ကိုယ်ကျိုးစီးပွားပြိုင်ဆိုင်မှုတွေ တုံ့ပြန်နိုင်ဖို့ဆိုရင်

Type

 

လတ်တလော ကမ္ဘာ့နိုင်ငံရေးမှာ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ ထိုင်ဝမ်ကို သွားရောက် ခဲ့တာကြောင့်   တရုတ်နိုင်ငံနဲ့  အမေရိကန်နိုင်ငံအကြား ဖြစ်လာတဲ့တင်းမာမှုတွေအပေါ်  အားလုံးက   စိုးရိမ်တကြီး  စောင့်ကြည့်နေကြပါတယ်။

 

အမေရိကန်            အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီနဲ့      လွှတ်တော်အမတ်ခြောက်ဦးပါတဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ      အာရှခရီးစဉ်အဖြစ် စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံ တို့ကို သွားရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်အစမှာ ထိုင်ဝမ်ကို နန်စီပလိုစီ သွားမယ်/ မသွားဘူး မဖော် ပြခဲ့ပါဘူး။ ဒါပေမယ့် နန်စီပလိုစီအနေနဲ့ ထိုင်ဝမ်ကို သွားရောက်နိုင်တယ်လို့ သတင်းတွေ ကျယ်ကျယ် ပြန့်ပြန့်ထွက်ပေါ်ခဲ့ပြီး တရုတ်နိုင်ငံကလည်း ခရီးစဉ် ကို စောင့်ကြည့်နေခဲ့ပါတယ်။ နန်စီပလိုစီနဲ့ ကိုယ်စား လှယ်အဖွဲ့ဟာ မလေးရှားနိုင်ငံ ခရီးစဉ်ပြီးမှ ထိုင်ဝမ် ကို   ဩဂုတ်လ   ၂  ရက်နေ့က  သွားရောက်ခဲ့ပါ တယ်။ 

 


နန်စီပလိုစီ     ထိုင်ဝမ်ကို    ရောက်ပြီးတာနဲ့ ချက်ချင်းဆိုသလိုပဲ တရုတ်နိုင်ငံက အပြင်းအထန် ကန့်ကွက်တဲ့  ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ နန်စီပလိုစီရဲ့လုပ်ရပ်ကို     ပြတ်ပြတ်သားသား ဆန့်ကျင်ရှုတ်ချကြောင်း၊  ကမ္ဘာပေါ်မှာ   တရုတ် တစ်နိုင်ငံတည်းသာရှိပြီး ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ ခွဲမထွက်နိုင်တဲ့    အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊  တရုတ်အစိုးရဟာ      တရုတ်နိုင်ငံတစ်ခုလုံးကို ကိုယ်စားပြုတဲ့ တစ်ခုတည်းသော တရားဝင်အစိုးရ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

 


 တရုတ်နဲ့အမေရိကန်အကြား ပွတ်တိုက်မှုတွေ


နန်စီပလိုစီရဲ့ခရီးစဉ်ဟာ ၁၉၉၇ ခုနှစ်နောက် ပိုင်း ထိုင်ဝမ်ကိုလာတဲ့ အမေရိကန်ရဲ့ အဆင့်အမြင့် ဆုံး ကိုယ်စားလှယ်အဖွဲ့ခရီးစဉ်ပါ။ တရုတ်နိုင်ငံက ဒီလိုခရီးစဉ်ဖြစ်လာနိုင်တာကို   မျှော်လင့်ထားပြီး ယခင်ကတည်းက    အမြဲပဲကန့်ကွက်ခဲ့ပါတယ်။ ထိုင်ဝမ်အရေးကြောင့် တရုတ်နဲ့အမေရိကန်အကြား ပွတ်တိုက်မှုတွေဖြစ်ကြတာ  အခုမှမဟုတ်ပါဘူး။ ခဏခဏဆိုသလိုပါပဲ။ ထိုင်ဝမ်ဟာ တရုတ်ပြည်က နေ ခွဲထွက်နေတဲ့  ပြည်နယ်တစ်ခုအဖြစ် တရုတ် နိုင်ငံက  သတ်မှတ်ထားပါတယ်။  ဒုတိယကမ္ဘာစစ် အပြီးနောက်ပိုင်းမှာ   ဖြစ်ပွားတဲ့  ပြည်တွင်းစစ်မှာ ထိုင်ဝမ်က  တရုတ်ပြည်ကနေ  ခွဲထွက်သွားခဲ့တာ ဖြစ်ပါတယ်။   ဒါကြောင့်  ထိုင်ဝမ်ဟာ  ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတဲ့ကျွန်းဖြစ်ပေမယ့် တရုတ်ပြည်မကြီး နဲ့ကင်းကွာနေတဲ့  ပြည်နယ်တစ်ခုအဖြစ်  တရုတ်က သတ်မှတ်ထားပါတယ်။ 

 


