
ပြည်သာကျော်
တီမောပြည်သူတွေအတွက် အရှက်ရစရာ
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့က တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာ ဟာ မြန်မာ့ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း စွက်ဖက်ပြောကြားထားတဲ့ ဗီဒီယိုဖိုင်ကို တွေ့ရပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အကြီးအကဲလုပ်သူတစ်ယောက်က သံတမန် ကျင့်ဝတ်နဲ့မညီ၊ နိုင်ငံတကာ အခြေခံမူတွေကို ချိုးဖောက်ပြီး အခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို စွက်ဖက်တာဟာ တီမောပြည်သူတွေအတွက် အလွန်အရှက်ရစရာပါ။
နိုင်ငံအကြီးအကဲတစ်ယောက် ဖြစ်ပါလျက် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူတွေကို ဖောက်ဖျက်ပြီး အခြားနိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်း ရေးကို တိုက်ရိုက်ဝင်ရောက်စွက်ဖက်ခဲ့ပါတယ်။ တီမောနိုင်ငံရေးလှုပ်ရှားသူတစ်ဦးဖြစ်ခဲ့တဲ့ ဟိုဆေး ရာမို့စ်ဟော်တာအနေနဲ့ မြန်မာ့ပြည်တွင်းရေးကို ကျင့်ဝတ်သိက္ခာမဲ့စွာ ပြောင်ပြောင်တင်းတင်း စွက်ဖက်လာတဲ့လုပ်ရပ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး ကို ထိခိုက်စေပါတယ်။ သူ့ရဲ့ပြောဆိုမှုဟာ ပုဂ္ဂိုလ် ရေးဆန်ပြီး အဲဒီလိုပြောဆိုတာကြောင့် တီမောနိုင်ငံ ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေပါတယ်။
ဟိုဆေးရာမို့စ်ဟော်တာပြောတဲ့ စကားတွေကို နားထောင်ကြည့်ရင် အပြုသဘောမဆောင်ဘဲ မြန်မာ့ပြည်တွင်းရေးကို ပိုမိုဆိုးရွားအောင် သွေးထိုး ပေးနေတာကို တွေ့ရပါတယ်။ ငြိမ်းချမ်းရေးကို လိုလားသူ၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ပူးတွဲ ရရှိထားသူတစ်ယောက်ရဲ့ ပြောစကားတွေဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်း ရေးကိုစွက်ဖက်ရုံတင်မကဘဲ ပဋိပက္ခတွေ ပိုမို ဆိုးရွားအောင် ပြောနေတာဟာ သမ္မတအဆင့်နဲ့ စာရင် နိမ့်ကျလွန်းပါတယ်။ သူ့အနေနဲ့ နိုင်ငံ တစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ပိုင်ခွင့်၊ တန်းတူညီမျှမှု၊ ဝင်ရောက်မစွက်ဖက်မှုဆိုတဲ့ နိုင်ငံတကာ စံနှုန်းတွေနဲ့ မယဉ်ပါးသလိုပါပဲ။ သံတမန်တို့ တတ်အပ်တဲ့ အဋ္ဌာရသ ကျွမ်းကျင်မှုတွေ ကိုလည်း မတွေ့ရပါဘူး။ သူဟာ တီမောနိုင်ငံသမ္မတ ဆိုတာကိုမေ့နေပြီး အချုပ်အခြာအာဏာပိုင်တဲ့ အခြားနိုင်ငံက ပြည်သူတွေအပေါ် စွက်ဖက်ဖို့ ကြိုးစားနေတာနဲ့အခြားနိုင်ငံရဲ့ တပ်မတော် တစ်ရပ် ကို သွေးခွဲပေးနေတာဟာ လွန်စွာအံ့ဩစရာပါပဲ။ တီမောနိုင်ငံရဲ့ သမ္မတဟာ စစ်ဦးစီးချုပ်လည်း ဖြစ်တာမို့ ရာမို့စ်ဟော်တာအနေနဲ့ သူ့နိုင်ငံရဲ့ တပ်မတော်အပေါ် ဘယ်လို သဘောထားမလဲဆိုတာ စိတ်ဝင်စားစရာပါ။
ဒေသတွင်းတည်ငြိမ်မှုကို ထိခိုက်စေ
