ကိုယ်ရည်ကိုယ်သွေးဖြင့် ခေါင်းဆောင်မှုကို တည်ဆောက်နိုင်

Type

 

ဒေါက်တာ မြတ်မိုး

 

ရုံးဌာနအဖွဲ့အစည်းများတွင်  တာဝန်ထမ်းဆောင် ရသည့် အကြီးအကဲအရာထမ်းအားလုံးသည်   မိမိ တာဝန်ယူ၊   တာဝန်ခံရသည့် ရုံးဌာနအဖွဲ့အစည်းများ၊ ထိုမှတစ်ဆင့် လူ့အဖွဲ့အစည်းကြီးနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် အတူလက်တွဲဆောင်ရွက်နေကြ သည့် လုပ်ဖော်ကိုင်ဖက် အရာထမ်း၊ အမှုထမ်းများ၏ စွမ်းဆောင်မှုနှင့် အရည်အသွေးတိုးတက်ရေးတွင်  တာဝန်ရှိကြပါသည်။   ထိုသို့   ခံယူထားသည့် အားလျော်စွာ သူတို့၏  တာဝန်ထမ်းဆောင်မှုနှင့် စွမ်းဆောင်ရည် တိုးတက်မှုရှိ/မရှိ၊  အားသာချက်၊  အားနည်းချက်များနှင့်တကွ အချိန်နှင့်တစ်ပြေးညီ    အမြဲတမ်းဆန်းစစ်နေရပါသည်။   အခွင့်အလမ်း အပေါ်မူတည်၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေး နေရပါသည်။ 

 


၂၁- ရာစုစွမ်းရည်တစ်ခုဖြစ် 


ဒီတစ်ပတ်မှာ အာရုံစိုက်မိသည်က “ခေါင်းဆောင် မှုစွမ်းရည်”နှင့်ပတ်သက်၍ဖြစ်သည်။ ခေါင်းဆောင် မှုက ယနေ့ခေတ်စားနေသော ယနေ့ခေတ်လူငယ် လူရွယ်များတွင် အလေးအနက်ထား ဖြည့်ဆည်း ရမည့် ၂၁ ရာစုစွမ်းရည်များတွင် အပါအဝင်တစ်ခု လည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံကိုခေါင်းဆောင်မည့်သူများအတွက်  ခေါင်းဆောင်မှု အရည်အချင်းများက ယနေ့ကာလတွင် အရေးကြီး လာ၍ဖြစ်သည်။ 

 


ယနေ့ရုံးဌာနများတွင် အလယ်အလတ်အဆင့် အရာထမ်းအများစုတွင် လူငယ်များ နေရာယူလာ နေသည့်  အချက်ကလည်း ၂၁ ရာစုစွမ်းရည်များတွင် တစ်ခုအပါအဝင်ဖြစ်သော ခေါင်းဆောင်မှုစွမ်းရည်ကို မဖြစ်မနေဖြည့်ဆည်းရန်    တာဝန်ရှိလာသည်။ တကယ်တော့  “ခေါင်းဆောင်မှု”ဆိုသော ခေါင်းစဉ် ကို ဝန်ထမ်းများအပါအဝင် ယနေ့လူငယ်လူကြီးစုံက နေရာစုံနယ်ပယ်စုံမှာ   အဖန်တစ်ရာတေအောင် သင်ဖူးလေ့လာဖူး ကြားဖူးနာဖူးပြီး ဖြစ်ကြသည်။ သို့သော် လုံလောက်ပြီလားဆိုတော့  အချို့သော ရလဒ်များက မရေရာမသေချာသော အဖြေများသာ ဖြစ်နေသည်ကို တွေ့ရပါလိမ့်မည်။ ထို့ကြောင့်လည်း ဒီတစ်ကြိမ်တွင် ရုံးတွင်းသင်တန်းတစ်ခုကို အခွင့် အလမ်းကောင်းအဖြစ်ရယူ၍    အလယ်အလတ် အဆင့်    အရာထမ်းများကို      အရေးကြီးသော ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့်ပတ်သက်၍ ဆွေးနွေး ဖြစ်ခဲ့သည်။ 

 


သင်တန်းတစ်ခု၊ Survey ဆန်းစစ်မှုအကြောင်းပြု၍ 


ခေါင်းဆောင်မှုနှင့် ပတ်သက်၍ အတွေ့အကြုံ မျိုးစုံ ကြုံတွေ့ရပြီးဖြစ်သော သင်တန်းသားများနှင့် သင်ကြားပို့ချသည်ပဲဆိုဆို၊ ဆွေးနွေးသည်ပဲဆိုဆို အတွေ့အကြုံများကို မျှဝေဖလှယ်ကြခြင်းတစ်ခုသာ ဖြစ်သည်။   ရလဒ်တစ်ခု    ပေါ်ထွက်လာရန်လည်း ရည်ရွယ်သည်။    သုတေသနခေါင်းစဉ်အောက်မှာ စုပေါင်းအဖြေတစ်ခုရရှိလိုမှု       အကြောင်းပြု၍ ခေါင်းဆောင်မှုဆိုင်ရာ ခြုံငုံလေ့လာမှု Survey တစ်ခု ကို လုပ်ဖြစ်ကြသည်။ Survey တွင် ခေါင်းဆောင်မှု အင်္ဂါရပ် ၂၁ ခုမျှကို ထည့်သွင်းထားသည်။ အများစု က အရပ်ဘက်ဆိုင်ရာခေါင်းဆောင်မှုနှင့်ဆက်နွှယ် သော အင်္ဂါရပ်များဖြစ်သည်။ 