၂၀၀၀   ပြည့်နှစ်မှာ   ထိုင်ဝမ်မှာ   ချန်ရွှီဗြန်း သမ္မတဖြစ်လာတဲ့အချိန်မှာ ထိုင်ဝမ်လွတ်လပ်ရေး ကို ထောက်ခံတဲ့အပြင် ၂၀၀၄ ခုနှစ်မှာ ထပ်ပြီးအနိုင် ရခဲ့ပါတယ်။ ချန်ရွှီဗြန်း ထပ်မံအရွေးချယ်ခံရတဲ့အခါ တရုတ်နိုင်ငံအနေနဲ့ စိုးရိမ်မှုမြင့်တက်လာပြီး ၂၀၀၅ ခုနှစ်မှာ ခွဲမထွက်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေအရ ထိုင်ဝမ်အနေနဲ့တရုတ်ပြည်မကြီး ကနေခွဲထွက်ရင် ငြိမ်းချမ်းရေးနည်းလမ်းမဟုတ်တဲ့ နည်းတွေအသုံးပြုပြီး တားဆီးခွင့်ရှိတယ်လို့ ပြဋ္ဌာန်း ခဲ့ပါတယ်။

 


 တရုတ်နိုင်ငံအတွက် အရေးပါ


ဒီသမိုင်းကြောင်းကိုကြည့်ရင်  တရုတ်ပြည်နဲ့ ထိုင်ဝမ်အကြား နောက်ခံအခြေအနေကို တွေ့မြင် နိုင်ပါတယ်။ သမိုင်းကြောင်းအရ ထိုင်ဝမ်ဟာ တရုတ် ပြည်မကြီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီး တရုတ် ပြည်မကြီးနဲ့လည်း မိုင် ၁၀၀  ခန့်ပဲဝေးတဲ့  ကျွန်း တစ်ကျွန်းဖြစ်တာကြောင့်    တရုတ်နိုင်ငံအတွက် အရေးပါတဲ့  နယ်မြေတစ်ခုဖြစ်ပါတယ်။ တရုတ်နိုင်ငံ အတွက် ထိုင်ဝမ်ဟာ အချုပ်အခြာအာဏာပိုင်ဆိုင် တဲ့ နယ်မြေကိစ္စဖြစ်သလို လုံခြုံရေးနဲ့စီးပွားရေးအရ လည်း အရေးပါပါတယ်။ ဒီအတွက် တရုတ်ပြည်မ ကြီးနဲ့ ထိုင်ဝမ်ပေါင်းစည်းဖို့အတွက် တရုတ်နိုင်ငံက  အမြဲကြိုးပမ်းနေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံတော် အမိမြေကြီး အပြည့်အဝပြန်လည်ပေါင်းစည်းရေး သမိုင်းပေးတာဝန်က မဖြစ်မနေ ဖြည့်ဆည်းလာနိုင် ဖို့ သေချာတဲ့ကိစ္စတစ်ခုလည်း ဖြစ်တယ်လို့   ရှီက ပြောကြားထားပါတယ်။

 


အမေရိကန်အနေနဲ့က   ထိုင်ဝမ်နဲ့    တရားဝင် ဆက်ဆံရေးပုံစံမရှိပေမယ့်     တရားဝင်မဟုတ်တဲ့ ဆက်ဆံရေးတွေရှိနေပါတယ်။     ထိုင်ဝမ်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် အမေရိကန် က ကူညီရမယ်ဆိုပြီး    ပြဋ္ဌာန်းထားတဲ့  ထိုင်ဝမ် ဆက်ဆံရေးအက်ဥပဒေရဲ့      တစ်စိတ်တစ်ပိုင်းအရ အမေရိကန်က ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချနေပါတယ်။ ဒီလိုအခြေအနေမှာ ထိုင်ဝမ်ကို အမေရိကန်က ကိုယ်စားလှယ်တွေ စေလွှတ်နေတာ၊ လက်နက်တွေရောင်းချတာနဲ့ စီးပွားရေးဆိုင်ရာတွေ မှာ ထိုင်ဝမ်ကို သွယ်ဝိုက်တဲ့နည်းနဲ့ အသိအမှတ် ပြုတဲ့ပုံစံတွေကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်နေခဲ့တာပဲဖြစ်ပါတယ်။  အဲဒီလို  တရုတ် နိုင်ငံအတွက် အရေးကြီးတဲ့ထိုင်ဝမ်ကို အမေရိကန် နိုင်ငံရဲ့      တတိယ    ရာထူးအမြင့်ဆုံးဖြစ်တဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ သွားရောက် တဲ့ လုပ်ရပ်ဟာ သာမန် ဆက်ဆံရေးရုပ်ပြခရီးစဉ် ဆိုတာထက်    နောက်ကွယ်က   ရည်ရွယ်ချက်တွေ ရှိနေမှာပါ။

 


