
ဒေါက်တာမင်းသန့် (ဒဿန)
စမ်းရေဘယ်လောက်အေးအေး. . . စန္ဒကူးဘယ်လောက်မွှေးမွေး . . . လောကမှာ အအေးဆုံး၊ အမွှေးဆုံးဟာ ကိုယ်ကျင့်သီလတရားပါပဲလို့ မြန်မာ့ဆိုရိုးစကားရှိသည်။ မှန်၏၊ စမ်းရေ၏ အေးခြင်း၊ ပန်းရနံ့၏ မွှေးခြင်းက စမ်းရေစီးဆင်းရာတစ်လျှောက်သာ အေးနိုင်ပေလိမ့်မည်၊ ပန်းရနံ့က လေအောက်သယ်ယူနိုင်သလောက်သာ မွှေးနေပေလိမ့်မည်။ ကိုယ်ကျင့်သီလ၏ အေးမြမှု၊ မွှေးပျံ့မှုကား အတိုင်းအတာ၊ လေအောက် လေညာ ကန့်သတ်ချက်မရှိ၊ လူ့ဘုံ နတ်ဘုံ၊ ဗြဟ္မာဘုံတစ်ခွင်လုံးပျံ့နှံ့နေမည်ဖြစ်၍ ကိုယ်ကျင့်သီလသည်သာ အအေးဆုံး၊ အမွှေးဆုံးဟု ဆိုရခြင်းဖြစ်ပေမည်။
မြန်မာလူမျိုးတို့သည် ကိုယ်ကျင့်သီလကို တန်ဖိုးထား ဆောက်တည်ကြသော ကမ္ဘာပေါ်တွင် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသည့် လူမျိုး ဖြစ်သည်။ သိတတ်သည့်အရွယ်မှစ၍ ဘဝ၏ နောက်ဆုံးအချိန်အထိ အဆုံးအမနှင့် နေထိုင်ခဲ့ ကြသည်။ ငယ်ရွယ်စဉ်က မိဘ၊ ဆရာ အဘိုးအဘွား၊ ဦးကြီးအဒေါ်၊ အစ်ကိုအစ်မတို့၏ အဆုံးအမ။ သိတတ်သည့်အရွယ်တွင် ဗုဒ္ဓဘုရားရှင်၏ သာသနာ တော်အဆုံးအမ စသည်တို့ ခံယူခဲ့ကြ၍ ကိုယ် အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့ကြပြီး ကိုယ်ကျင့်သီလ ခါးဝတ်ပုဆိုးကဲ့သို့ အလေးထား ကာ ထိန်းသိမ်းဆောက်တည်ခဲ့ကြပါသည်။
ကိုယ်ကျင့်တရားဆိုသည်မှာ
ထိုကိုယ့်ကျင့်တရားသည် သက်ရှိလူသားများ အတွက် မရှိမဖြစ် အရေးကြီးပါသည်။ ကိုယ်ကျင့် တရားတွင် ဘာသာခွဲခြားမှုမရှိ၊ အယူအဆကွဲပြား မှုမရှိ၊ အားလုံးတစ်ပြေးညီဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် ကိုယ်ကျင့်တရားဆိုသည်မှာ လူသားအားလုံး၏ ပြုမူဆောင်ရွက်ချက်မှန်သမျှ ကို ထိန်းကျောင်းပေးနေသောကြောင့်ပင်ဖြစ်၏။ လောကလူသားများ ကိုယ်ကျင့်တရားကောင်းသည် နှင့်အမျှ လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ကာ လူတို့၏ ကိုယ်ရည်ကိုယ်သွေး မြင့်မားတိုးတက် နေမည်ဖြစ်သည်။ ကိုယ်ကျင့်တရား ဖောက်ပြန် ပျက်စီးနေလျှင်မူကား ထိုလူသား၏ ပစ္စုပ္ပန်၊ တမလွန်ဘဝ၊ ၎င်း၏မိသားစု၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေအပေါင်းအသင်း၊ သူငယ်ချင်း စသော လူ့ဘောင်အဖွဲ့အစည်း ထိခိုက်ပျက်စီးကြရမည် ဖြစ်သည်။
ထို့ကြောင့် လူသားများအတွက် ကိုယ်ကျင့် တရား ကောင်းမွန်ရေးသည် အထူးအရေးကြီးလှပေ သည်။ အထူးသဖြင့် ကိုယ်ကျင့်သီလကို အလေး ပေး လိုက်နာဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံ သည် မိမိတို့၏ မျိုးဆက်သစ်များ ကိုယ်ကျင့်တရား ကောင်းမွန်သော လူ့ဘောင်လောက တည်ဆောက် နိုင်ရေးအတွက် မူလတန်းအဆင့်၊ အလယ်တန်း အဆင့်၊ အထက်တန်းအဆင့်၊ အဆင့်မြင့်ပညာရပ် နယ်ပယ်များတွင်လည်း ကိုယ်ကျင့်တရားပညာရပ် များကို လေ့ကျင့်ပြုစုဆောင်ရွက်ပေးလျက် ရှိပါ သည်။