 


ရည်ရွယ်ချက်က ၅၃ ဦးသော သင်တန်းသား အရာရှိများအနေဖြင့်    မိမိတို့အမှုထမ်း    ဘဝ၊  အရာထမ်းဘဝ အတွေ့အကြုံများအပေါ်အခြေခံ၍ မိမိတို့ကိုယ်တိုင်    ဖြည့်ဆည်းထားသင့်သည်ဟု ယူဆသော၊    အမှန်တကယ်လည်း   အနာဂတ် ခေါင်းဆောင်လောင်းများအတွက်    မဖြစ်မနေ လိုအပ်‌ချက်တစ်ရပ်အဖြစ် ရှုမြင်ခံရသော အင်္ဂါရပ် များကို     သင်တန်းသားများပေးသည့်    ဦးစားပေး အချက်များအလိုက်ဖော်ထုတ်နိုင်ရန်ဖြစ်သည်။ 

 


ဦးစားပေးအလိုက်
ဖော်ထုတ်ခဲ့ကြသည့် အင်္ဂါရပ်များ 


အမှန်လည်း သင်တန်းသားများက လက်တွေ့ ကျကျဖော်ထုတ်နိုင်ခဲ့ကြပါသည်။ သူတို့ ဦးစားပေး အလိုက်  လိုချင်သည့် အများဆုံးအမှတ်ပေးသည့် အချက်က “တာဝန်ယူတာဝန်ခံနိုင်မှု - responsibility and   accountability”  ဖြစ်နေသည်။   ဒုတိယ၊  တတိယ စသည်ဖြင့် အစဉ်လိုက်လိုအပ်မည့် အင်္ဂါရပ် များကို ရွေးချယ်ခဲ့ကြရာ “ပြဿနာကိုမှန်ကန်စွာ ဖြေရှင်းနိုင်စွမ်း”၊ “ပိုင်းခြားစိတ်ဖြာဆန်းစစ်နိုင်စွမ်း”၊ “ဆုံးဖြတ်နိုင်စွမ်းရှိမှု”၊  “ဆက်သွယ်ဆက်ဆံရေး ကောင်းမွန်မှု”၊   “ကိုယ့်အလုပ်ပေါ်မှာ   တက်ကြွ ရွှင်လန်းပြီး စိတ်ဝင်စားမှုအပြည့်ဖြင့် လုပ်နိုင်စွမ်း အပြည့်ရှိသော”၊ “ ရိုးသားဖြောင့်မတ်မှု”၊ “အမြင်  ကျယ်ပြီး ကြိုတင်မြော်တွေး ဆောင်ရွက်နိုင်စွမ်း”၊ “အကောင်းမြင်စိတ်”၊ “စည်းရုံးလှုံ့ဆော် စေ့ဆော်နိုင် စွမ်း”၊ “ယုံကြည်စိတ်ချရမှု”၊ လိုအပ်လျှင် ကိုယ်ကျိုး စွန့်အနစ်နာခံလိုတဲ့ “သတ္တိ”၊ “ယဉ်ကျေးပြီးကိုယ့် ကိုယ်ကိုယ်နှိမ့်ချတတ်မှု”၊ “ခံနိုင်ရည်ရှိပြီး လိုက်လျော ညီထွေဖြစ်မှု”၊ “သည်းခံနိုင်မှု”၊  “နည်းပြကောင်း သဖွယ်ဖြစ်မှု”၊ “အခြေအနေဖန်တီးနိုင်စွမ်း”၊ “ပွင့်ပွင့် လင်းလင်းရှိခြင်း”၊ “ဖွံ့ဖြိုးမှုအမြင်ရှိခြင်း”၊ “တန်းတူ ညီမျှရှိမှု” နှင့် “ကျင့်ဝတ်လိုက်နာမှု”  စသည့် အင်္ဂါရပ် များသည်    သင်တန်းသားများ၏     ဦးစားပေးမှု အစီအစဉ်တွင်  အစဉ်လိုက်နေရာယူခဲ့ကြသည်ကို တွေ့ရှိရသည်။

 


ဆန်းစစ်မှု အသေးစားလေးတစ်ခုသာဖြစ်ခဲ့ သော်လည်း ဖော်ထုတ်ချက်များက စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။ ဖြစ်သင့်ဖြစ်ထိုက်သော လက်တွေ့နှင့် ကိုက်ညီသော အချက်များအဖြစ် ထင်ရှားလှသည်။ အမှန်မှာ ဖော်ပြပါအချက်များ အရည်အသွေးများ အားလုံးတစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကြသည်ကို သတိပြုမိသည်။ အင်္ဂါရပ်တစ်ခုက အခြားအင်္ဂါရပ် တစ်ခုကို    အထောက်အကူပြုနေ၍   တစ်ခုကို ဖြည့်ဆည်းနိုင်လျှင် အခြားတစ်ခုက ပြည့်ဖို့များသည်။ 

 