ဟိုဆေးရာမို့စ်ဟော်တာဟာ ၂၀၂၂ ခုနှစ် မေလ ကမှ သမ္မတအဖြစ် ဒုတိယအကြိမ် ရွေးကောက် ခံထားရတာပါ။ သူဟာ ၂၀၀၇-၂၀၁၂ က သမ္မတ အဖြစ် ပထမအကြိမ်ရွေးချယ်ခံခဲ့ရပြီး ၂၀၀၈ ခုနှစ် မှာ လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့ရပါသေးတယ်။ သူဟာ ၂၀၀၉ ခုနှစ်ကလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဝေဖန်ပြောကြားခဲ့ဖူးပါတယ်။ အဲဒီ အချိန်ကလည်း မြန်မာအစိုးရကို ဆန့်ကျင် တော်လှန်နေတဲ့သူတွေကို တီမောမှာ တရားဝင် ရုံးခန်းဖွင့်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဒါ့အပြင် ယူကရိန်း ကို ခေတ်မီစစ်လက်နက်ပစ္စည်းတွေ၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ဖောဖောသီသီ ကူညီ ပေးနေပေမယ့် မြန်မာပြည်သူတွေနဲ့ပတ်သက်လို့ နိုင်ငံတကာက တိတ်ဆိတ်နေခြင်းကို ရာမို့စ်ဟော်တာ က ပြီးခဲ့တဲ့ စက်တင်ဘာလက ကုလသမဂ္ဂမှာ မိန့်ခွန်းပြောကြားစဉ် ဝေဖန်ခဲ့ပါတယ်။
သူ့ရဲ့ ဒုတိယအကြိမ် သမ္မတအဖြစ် ကျမ်းကျိန် ပွဲကိုလည်း မြန်မာနိုင်ငံက အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားသူတွေကို ဖိတ်ကြားခဲ့လို့ မြန်မာနိုင်ငံ က တီမောသံရုံးရဲ့ သံရုံးတာဝန်ခံကို ဆင့်ခေါ်ပြီး သတိပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း တီမောနိုင်ငံ ဟာ မြန်မာ့ပြည်တွင်းရေးကို စွက်ဖက်ရုံတင်မကဘဲ အဆင်ခြင်မဲ့ အားပေးအားမြှောက် ပြုလာတဲ့ အတွက် တီမောသံရုံးတာဝန်ခံကို စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး မြန်မာပြည်တွင်းက ထွက်ခွာဖို့ အကြောင်းကြားခဲ့ပါတယ်။ မြန်မာနိုင်ငံ နဲ့ တီမောနိုင်ငံတို့ဟာ သူသမ္မတမဖြစ်ခင် ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ကတည်းက သံတမန်ဆက်ဆံရေး ထူထောင်ခဲ့တာပါ။ သူ့ရဲ့ ဆင်ခြင်ဉာဏ်ကင်းမဲ့မှုနဲ့ နိုင်ငံတကာအခြေခံမူတွေ ကို မလိုက်နာမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက် စေရုံသာမကဘဲ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကိုပါ ထိခိုက်စေပါတယ်။
တီမောနိုင်ငံဆိုတာ
တီမောနိုင်ငံဆိုတာ အရှေ့တောင်အာရှ နိုင်ငံ ငယ်လေးတစ်နိုင်ငံသာ ဖြစ်ပါတယ်။ အင်ဒိုနီးရှား ကျွန်းစုရဲ့အရှေ့ဖျားမှာတည်ရှိပြီး ဩစတြေးလျနိုင်ငံ ရဲ့ အနောက်မြောက်ဘက်ကီလိုမီတာ ၆၄၀ အကွာ မှာ ရှိပါတယ်။ နိုင်ငံဧရိယာအနေနဲ့ စတုရန်း ကီလိုမီတာ ၁၅၄၁၀ သာ ရှိပါတယ်။ ပေါ်တူဂီတို့ စတင်ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ ၁၇၆၉ ခုနှစ်မှ စတင် တည်ထောင်ခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။ လူဦးရေက ၁ ဒသမ ၃ သန်းလောက်ပဲ ရှိပါတယ်။ နိုင်ငံရဲ့ လွတ်လပ်ရေးကို ၂၀၀၂ ခုနှစ် မေလ ၂၀ ရက်နေ့ကမှ ရခဲ့တဲ့ နိုင်ငံပါ။ ပြောရရင် ၂၁ ရာစုမှ လွတ်လပ်ရေး ရတဲ့ နိုင်ငံပါ။ ၁၆ ရာစု ကတည်းက ပေါ်တူဂီတို့ရဲ့ ကိုလိုနီဖြစ်ခဲ့ပြီး ၁၉၇၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက် နေ့မှာ လွတ်လပ်ရေး ကြေညာခဲ့ပေမယ့် အဲဒီနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ အင်ဒိုနီးရှားတို့က တိုက် ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အရှေ့တီမောနိုင်ငံဟာ ပေါ်တူဂီလက်အောက် မှာ နှစ်ပေါင်း ၄၀၀ ကျော်၊ ဂျပန်နဲ့အင်ဒိုနီးရှားတို့ လက်အောက်မှာ ၂၅ နှစ်ခန့် ကျရောက်ခဲ့ပါတယ်။ တီမောနိုင်ငံ လွတ်လပ်ရေးအတွက် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက ညှိနှိုင်းပေး တဲ့အတွက် ၁၉၉၈ ခုနှစ်မှာ အင်ဒိုနီးရှားတပ်တွေ ရုပ်သိမ်းပေးခဲ့ပါတယ်။ အဲဒီ ကာလမှာ လွတ်လပ်ရေး လိုလားသူတွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် လိုလားသူ တွေအကြားမှာ ပဋိပက္ခတွေ ဖြစ်ခဲ့ကြပါသေးတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ကုလသမဂ္ဂရဲ့ ၁၉၁ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ တီမောနိုင်ငံဟာ ပေါ်တူဂီတို့ လက်အောက်က လွတ်မြောက်ခဲ့ပေမယ့် အခုချိန်အထိ ပေါ်တူဂီ စကားပြော နိုင်ငံတွေထဲက အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ အဖြစ် ရှိနေဆဲပါ။
ကမ္ဘာ့ဝင်ငွေအနည်းဆုံးနိုင်ငံ
ရာမို့စ်ဟော်တာဟာ သမ္မတကျမ်းကျိန်ပွဲမှာ တုန်းက ဆင်းရဲမွဲတေမှုလျှော့ချဖို့၊ မိခင်နဲ့ ကလေး ကျန်းမာရေးဝန်ဆောင်မှုတွေ မြှင့်တင်ဖို့နဲ့ နိုင်ငံရေး တည်ငြိမ်မှု ပြန်လည်ရရှိဖို့ ဆွေးနွေးပွဲတွေ ကျင်းပ ရေးတို့ကို ကတိပြုခဲ့ပါတယ်။ လက်ရှိ တီမောနိုင်ငံ ဟာ ကမ္ဘာ့ဘဏ်ရဲ့သတ်မှတ်ချက်အရ စီးပွားရေး ဟာ နိမ့်ကျနေပါတယ်။ နိုင်ငံ့လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းဟာ အလုပ်လက်မဲ့ ဖြစ်နေပါတယ်။ တိုင်းပြည်လူဦးရေရဲ့ တစ်ဝက်လောက်က စာတတ် မြောက်မှု မရှိပါဘူး။ နိုင်ငံသားများဟာ ဆင်းရဲမွဲ တေမှုနဲ့ ရင်ဆိုင်နေရတယ်။ လူဦးရေရဲ့ ၅၂ ဒသမ ၉ ရာခိုင်နှုန်းက တစ်ရက်ကို ၁ ဒသမ ၂၅ ဒေါ်လာ အောက်မှာ နေထိုင်နေရပါတယ်။ မြို့ပြနေထိုင်မှုရဲ့ ၂၇ ရာခိုင်နှုန်းက ကမ္ဘာပေါ်မှာ အနိမ့်ဆုံး နိုင်ငံတစ်ခု ဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေ ထက် ဆင်းရဲပြီး လုပ်အားခအလွန်နည်းတဲ့ အလုပ် တွေမှာသာ အလုပ်လုပ်ရပါတယ်။ ကလေးငယ်တွေ ဟာ ကြီးထွားမှုနှေးကွေးနေပြီး အာဟာရချို့တဲ့ နေပါတယ်။ ကမ္ဘာ့ဝင်ငွေအနည်းဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။ အဲဒါတွေက သူ့အလုပ်တွေပါ။
ဒါ့အပြင် နိုင်ငံတည်ငြိမ်အေးချမ်းမှုနဲ့ ပတ်သက် လို့ စိန်ခေါ်မှုတွေရှိနေဆဲပါ။ တီမောမှာ လွတ်လပ်ရေး ကြိုးပမ်းရာမှာပါတဲ့ အဓိကပုဂ္ဂိုလ်တွေအကြား အငြင်းပွားမှုတွေက နိုင်ငံရေးကိစ္စတွေကို လွှမ်းမိုး ထားကြောင်း၊ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှု နဲ့ တရားမျှတမှု လုပ်ငန်းစဉ်တွေမှာလည်း ကြီးမား တဲ့ စွမ်းရည်ချို့ယွင်းမှုနဲ့ နိုင်ငံရေးသြဇာ လွှမ်းမိုးမှု တွေရှိနေကြောင်း Freedom House က သုံးသပ် ထားပါတယ်။ ဒါတွေဟာ ရာမို့စ်ဟော်တာရဲ့နိုင်ငံမှာ ဖြစ်နေတာတွေပါ။ အဲဒီလို ကိုယ့်နိုင်ငံ၊ ကိုယ့် ပြည်သူ တွေအတွက်တောင်ပြည့်ပြည့်ဝဝ မစောင့်ရှောက်နိုင် ပါဘဲ သူတစ်ပါးရဲ့ နိုင်ငံရဲ့ပြည်တွင်းရေးကို စွက်ဖက် နေတာက တာဝန်မဲ့၊ သိက္ခာမဲ့တဲ့လုပ်ရပ်ပဲ ဖြစ်ပါတယ်။