ကိုယ်ကျင့်တရားပညာရပ်များကို
အလေးထားသင်ကြား
ထို့အတူ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေး နှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) တို့နှင့် နယ်စပ် ဒေသအသီးသီးရှိ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုး ရေးသင်တန်းကျောင်းများတွင်လည်း ကိုယ်ကျင့် တရား ပညာရပ်များကို အလေးထားသင်ကြား လေ့ကျင့်ပေးလျက်ရှိပါသည်။
ထိုတက္ကသိုလ်၊ ဒီဂရီကောလိပ်များသည် အခြား တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့်မတူပါ။ မြန်မာ နိုင်ငံအတွင်းရှိ ဝိဇ္ဇာ၊ သိပ္ပံ၊ အင်ဂျင်နီယာ မည်သည့် တက္ကသိုလ်မဆို သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီလျှင် တိုင်းရင်းသားအားလုံး တက်ရောက် ပညာသင်ကြားနိုင်ပါသည်။ နယ်စပ်ရေးရာဝန်ကြီး ဌာနမှ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းများမှာမူ တိုင်းရင်းသားလူငယ်လေးများ အတွက် နိုင်ငံတော်က အစစအရာရာ အကုန်အကျခံ၍ အခမဲ့သင်ကြားလေ့ကျင့်ပေးနေသော ကျောင်းများ ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ အသီးသီးမှ တိုင်းရင်းသားမျိုးဆက်သစ် လူငယ်များ အားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေကြရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးနေသော ကျောင်းများ ဖြစ်ကြပါသည်။
ထိုတက္ကသိုလ်၊ ဒီဂရီကောလိပ်သို့ နယ်စပ်ဒေသ အသီးသီးမှ တိုင်းရင်းသား ကျောင်းသား ကျောင်းသူ များ တက်ရောက်ခွင့်ရှိကြသည် ဆိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ခေတ်နောက်ကျ ကျန်ရစ်ခဲ့သော နယ်စပ်ဒေသများ၊ တိုင်းရင်းသား များ ပြည်နယ်ပြည်မ၊ နယ်စပ်ဒေသမကျန် တစ်ပြေး ညီ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မိဘမဲ့၊ မိမဲ့၊ ဖမဲ့၊ ဆင်းရဲနွမ်းပါးကြသော တိုင်းရင်းသားလူငယ် ကလေးများအား အခမဲ့နေထိုင်၊ စားသောက်၊ ဝတ်ဆင်၊ သင်ကြား လေ့ကျင့်ပေးလျက်ရှိပါသည်။
ပထမနှစ်မှ ဘွဲ့ရသည်အထိ
ထိုတိုင်းရင်းသား လူငယ်ကလေးများသည် ပညာရေးဝန်ကြီးဌာနမှ တက္ကသိုလ်၊ ဒီဂရီကောလိပ် များကဲ့သို့ ဝိဇ္ဇာပညာရပ်များ၊ သိပ္ပံပညာရပ်များ၊ အင်ဂျင်နီယာဘာသာရပ်များ တစ်ပြေးညီသင်ကြား ကြရပါသည်။ ထို့ပြင် နယ်စပ်ဒေသအသီးသီးမှ လာရောက်ပေါင်းစည်းကြရသော ညီနောင်တိုင်းရင်း သားများနှင့်အတူ ပြည်ထောင်စုစိတ်ဓာတ်ဘာသာ ရပ်၊ ကိုယ်ကျင့်သီလယဉ်ကျေးမှုဘာသာရပ်များကို အထူးကိစ္စတစ်ရပ်အနေဖြင့် ပထမနှစ်မှ နောက်ဆုံး နှစ် ဘွဲ့ရသည်အထိ သင်ကြားကြရသည်။ လေ့ကျင့် ကြရသည်။ ဖြေဆိုကြရပါသည်။