တာဝန်ယူ၊ တာဝန်ခံမှုဟူသည် 


ချပြသော ခေါင်းဆောင်မှုလက္ခဏာများအနက် “တာဝန်ယူတာဝန်ခံမှု”ဟူသည်ကို  ဘာကြောင့် ထိပ်ဆုံးမှာ နေရာပေးခဲ့ကြပါသလဲ။  ဖြည့်ဆည်းရ မည့် လိုအပ်ချက်တစ်ခုအဖြစ် မြင်နေကြလို့ဖြစ်မည်။ သူတို့မြင်‌သောအမြင်မှန်ပါသည်။ ကဏ္ဍစုံနယ်ပယ် စုံမှာ  ပို၍တိုးတက်အောင်  ခံယူလေ့ကျင့်ရဦးမည့် ခေါင်းဆောင်ကောင်းတို့၏  အင်္ဂါရပ်တစ်ခုအဖြစ် လည်း ထင်ထင်ရှားရှားပြသနေ၍ဖြစ်သည်။ တာဝန် ယူ  တာဝန်ခံမှုအပိုင်းကို  အရေးကြီးသော အချက် တစ်ခုအနေဖြင့် ကိုယ့်အဖွဲ့တွေက ထည့်သွင်းထား၍ ကျေနပ်မှုလည်းဖြစ်မိသည်။     အသိဖြင့်မပြီးဘဲ လက်တွေ့လိုက်နာကြဖို့တော့ ပြောယူရသည်။  

 


တာဝန်ယူမှု ဆိုတာဘာလဲ၊ တာဝန်ခံမှုဆိုတာ ဘာလဲဆိုသည့် သဘောတရားကို ကျေညက်ကြ၍ ဆိုလိုချက်ကို ကောင်းစွာနားလည်နိုင်စွမ်းရှိကြပါသည်။ ပေးအပ်ထားသည့် တာဝန်တစ်ခုကို ဆိုးကျိုး ဆက်နည်းနည်းဖြင့် ရည်မှန်းချက်ပြီးမြောက်အောင် လုပ်နိုင်ခြင်းသည်   တစ်ဦးချင်းဆီမှာ   တာဝန်ယူ တာဝန်ခံမှုရှိ၍ဖြစ်သည်ကို ကောင်းကောင်းနားလည် ခံယူထားကြဟန်တူပါသည်။ “ရလဒ်အရည်အသွေး ကောင်းကောင်းဖြင့် တာဝန်ယူတာဝန်ခံမှုရှိသည့် အရာရှိမျိုးကို သူတို့ပိုယုံကြည်ကြမယ်၊ ပို၍လည်း ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိမယ်”ဆိုတာ သူတို့ ဆွေးနွေးချက်တွေက ပြသနေသည်။

 


တကယ်တော့ တာဝန်ယူ၊ တာဝန်ခံမှုဟူသော စကားနှစ်လုံးသည် ခေါင်းနှင့် ပန်းလိုတွဲနေသည်။ အဓိပ္ပာယ်ကိုတော့    နားလည်ကြသည်။    သို့သော် မည်သို့မည်ပုံ တာဝန်ယူကြမည်၊ မည်သို့တာဝန်ခံကြ မည်ဆိုသည်မှာမူ    ထွေပြားဟန်ရှိသည်။   မိမိ၏ လုပ်ပိုင်ခွင့်ဘောင်အတွင်း၊ တာဝန်ပေးခြင်းခံရသည့် ရာထူးဌာနအလိုက် အပ်နှင်းထားသော လုပ်ပိုင်ခွင့် အတွင်း တာဝန်ဝတ္တရားများကို ပြီးမြောက်အောင်မြင် အောင် ဆောင်ရွက်မှုသည် တာဝန်ယူမှုဖြစ်ပြီး မိမိတာဝန်ယူမှု၏ အကျိုးဆက်အကောင်းအဆိုး အပေါ် မိမိမှာ တာဝန်ရှိမှုသည် တာဝန်ခံမှုပင်ဖြစ် သည်။ 

 


ရလဒ်မကောင်းလျှင် ဟိုလူဒီလူ လက်ညှိုးမထိုး တတ်ခြင်း၊ ဒီကိစ္စ ငါ့မှာသာတာဝန်ရှိသည်ဆိုခြင်း၏ နောက်ကွယ်တွင် ထိုသူတွင် တာဝန်ခံမှုရှိနေသည် ဟူ၍ အဓိပ္ပာယ်ထွက်သည်။ လက်တွေ့နယ်ပယ် အချို့တွင် တာဝန်မခံရဲ၍ တာဝန်မယူရဲခြင်းများကို လည်း တွေ့မြင်နေရသည်။ မိမိလုပ်ရမည့်မိမိတာဝန် ကို တာဝန်ယူရဲပြီး တာဝန်ခံတတ်ကြရန် အထက်ပါ ခေါင်းဆောင်မှုကြန်အင်လက္ခဏာများနှင့် ကိုယ်ရည် ကိုယ်သွေးများကို ဦးစွာလေ့လာတည်ဆောက်ထားဖို့တော့လိုအပ်ကြောင်း ဆွေးနွေးဖြစ်သည်။ မိမိတို့ လည်း အစဉ်လေ့ကျင့်ယူနေရသည်သာ၊ အဖွဲ့အစည်း ရည်မှန်းချက်အောင်မြင်ရန်     တစိုက်မတ်မတ် အားထည့်လုပ်ချင်သောသူအနေဖြင့် အစဉ်ကြိုးစား လေ့ကျင့်နေရမည်ဆိုသည်ကို ကောင်းစွာသဘော ပေါက်ကြပါသည်။ 

 