အာဆီယံအဖွဲ့ဝင်ဖြစ်ဖို့အိပ်မက်
ယခင်က မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းနေတာ နဲ့ ပတ်သက်လို့ ရာမို့စ်ဟော်တာက အာဆီယံကို ဝေဖန်ပြစ်တင်ခဲ့ဖူးပါတယ်။ အာဆီယံအနေနဲ့ မြန်မာ့အရေးကို မဖြေရှင်းနိုင်သေးဘူးဆိုရင် အာဆီယံအဖွဲ့ဝင်အဖြစ် ပါဝင်မှာ မဟုတ်ဘူးလို့ တီမောဝန်ကြီးချုပ်က ပြီးခဲ့တဲ့ဩဂုတ်လအတွင်းက ပြောခဲ့ပါတယ်။ ဝန်ကြီးချုပ်က အဲဒီလိုပြောပေမယ့် တီမောနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ကုန်သွယ်မှုတိုးမြှင့်ဖို့နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ဆယ်စုနှစ်များစွာကြိုးစားမှု အောင်မြင်ဖို့ မျှော်လင့် ကြောင်း ရာမို့စ်ဟော်တာက အင်ဒိုနီးရှားနိုင်ငံခရီးစဉ်အတွင်း ဂျကာတာမှာ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အရှေ့တောင်အာရှရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ တီမောဟာ လည်ပတ်နေတဲ့ စီးပွားရေးနဲ့ ဒီမိုကရေစီ အတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းထားပြီး ဖြစ်လို့ အာဆီယံအတွက် အကျိုးဖြစ်ထွန်းစေတဲ့ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာမှာဖြစ်ကြောင်း၊ ၂၀၂၃ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားက တာဝန်ယူ တဲ့အချိန်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာဖို့ မျှော်လင့်ကြောင်းလည်း ပြောခဲ့ပါတယ်။
ဒါ့အပြင် တီမောနိုင်ငံအနေနဲ့ အာဆီယံရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်လာရန် မျှော်မှန်း လုပ်ဆောင်နေကြောင်း ရာမို့စ်ဟော်တာက သူ့ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းမှာလည်း ပြောကြားခဲ့ပါသေးတယ်။ ဒီပြောကြားတာတွေကို ကြည့်ရင် ရှေ့နောက်စကားမညီတာကို တွေ့ရပါ တယ်။ တကယ်တမ်းကတော့ တီမောနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ချင်လို့ ၂၀၁၁ ခုနှစ် ကတည်းက လျှောက်ထားခဲ့တာပါ။ တီမောနိုင်ငံ အနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ဆိုရင် အဖွဲ့ဝင် နိုင်ငံတွေ အားလုံးရဲ့ သဘောတူညီမှု လိုပါတယ်။ လက်ရှိအခြေအနေမှာ အာဆီယံအဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားခဲ့ပေမယ့် အာဆီယံတင်းပြည့် အဖွဲ့ဝင် နိုင်ငံ မဖြစ်သေးပါဘူး။ အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ၂၀၂၂ ခုနှစ်ကမှ မူအားဖြင့်ပဲ သဘောတူညီမှု ရထားတာပါ။ အဖွဲ့ဝင်ဖြစ်ဖို့ နိုင်ငံအားလုံးက မထောက်ခံသေးပါ ဘူး။ ဒါပေမယ့်လည်း ရာမို့စ်ဟော်တာဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ မဖြစ်သေးခင်ကတည်းက အာဆီယံပဋိညာဉ်စာတမ်းကို ဖောက်ဖျက်နေပါပြီ။ ရာမို့စ်ဟော်တာရဲ့ သဘောထားဟာ အာဆီယံရဲ့ မူဘောင်တွေနဲ့ ဆန့်ကျင်နေတဲ့အတွက် နောင် တစ်ချိန်မှာ အာဆီယံရဲ့အခြေခံမူတွေနဲ့ အာဆီယံရဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်လာနိုင်စရာ ရှိပါတယ်။