ဤသည်မှာလည်း နိုင်ငံတော်အကြီးအကဲများ နှင့် တာဝန်ရှိသူအဆင့်ဆင့်တို့၏ ရည်မှန်းချက် ကြီးမားမှုနှင့် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ကြ မည့် ခေါင်းဆောင်ကောင်းများ၊ ဝန်ထမ်းကောင်းများ ဖြစ်စေရေး စေတနာမှန်သည့် ဆောင်ရွက်ချက်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် နယ်စပ် ရေးရာဝန်ကြီးဌာနအောက်ရှိ တိုင်းရင်းသား တက္ကသိုလ်၊ ဒီဂရီကောလိပ်မှ တိုင်းရင်းသား ကျောင်းသား ကျောင်းသူများသည် ပညာရပ်များ တတ်မြောက်အောင်မြင်ပြီးပါက ၎င်းတို့ဒေသ အသီးသီးသို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင် ရန်အတွက် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ အဖြစ် ခန့်အပ်တာဝန်ပေး ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
ယနေ့နိုင်ငံတော်ကို တည်ဆောက်ရာတွင် အကျင့်စာရိတ္တကောင်းမွန်သည့် နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံတော်အပေါ်သစ္စာရှိပြီး တာဝန်သိတတ်သော၊ ကိုယ်ကျင့်တရားကောင်းမွန်သော၊ တော်တည့် မှန်ကန်သော ဝန်ထမ်းကောင်းများဖြင့် တည်ဆောက် ရမည် ဖြစ်ပါသည်။ နိုင်ငံတော်အပေါ်သစ္စာရှိပြီး ကိုယ်ကျင့်တရားကောင်းမွန်သော ဝန်ထမ်းကောင်း များဖြင့် အနာဂတ်နိုင်ငံတော်ကို ပုံဖော်ကြရန် အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၊ တိုင်းရင်းသားဒီဂရီကောလိပ် (ရန်ကုန်)၊ တိုင်းရင်းသားဒီဂရီကောလိပ်(စစ်ကိုင်း)တို့မှ တစ်တပ်တစ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို အားရဝမ်းမြောက်ဖွယ် တွေ့မြင်ရမည် ဖြစ်ပါသည်။
ဘဝနေနည်း ပညာရပ်
ပြည်ထောင်စုဖွား တိုင်းရင်းသားမျိုးဆက်သစ် လူငယ်ကလေးများ သက်ဆိုင်ရာ ဝိဇ္ဇာ၊ သိပ္ပံ၊ အင်ဂျင် နီယာ၊ ပြည်ထောင်စုစိတ်ဓာတ် ဘာသာရပ်များအပြင် သီးခြား လေ့ကျင့်သင်ကြားကြရသော ကိုယ်ကျင့် တရားဘာသာရပ်မှာ တိုင်းပြည်နှင့် လူမျိုးအတွက် အားထားကြရမည့် ခေါင်းဆောင်ကောင်း၊ ဝန်ထမ်း ကောင်းများဖြစ်စေရေး ရည်မှန်းဆောင်ရွက်နေ သည်မှာ မှန်သော်လည်း တစ်ဦးချင်းစီအတွက် လူပီသသော၊ လူဖြစ်ရကျိုးနပ်သော၊ မိမိအကျိုး၊ အများအကျိုးသယ်ပိုးနိုင်သော လူကောင်း၊ လူတော် ဖြစ်စေသော ဘဝနေနည်း ပညာရပ်လည်းဖြစ်သည်။ ဤသို့တိုင်းရင်းသားလူငယ်လေးများ ကိုယ်ကျင့် တရားပညာရပ်များကို စနစ်တကျလေ့လာသင်ယူကြရခြင်းအားဖြင့် . . .