မှန်ကန်သောဆုံးဖြတ်ချက်ချနိုင်စွမ်းခြင်း 


အဖွဲ့အစည်း၏ ရည်မှန်းချက်အောင်မြင်ရန် သည်    ထိရောက်သည့်    ခေါင်းဆောင်မှုနှင့် ခေါင်းဆောင်သူ၏     မှန်ကန်သောဆုံးဖြတ်ချက် decisive quality အပေါ်တွင် အဓိကမူတည်သည်။ ဆုံးဖြတ်ချက်ချနေတိုင်းလည်း မှန်ကန်နေသည်ဟု မဆိုလိုခြင်းဖြစ်သည်။  ဤတွင်  ပြဿနာ၏အရင်း အမြစ်၊  ဖြစ်စေသော  အကြောင်းရင်းများနှင့်အတူ လွှမ်းမိုး‌နေသောအချက်များ၊ သက်ရောက်မှုပမာဏ အတိုင်းအဆကို ဓမ္မဓိဋ္ဌာန်ကျကျ ပိုင်းခြားဝေဖန်ဆန်းစစ်သုံးသပ်နိုင်စွမ်းရှိခြင်း  critical  thinking က အရေးကြီးပြီး ခေါင်းဆောင်တစ်ဦးထံတွင် မရှိ မဖြစ်လိုအပ်သော    စွမ်းရည်လည်းဖြစ်ကြောင်း   အသိအမှတ်ပြုကြရပါမည်။

 

 
ပွင့်လင်းမှုနှင့် ရိုးသားဖြောင့်မတ်မှု 


ပို့ချဆွေးနွေးသူနှင့် သင်တန်းသားဝန်ထမ်းများ သည် ပွင့်လင်းမြင်သာသော ဆက်သွယ်ဆက်ဆံ ရေးနှင့်  ရိုးသားဖြောင့်မတ်မှုဟူသော လက္ခဏာရပ်  တစ်ခုနှင့်တစ်ခု ချိတ်ဆက်‌နေပုံကို ဆွေးနွေးခဲ့ကြပြီး ၎င်းအချက်များကိုလည်း ခေါင်းဆောင်ကောင်းတို့ တွင် အထူးလိုအပ်သော အရည်အသွေးများအဖြစ် လည်း အသိအမှတ်ပြုကြသည့်အတွက် အားတက်မိ ပါသည်။ ဤအရည်အသွေးများကပင် ခေါင်းဆောင် က သူ့အဖွဲ့သားများ၏ တက်ကြွစွာဖြင့် လုပ်ချင် ကိုင်ချင်စိတ်ကို လှုံ့ဆော်ပေးနိုင်ပြီး တစ်ဦးနှင့်တစ်ဦး ယုံကြည်စိတ်ချရသည့်   အနေအထားတစ်ခုအထိ ရောက်ရှိသွားစေသည်ဟု ခံယူထားကြ၍ဖြစ်သည်။ ရိုးသားဖြောင့်မတ်မှုဟူသောဂုဏ်ပုဒ်သည် ပွင့်လင်း မြင်သာမှုကိုအားပေးပြီး    ယင်းအချက်နှစ်ချက် ပိုင်ဆိုင်ထားသော  အရာရှိတစ်ဦးအနေဖြင့် ကိုယ့် လက်အောက်  အရာထမ်း၊      အမှုထမ်းများထံမှ မှန်ကန်သော      တူညီတုံ့ပြန်မှုမျိုးရရှိရန်လည်း များစွာမခဲယဉ်းတော့ဟု ယူဆမိပါသည်။ 

 


ကြိုတင်မြော်မြင်
မြော်တွေးဆောင်ရွက်နိုင်စွမ်း 


ယနေ့ခေတ်တွင်  အနာဂတ်အမြင်ကို လှမ်းမြင် လှမ်းမျှော်နိုင်စွမ်းရှိမည့်   vision   ကောင်းသော ခေါင်းဆောင်များစွာ  ပေါ်ထွန်းလာရေးအတွက်  လေ့လာမှုအားကောင်းသော လူငယ်မျိုးဆက်များ မွေးထုတ်ရန် လိုအပ်နေပါသည်။ ရှင်းလင်းပြတ်သား သော အနာဂတ်မြင်ကွင်း အကျဉ်းအကျယ်နှင့်အတူ အပြုသဘောဆောင်သောအတွေးများကို ဆန့်ထုတ် နိုင်စွမ်းရှိသင့်သည်ဟု ယူဆပါသည်။ 

 


vision   နှင့်အတူ   proactive   ဖြစ်ဖို့တော့ တတ်နိုင်သည့်ဘက်က မကြာခဏပြောဖြစ်သည်။ အများစုက  ကိုယ့်အသိနှင့်  ကိုယ်လုပ်မည်ဆိုတာ ထက် သူများခိုင်းမှ ပြောမှလုပ်နေကြသည့် reactive သမားကများသည်။ ကြိုတင်မြော်တွေး ဖြစ်လာနိုင် သည်များကို    ကြိုလုပ်သင့်တာလုပ်ထားရမည် မဟုတ်ပါလား၊  ကြိုတင်လုပ်ထားဖို့ဆိုတာလည်း ကြိုတင်ပြီး    လေ့လာသင်ယူထားမှပင်ရသည်။ မဟုတ်လျှင် သူများခိုင်းမှ  လုပ်ရသည့်  အဖြစ်မျိုး အနုတ်လက္ခဏာဆောင်သွားနိုင်သည်။

 


မိမိက  reactive  လား၊   proactive လား ဆန်းစစ်ထားစေချင်သည်။ proactive သမားက ဘယ်အထိတာသွားသလဲဆိုတော့ responsiveness ဟူသည့်    အလျင်အမြန်    တုံ့ပြန်နိုင်စွမ်းရှိသည့် အရည်အသွေးအထိ       တက်လှမ်းသွားသည်။ ဤလက္ခဏာကို reactive သမားများတွင်မတွေ့ရ၊၊ တကယ်က   ဖန်တီးနိုင်စွမ်းရှိပြီး   ဆုံးဖြတ်နိုင်စွမ်း ရှိသည့် အရည်အချင်းများက proactive ကို ပို၍ အထောက်အကူပြုသည့် အတွက် ၎င်းအရည်အသွေး များပိုင်ဆိုင်ထားသူ   အရာထမ်းများကို  အထက် အကြီး အကဲများက    ပို၍အားကိုးယုံကြည်ကြမည်သာ ဖြစ်ပါသည်။ 