ဒေသတွင်း ပေါင်းစည်းမှုကို ထိခိုက်စေနိုင်
အခြားနိုင်ငံရဲ့ပြည်တွင်းရေးကို မစွက်ဖက်ရဘူး ဆိုတာ ကုလသမဂ္ဂပဋိညာဉ်မှာလည်း ပါပါတယ်။ ဒီမိုကရေစီကို အကြောင်းပြပြီး သူများနိုင်ငံကို စွက်ဖက်တာဟာ အချုပ်အခြာအာဏာကို ဖောက်ဖျက်ခြင်း ဖြစ်ပါတယ်။ အခုလည်း ရာမို့စ် ဟော်တာရဲ့ ပြောကြားမှုတွေဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးစော်ကားလျက်ရှိပါ တယ်။ သူ့ရဲ့ပြောကြားချက်တွေဟာ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ ဆက်ဆံရေး ကို အပြုသဘောမဖြစ်စေပါဘူး။ သူသာ အမှန် တကယ် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကိုလိုလားရင် အခြားနိုင်ငံသားတွေကို သွေးထိုးမြှောက်ပင့်နဲ့ အခြေအနေ ဆိုးရွားအောင် လုပ်နေတာထက် အပြု သဘော အဖြေရှာဖို့ လုပ်ဆောင်သင့်ပါတယ်။ ဒါပေမယ့်လည်း ရာမို့စ်ဟော်တာရဲ့ စိတ်သဘော ထားနဲ့ ပြောဆိုမှုတွေမှာ အပြုသဘောထားတွေကို မတွေ့ရပါဘူး။ ဒါကြောင့်လည်း အရှေ့တီမော အာဆီယံအဖွဲ့ဝင်အနေနဲ့ ဝင်ရောက်လာမှာကို စိုးရိမ်ပူပန်မှုတွေနဲ့ စောင့်ကြည့်နေကြပြီး စင်ကာပူနဲ့ လာအိုအပါအဝင် နိုင်ငံအချို့က အရှေ့တီမောရဲ့ ဖွံ့ဖြိုးတိုးတက်မှုကင်းမဲ့ခြင်းဟာ ဒေသတွင်း စီးပွား ရေးပေါင်းစည်းမှုကို ထိခိုက်စေမယ်လို့ မှတ်ချက် ချခဲ့ကြပါတယ်။
ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်
ဒါတွေကိုကြည့်ရင် ရာမို့စ်ဟော်တာဟာ သူ့ နိုင်ငံ၊ သူ့ပြည်သူတွေအတွက် အာရုံစိုက်ရမယ့် အစား မရောင်ရာဆီလူးဖို့ ကြိုးစားနေတာ တွေ့ရ ပါတယ်။ အဲဒီပုံစံက သူတစ်ပါး အားနည်းချက်ကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးစီးပွားရှာချင်တဲ့ လူတွေရဲ့ အကျင့်စရိုက်တွေပါ။ မြန်မာနိုင်ငံအနေနဲ့ တီမောနိုင်ငံနဲ့ တီမောပြည်သူတွေအပေါ်မှာ ရာမို့စ် ဟော်တာလို အပြုသဘောမဆန်တဲ့ အပြောအဆို နဲ့ စိတ်သဘောထားမျိုး ဘယ်တုန်းကမှ မထားရှိခဲ့ ပါဘူး။ နိုင်ငံတကာ အခြေခံမူတွေ၊ ကျင့်ဝတ်တွေနဲ့ အညီ ဆက်ဆံခဲ့ပါတယ်။ နိုင်ငံရေးအမြတ်ထုတ်ဖို့ မကြိုးစားခဲ့ပါဘူး။ ရာမို့စ်ဟော်တာအနေနဲ့ တီမော နိုင်ငံနဲ့ တီမောပြည်သူတွေအပေါ် အလေးထားရင်၊ ဒေသတွင်း တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုကို လိုလားရင် နိုင်ငံတကာ အခြေခံမူတွေနဲ့ ကျင့်ဝတ်တွေကို လိုက်နာဖို့ လိုပါလိမ့်မယ်။ အဲဒါတွေကို မလိုက်နာ ဘဲနဲ့ အခြားနိုင်ငံရဲ့ပြည်တွင်းရေးကို စွက်ဖက် နေတာဟာ ကိုယ့်ရဲ့ကျင့်ဝတ်နဲ့ သိက္ခာမဲ့မှုကို ထုတ်ဖော်ပြသရာရောက်လို့ ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော် ဖြစ်နေပါလိမ့်မယ်။ ။
- Log in to post comments