံစားခွင့်ရှိသူ ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိစေမည့် ကိစ္စဖြစ်သည့်အတွက် အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ရန် ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်း တို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးသည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၏ အရေးပါမှုများကို ရှင်းလင်းတင်ပြပြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပေါင်းစပ်ညှိနှိုင်းလိုသည့် အချက်များကို ရှင်းလင်း ဆွေးနွေးသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာ ကြသော ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက ဆွေးနွေးပြောကြားပြီး ၂၀၂၁-၂၀၂၂ခု ခြောက်လ ဘဏ္ဍာရေးနှစ်၏ ပထမ သုံးလပတ် အတွက် အကျိုးခံစားခွင့်ရှိသူပေါင်း ၁၅၅၁၇၁ ဦး အတွက် စုစုပေါင်း ထောက်ပံ့ကြေး ငွေကျပ် ၆၈၁၅ ဒသမ ၇၃၀ သန်းကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းထံသို့ ဝန်ကြီးဌာနကိုယ်စား ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နော်သဝါး က လွှဲပြောင်းပေးအပ် ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်