 


လှုံ့ဆော်နိုင်စွမ်းနှင့် စိတ်အားထက်သန်မှု 


အဖွဲ့အစည်းတစ်ခု  သို့မဟုတ်    ဌာနတစ်ခုမှာ တာဝန်ယူဦးဆောင်နေသူ    တစ်ဦးအနေဖြင့်  မိမိ အဖွဲ့သား ဝန်ထမ်းများအပေါ်  လှုံ့ဆော်စည်းရုံးမှု ပေးနိုင်သူတစ်ဦးဖြစ်ချင်ကြမှာ   သေချာပါသည်။ အထူးသဖြင့် ခက်ခဲပင်ပန်း ရှုပ်ထွေးနေသည့်အချိန် မှာဆိုလျှင် ဖြစ်သည်၊၊ တစ်ခါတလေ ကိုယ့်အဖွဲ့တွေ စိတ်ဓာတ်ကျနေသည့်     အခြေအနေမှာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ထိုအခါတွင် စိတ်ဓာတ် ကျနေသူဝန်ထမ်းကို ပြန်လည်တက်ကြွလာအောင် လှုံ့ဆော်မှုပြုရန် လိုအပ်လာပြီဖြစ်သည်၊၊ 

 


ဒီအချိန်မှာ ခေါင်းဆောင်လုပ်သူ၏ အပြောနှင့် အလုပ်အားဖြင့်   ကိုယ့်လူတွေရဲ့    စိတ်အလိုကို တက်ကြွအောင်လုပ်နိုင်သည့် စွမ်းရည်သည် အလွန် အရေးကြီးသည်ဆိုသည်ကို တက်ရောက်ဆွေးနွေးခဲ့ သော  သင်တန်းသားများက အသိအမှတ်ပြုကြပါ သည်။   ဒီလိုအပြုအမူတွေကပဲ  ကိုယ့်အဖွဲ့တွေ အတွက် အားကျစရာတွေ အတုယူစရာတွေ ဖြစ်လာ နိုင်ပါသည်‌။    မိမိကိုယ်တိုင်   အလုပ်အပေါ်မှာ စိတ်အားထက်သန်သူ၊  ကိုယ့်အလုပ်ကို ဂုဏ်ယူ တတ်သူ ခေါင်းဆောင်တစ်ဦးသည် ကျန်သူများကို လည်း အလုပ်မှာ တက်ကြွအောင် ဂုဏ်ယူလာအောင် လုပ်ပေးနိုင်သူဖြစ်သည်။ ဦးဆောင်သူကို ဝန်ထမ်း များက မိမိတို့၏ စံပြုပုဂ္ဂိုလ် role model တစ်ဦး အဖြစ်   သတ်မှတ်ထားသမျှ   ဘယ်သောအခါမှ မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်သည် မည်သို့မျှ လွဲချော်စရာမရှိတော့ဟု မြင်မိပါသည်။ 

 


ပြောင်းလွယ်ပြင်လွယ်နိုင်စွမ်းနှင့်အတူ လိုက်လျောညီထွေရှိမှု 


တစ်ခါတစ်ရံ     ဝန်ထမ်းများဟာ     မိမိကို ပြောင်းလွယ်‌    ပြင်လွယ်ဖြစ်ဖို့   တောင်းဆိုမှုတွေ ရှိလာတတ်ပါသည်။     ဒီအခါမှာ     လိုအပ်လျှင် ပြန်စဉ်းစားဖို့ လိုပါသည်၊၊ ရည်မှန်းချက်ပန်းတိုင်ကို တော့ ပျောက်လို့မရဘဲ ချမှတ်ထားသည့် မူဘောင် အတွင်းမှာသာ   မိမိ၏  လုပ်ငန်းစဉ်ကို တရားသေ ဆုပ်ကိုင်မထားဘဲ ကိုယ်ကျင့်တရားစံနှုန်းများကိုလည်း မပျက်ယွင်းစေဘဲဖြင့် ပြောင်းလွယ်ပြင်လွယ် ပြုနိုင်ပါသည်၊၊ 

 


တူညီသောအခြေအနေတစ်ရပ်    သို့မဟုတ် တူညီသောပတ်ဝန်းကျင်မှာ မူကိုမပျက်စေဘဲ အခြေ အနေအချိန်အခါပေါ်    မူတည်၍  ပြောင်းလွယ် ပြင်လွယ်ရှိမှု flexibility အလေ့အကျင့်ရှိသူသည် မတူညီသော  အခြေအနေအရပ်ရပ်   သို့မဟုတ် မတူညီသော   ပတ်ဝန်းကျင်သို့   အခြေအနေအရ ရောက်သွားလျှင်သော်မှ လိုက်လျောညီထွေနေနိုင် စွမ်း adaptability ရှိလာမှုအထိ ကိုယ်စွမ်းကိုယ်စ မြင့်တက်သွားနိုင်သည်ကို   ယုံကြည်ကြစေလိုပါ သည်။ အကြောင်းမှာ ခေါင်းဆောင်ဖြစ်ရန် နိုင်ငံခြား ပညာတော်သင်တစ်ဦးစေလွှတ်ရန် ရွေးချယ်ရာတွင် လိုက်လျောညီထွေနေနိုင်စွမ်းရှိမှုကို အရည်အချင်း တစ်ရပ်အဖြစ်  ယနေ့ကာလတွင်   ပို၍ဆန်းစစ်မှု ပြုလာကြသောကြောင့်ဖြစ်သည်။ 