(က) မကောင်းမှုဒုစရိုက်များ မပြုကျင့်မိစေရန် သတိပြု၍ ရှောင်ကြဉ်တတ်လာမည်။
( ခ ) ပြုကျင့်ရမည့် ကုသိုလ်ကောင်းမှုများကို တတ်သိနားလည်စွာဖြင့် ဖြည့်ကျင့် ဆောင်ရွက်တတ်လာမည်။
( ဂ ) အရာရာကို သည်းခံစိတ်မွေးမြူခြင်းဖြင့် ကိုယ်ချင်းစာတရား ပိုမိုထားရှိတတ်လာ မည်။
(ဃ) အများအကျိုးကို မှန်ကန်သောနည်းဖြင့် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် မိမိအကျိုး ကိုပါ ဖြည့်ဆည်းရာရောက်ကြောင်း အတ္တ၊ ပရမျှတစွာ ကျင့်သုံးဆောင်ရွက် တတ်လာမည်။
(င) နိုင်ငံနှင့် လူမျိုးအကျိုးအတွက် သစ္စာနှင့် သတ္တိကို အရင်းတည်လျက် အကျင့် စာရိတ္တ ပိုမိုကောင်းမွန်လာအောင် အလေးထားခြင်း၊ မကောင်းသော အလေ့အထများ၊ မှားယွင်းချွတ်ချော်မှု များ နည်းပါးလာအောင် ဆောင်ရွက် ချက်များ ပိုမိုယုံကြည်ခိုင်မာလာမည်... စသည့် အကျိုးကျေးဇူးများရရှိစေလာ မည် ဖြစ်ပေသည်။
အချုပ်အားဖြင့်ဆိုရသော် အမိနိုင်ငံတော်ကြီးကို အနာဂတ်ကာလတွင် ဦးဆောင်ကြမည့် တိုင်းရင်း သားလူငယ်ခေါင်းဆောင်လောင်း၊ ဝန်ထမ်းလောင်း များသည် ကိုယ်ကျင့်တရားပညာရပ်များ လေ့လာ ဆည်းပူးလေ့ကျင့် ဆောင်ရွက်ကြခြင်းဖြင့် အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်သော ဉာဏ်ပညာများနှင့် ပြည့်စုံလာကြကာ သစ္စာတရားနှင့် အသိပညာကို အခြေခံသော ကိုယ်ကျင့်သီလ၊ မှန်ကန်သော အသိ အမြင်များ ပိုမိုတိုးတက်ရင့်သန်လာကာ လူ့ကျင့်ဝတ် တန်ဖိုးများ အလေးထားပြီး ဆောင်ရွက်သွားနိုင် သော လူကောင်း၊ လူတော်များဖြစ်လာမည် ဖြစ်ပါ ကြောင်း ရေးသားတင်ပြလိုက်ရပေသည်။ ။
- Log in to post comments