 


နည်းပြကောင်းတစ်ဦးဖြစ်ရန်လည်းလိုအပ် 


သင်တန်းသားတွေထက်    မိမိမှာ    ပိုပြီး အရေးတကြီးတန်ဖိုးထားသည့်     အင်္ဂါရပ်တစ်ခု ကိုလည်း ရှေ့တန်းတင်၍ ဆွေးနွေးဖြစ်ခဲ့ပါသည်။ ‌ခေါင်းဆောင်ကောင်းတစ်ဦးသည် မိမိဝန်ထမ်းများ အပေါ် နည်းပြကောင်းတစ်ဦးလည်း ဖြစ်ရမည်ဟု ဆိုပါသည်။  ခေတ်ကာလအခြေအနေအရလည်း မရှိမဖြစ် အင်္ဂါရပ်တစ်ခုဖြစ်သည်ဟု ဆိုချင်သည်။ ယနေ့ခေတ် ဝန်ထမ်းအကြီးအသေး အတော်များများ ၏ စွမ်းဆောင်ရည်မြင့်တက်နေရန်သည် စဉ်ဆက် မပြတ်လေ့ကျင့်ပေးနေမှုနှင့် တိုက်ရိုက်အချိုးကျပါသည်။ 

 


ဤတွင် မိမိဌာန မိမိအဖွဲ့အစည်း၏ ရည်မှန်းချက် ပန်းတိုင်ကို  မျက်ခြည်မပြတ်သည့်  အရာရှိတစ်ဦး အနေဖြင့်ဆိုမူ မိမိ၏ဝန်ထမ်းများ၏ capacity နှင့် ၎င်းတို့၏ခံယူချက် မြင့်မားလာရန်နှင့် အစဉ်တိုးတက် နေရန်အတွက် မိမိကိုယ်တိုင်က နည်းပြ coach တစ်ဦးအဖြစ်လည်းကောင်း သို့မဟုတ် သင့်လျော် မှန်ကန်သည့် သင်တန်းများသို့  တက်ရောက်စေ၍ လေ့လာသင်ယူလိုစိတ်ရှိနေစေရန်    အားပေးရန် လည်းကောင်း တာဝန်ရှိသည်ဟု ခံယူထားရမည်သာ ဖြစ်သည်။   သို့သော်  ခေါင်းဆောင်တို့မည်သည် နည်းပြအဖြစ်သာမက တစ်ခါတစ်ရံ ကျောင်းသား အဖြစ်ပါ  ခံယူထားသင့်သည်ကိုလည်း    မမေ့စေလိုပါ။ 

 


ဖွံ့ဖြိုးမှုအမြင်နှင့်အတူ တန်းတူညီမျှဖြစ်ရန်လိုအပ် 


သာမန်နှင့်မတူသည့်     ခေါင်းဆောင်များမှာ ရှိသင့်သည့် ဖွံ့ဖြိုးတိုးတက်မှုနှင့်ယှဉ်၍ စဉ်းစား တွေးခေါ်ခြင်း development thinking အင်္ဂါရပ် ကတော့    စာရေးသူအနေဖြင့်   ရှိသင့်သည်ထင်၍ ထည့်သွင်းထားသည့်  အရည်အချင်းတစ်ခုပင်ဖြစ် သည်။ နဂိုရှိထားသည့် အခြေအနေမှာထက် ပိုပြီး တိုးတက်အောင်လုပ်ဖို့၊   နောက်ထပ်  နောက်ထပ် စွမ်းရည်ရှိသည့် လူသားအရင်းအမြစ်များ စဉ်ဆက် မပြတ် မွေးမြူနိုင်ရန်နှင့်  လတ်တလော အလုပ်ပြီး မြောက်ရေး ရေတိုအောင်မြင်မှုအပြင် ပိုပြီးကောင်း သည့် အနာဂတ်ရည်မှန်းချက်များ ချမှတ်နိုင်အောင် အထိ ထက်ထက်သန်သန်ဖြင့် အမြဲစဉ်းစားတွေးခေါ် နေတတ်တာမျိုးဖြစ်သည်၊၊ 

 


ဖွံ့ဖြိုးမှုအမြင်အားကောင်းသူမှာ  အားလုံး၏ အရည်အချင်းများကို အသိအမှတ်ပြု၍ သူ့နေရာနဲ့ သူအသုံးချ၊ တော်လွန်းသူနှင့် အားနည်းလွန်းသူများ အကြား   အရည်အချင်းများကို  တစ်ဦးနဲ့တစ်ဦး အလွန်အမင်း    မကွာဟအောင်   ဟန်ချက်ညီစွာ ထိန်းချုပ်စီမံထားနိုင်ရမည်ဖြစ်သည်။    ဤတွင် သင်တန်းသားအချို့လိုချင်သော ခေါင်းဆောင်ဆိုသူ သည် “လက်အောက်အဖွဲ့သား အားလုံးအပေါ်တွင် ညီညွတ်မျှတစွာဖြင့် တန်းတူညီမျှရှိရမည်ဟူသော equity သဘောရှိသောသူပင်ဖြစ်သည်”ဆိုသည်ကို ဆွေးနွေးနိုင်ခဲ့ကြပါသည်။ 

 


သာတူညီမျှဆိုသည့်        အင်္ဂါရပ်နှင့်အတူ ကိုယ့်အဖွဲ့တိုင်းကို တန်းတူညီမျှ ထားနိုင်ရမည်ဖြစ်ပါ သည်။  အချိုးမပြေတာတွေ့၍လည်း  မုန်း၍မဖြစ်၊ တစ်နေရာတည်း တစ်ဌာနတည်း ချစ်ခြင်း မုန်းခြင်း မထားရ၊ တော်ခြင်း မတော်ခြင်းဆိုပြီးလည်း မခွဲခြား သင့်၊ အားလုံးအပေါ်မှာ မျှမျှတတရှိရမည်ဖြစ်သည်။ လျစ်လျူရှုသင့်တာ လျစ်လျူရှု၍ ဥပေက္ခာပြုနိုင် ရမည်ဟု ဆိုလိုပါသည်။ ဤသို့မျှတမှုက ဝန်ထမ်း အားလုံးတွင်    အောင်မြင်မှုကို   ပို၍ရှေးရှုသည့် team work activities များစွာလုပ်နိုင်ရန်အထိ စုစည်းညီညွတ်မှုကို     တည်ဆောက်သွားနိုင်မည်ဟု ခံယူထားစေလိုပါသည်။  

 


ဆွေးနွေးမှုသဘောဆန်သည့်  ဤသင်တန်း တွင် ဝန်ထမ်းအားလုံးတွင် ရှိရမည့် ကိုယ်ကျင့်တရား ဆိုသည်ကိုလည်း ထည့်သွင်းဖြစ်ခဲ့သည်။ ကျယ်ပြန့် စွာ  ဆွေးနွေးသင့်သည့်   ကိုယ်ကျင့်တရားနှင့် ပတ်သက်လာလျှင် ခေါင်းဆောင်တစ်ဦးသည် မိမိ၏ ကိုယ်ကျင့်တရားကို အဖွဲ့အစည်း၏ချမှတ်ထားသော ကျင့်ဝတ်များနှင့် ထပ်တူထပ်မျှရှိနေရမှာဖြစ်သည် ဟု သဘောပိုက်ကြပါသည်။ ဒီအချက်ကိုလည်း မိမိရဲ့စွမ်းဆောင်ရည်မှာ အကဲဖြတ်ခံရမည့် ကိုယ်ကျင့် တရား စံနှုန်းတစ်ခုအဖြစ်  လက်ခံကြပါသည်။ 

 


ဆက်သွယ်ဆက်ဆံမှု
စွမ်းရည်တစ်မျိုး 


နောက်ဆုံး၊ နောက်ဆုံးမဟုတ်ပေမဲ့ အရေးကြီး လှသောအရည်အချင်းတစ်ခု၊ အထက်ပါ အရည် အချင်းအားလုံးရှိနေသော်လည်း သူမပါလျှင်မပြီး၊ သူပါမှသာ အောင်မြင်ဖို့ရန် ပိုသေချာသွားသည့် အင်္ဂါရပ်တစ်ခုကား ပြောဆိုဆက်ဆံရေး ခေါ် လူမှု ဆက်ဆံရေးစွမ်းရည် Communication or Social skill ပင်ဖြစ်သည်။  လုပ်ငန်းခွင်မှာ   အဆင်ပြေဖို့ ထိုစွမ်းရည်ကား   မပါလျှင်မပြီးပါ၊၊ တစ်ခါတစ်ရံ အုပ်ချုပ်မှုနှင့်     စီမံခန့်ခွဲမှုနယ်ပယ်မှာ    ကိုယ်က ဘယ်လောက်တော်နေတော်နေ ရလဒ်ကမကောင်း ၍ ပြန်စိစစ်ကြည့်လျှင် မိမိမှာကော communica-tion skill   ဘက်တွင်   ချို့ယွင်းနေပါသလား၊ ပြန်လည်စိစစ်သင့်လှပါသည်။ 

 


အရာထမ်းငယ်များအတွက် လုပ်ငန်းလည်ပတ် မှုမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်နိုင်မည့် နည်းပညာ ကျွမ်းကျင်မှုများက ပိုအရေးကြီးသလို အလယ် အလတ်အရာထမ်းများအတွက်မူ Communication skill ကို ပို၍အလေးပေးရမည်ဟု ဆိုထားသည့် အတွက် မိမိအဆင့်သည် ပြောဆိုဆက်ဆံစွမ်းရည် မြင့်မားရေးကို  ပိုအာရုံစိုက်ရမည့်အဆင့်ဟု ခံယူ ထား‌စေလိုပါသည်။ ၎င်းစွမ်းရည်မျိုး အားကောင်း လှသူသည်     လူရာဝင်လူဝင်ဆံ့ပြီး    အဖွဲ့ကို    ပို၍ ဦးဆောင်မှုပေးနိုင်သည်ကို        ‌ တွေ့ရသည်။ ကိုယ်ပြောသည့်စကား အထက်လူကြီးနားပေါက်၍ လက်ခံ‌လာအောင်ပြောနိုင်သည့်အပြင် လက်အောက် ငယ်သားကလည်း   နားဝင်ပြီး   အလုပ်လည်း ပြီး‌မြောက်ကာ   ပြီးပြည့်စုံသောရည်မှန်းချက်သို့  ချောချောမွေ့မွေ့ရောက်ရှိသွားခြင်းသည် ဆက်ဆံမှု စွမ်းရည်ကောင်းခြင်း၏ ရလဒ်ပင်ဖြစ်သည်။ 

 


သို့သော် ကိုယ်သာတတ်၍ ကိုယ်ချည်းခံငြင်း ကိုယ်ကပဲပြောနေ၍မဖြစ်၊    မိမိငယ်သားများ၏ အမြင်များကိုလည်း အလေးထားနားထောင်တတ်ဖို့ လိုသလို သူတို့၏လုပ်ဆောင်ချက်အပေါ် တုံ့ပြန်မှု feedback  ပေးရသည်ကိုလည်း  မမေ့အပ်ဖို့လိုပါ သည်။ ထို့ပြင် မိမိအဖွဲ့သားများတွင် နောက်ခံ ကြီးပြင်းခဲ့ရသည့်   မတူသည့်  ဘဝအတွေ့အကြုံ အမျိုးမျိုး ပညာ ဘာသာ လူမျိုး စသည်ဖြင့်လည်း ကိုယ်ရည်ကိုယ်သွေး     ကွာဟမှုအပေါ်မူတည်၍ ဆက်ဆံရေးကောင်း၏ မကောင်း၏ ရှိနိုင်သည်ကို ထည့်သွင်းတွက်ချက်ရမည်ဖြစ်သည်။ 

 


သို့ဖြင့်   အားလုံးကိုပြန်၍   နိဂုံးချုပ်ကြပါစို့၊၊ သင်တန်းတစ်ခု၊   survey  တစ်ခုမှ  ရလဒ်များကို အခွင့်အလမ်း opportunity အဖြစ်မှတ်ယူ၍ မိမိ အရာထမ်း   အနာဂတ်ခေါင်းဆောင်များအတွက် အားအင် strength များ ပြည့်ဝလာရန် ခေါင်းဆောင် မှု  အရည်အချင်းအချို့ကို  တတ်နိုင်သည့်ဘက်မှ မျှဝေလိုက်ခြင်းပင်ဖြစ်ပါသည်။  အားနည်းချက် weakness များကို အစဉ်သတိထားပြုပြင်နေမှသာ စိန်ခေါ်မှု challenges များကို ရင်ဆိုင်ဖြေရှင်းနိုင်မည် ဟုလည်း ခံယူထားသင့်ပါသည်။ 

 


မည်သူပင်ဖြစ်စေ အထူးသဖြင့် ခေါင်းဆောင် ဖြစ်လာလျှင် မိမိကိုယ်မိမိ power ပါဝါ အစွမ်းသတ္တိ တော့   ရှိချင်ကြမှာ  သေချာပါသည်။ ထို့ကြောင့် အထက်ပါတင်ပြခဲ့သော   အရည်အချင်းများကို အသုံးချ၍ အောင်မြင်အောင်လုပ်နိုင်လျှင် မှန်ကန် မြဲမြံသော  ပါဝါလည်း  ရရှိလာမှာမလွဲပါ‌ကြောင်း ပြောလိုပါသည်။ မိမိပါဝါကို မိမိအရည်အသွေးများ ဖြင့်သာ တည်ဆောက်ယူရပါမည်။ ရာထူးဌာနန္တရ ကြောင့်   ရရှိထားသော  ပါဝါအပြင်  အထက်ပါ ကိုယ်ပိုင်အရည်အသွေးများကိုပါ   ပေါင်းစပ်လိုက် လျှင်    ပို၍ပါဝါကြီးသွားပြီး    လုပ်ငန်းအများစု အောင်မြင်ရန်ကို သေချာစေပါသည်။ 

 


မိမိရထားသည့်ရာထူးထက် မိမိ၏ personnel power က  ပို၍တာရှည်မြဲမြံပြီး  လူ့အဖွဲ့အစည်း အကျိုးကို ရေရှည်ပုံဖော်ပေးနိုင်ပါသည်။ အမှန်တော့ လူတိုင်းသည်   ခေါင်းဆောင်ချည်းပင်ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ဦးဆောင်နေကြသူများဖြစ်သည်ကို မမေ့အပ်ဖို့လိုပါသည်။   မိမိကိုယ်မိမိ  မဦးဆောင် နိုင်သူ၊ မထိန်းချုပ်နိုင်သူသည် သူများနောက်က လိုက်နေရမည်သာဖြစ်ပြီး     ကိုယ့်ကိုယ်ကိုယ် မရပ်တည်နိုင်သူသည် လူညံ့တစ်ဦးသာ ဖြစ်ပေမည်။ ကိုယ့်ကိုယ်ကိုယ်မှ မဦးဆောင်နိုင်သမျှတော့ အများ ကို ခေါင်းဆောင်မည့် ခေါင်းဆောင်ကောင်းလည်း မဖြစ်တန်ရာ။ 

 


သို့ဖြစ်၍ ခေါင်းဆောင်ကောင်းတို့မှာ ရှိအပ် သည့် ထိရောက်သည့် ခေါင်းဆောင်မှု အရည်အချင်း များနှင့်အတူ မိမိအတွက်၊ မိမိပတ်ဝန်းကျင်အတွက် နှင့်  မိမိလူ့အဖွဲ့အစည်းအတွက်ကော၊  မိမိနိုင်ငံ အတွက်ပါ အောင်မြင်အောင် လုပ်ဆောင်ပေးကြမည့် ယုံကြည်စိတ်ချရသော     အနာဂတ်ခေါင်းဆောင် ကောင်းများ ဖြစ်ကြပါစေဟူ၍သာ ... မျှော်လင့်မိပါ သည်။    ။