 ရုရှား-ယူကရိန်းပဋိပက္ခ


အခု   ထိုင်ဝမ်ကိစ္စမတိုင်မီလေးက    ဖြစ်ခဲ့တဲ့ ရုရှား-ယူကရိန်းပဋိပက္ခမှာလည်း    ယူကရိန်းနိုင်ငံ နေတိုးအဖွဲ့ထဲပါဝင်ဖို့ ကြိုးပမ်းတာ၊ ယူကရိန်းကို အနောက်အုပ်စု လွှမ်းမိုးလာတာကြောင့် ရုရှားနိုင်ငံ က  ယူကရိန်းကို   တိုက်ခိုက်နေတာ  ဒီကနေ့အထိ မပြီးသေးပါဘူး။    အနောက်အုပ်စုက     ရုရှားနဲ့ နယ်နိမိတ်ချင်းကပ်လျက် ယူကရိန်းနိုင်ငံရဲ့ နိုင်ငံ ရေးကို    နောက်ကွယ်ကနေ     ပံ့ပိုးကူညီနေပါတယ်။ ယူကရိန်းနိုင်ငံသာ   နေတိုးအဖွဲ့ဝင်    ဖြစ်သွားရင် ရုရှားနိုင်ငံအပေါ် တိုက်ရိုက်ခြိမ်းခြောက်လိုက်သလို ပါပဲ။ ဒါကြောင့် ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ်  ဝင်ခွင့်မပြုဖို့  ရုရှားက တောင်းဆိုပေမယ့် မအောင် မြင်ခဲ့ပါဘူး။ သံတမန်ရေးကြိုးပမ်းမှုတွေ မအောင် မြင်တဲ့အဆုံး ၂၀၂၂ ခုနှစ်  ဖေဖော်ဝါရီလထဲမှာ ယူကရိန်းကို ရုရှားတို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ 

 


 ယူကရိန်းကို ကြားခံစစ်အဖြစ် အသုံးချ


ဒီဖြစ်စဉ်ကိုကြည့်ရင် ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်တဲ့     ရုရှားနဲ့     ရုရှားကိုထိန်းချုပ်ဖို့ နောက်ကွယ်ကနေ ယူကရိန်းကို ကြားခံအသုံးချနေ တဲ့ အနောက်အုပ်စုအကြား ဘယ်သူက ကိုယ်ကျိုး စီးပွားလုပ်ဆောင်နေတာလဲဆိုတာ ဆန်းစစ်ကြရမှာ ပါ။ ဒါ့အပြင် ရုရှား-ယူကရိန်းပဋိပက္ခကြောင့် ဖြစ်လာ တဲ့ ဂယက်တွေကြောင့် ကမ္ဘာ့စီးပွားရေးကို ထိခိုက် နေပါတယ်။ ယူကရိန်းနိုင်ငံဟာလည်း စစ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ    ခံစားနေရဆဲ    ဖြစ်ပါတယ်။ အနောက်အုပ်စုကတော့ စစ်ပွဲထဲကို တိုက်ရိုက်ဝင် မပါဘဲ      ငွေကြေးနဲ့စစ်လက်နက်ပစ္စည်းတွေပဲ  ထောက်ပံ့နေပါတယ်။ ယူကရိန်းကို ကြားခံစစ်အဖြစ် အသုံးချနေတာလို့ ဆိုရမှာပါ။

 


ရုရှားက      သူနဲ့နယ်နိမိတ်ချင်းကပ်လျက် ယူကရိန်းနိုင်ငံကို အနောက်အုပ်စုက လွှမ်းမိုးပြီး သူ့နိုင်ငံအပေါ်     တိုက်ရိုက်ခြိမ်းခြောက်တာကို လက်မခံသလိုပဲ      အမေရိကန်နိုင်ငံကလည်း လက်မခံပါဘူး။ ၁၉၆၂ ခုနှစ်က အမေရိကန်နိုင်ငံ ဖလော်ရီဒါနဲ့ မိုင် ၉၀ သာကွာဝေးတဲ့ ကျူးဘားနိုင်ငံ မှာ  ရုရှားဒုံးပျံတွေတပ်ဖြန့်လို့  ရုရှားနဲ့အမေရိကန် အကြား    ကျူးဘားအရေးအခင်း    ဖြစ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံက သူနဲ့နီးစပ်နေတဲ့ နိုင်ငံမှာ ရုရှား ရဲ့ ဒုံးကျည်တွေ တပ်ဖြန့်ချထားတာကို လုံးဝလက်မခံ ပါဘူး။ စစ်ပွဲမဖြစ်ရုံတမယ်ပါပဲ။ အဲဒီ အရေးအခင်း ဟာ ၁၃ ရက်သာ ကြာခဲ့ပေမယ့် ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံအကြား     ပြင်းပြင်းထန်ထန်    ထိပ်တိုက် တွေ့ဆုံမှုဖြစ်ခဲ့ပါတယ်။

 


အဲဒီဖြစ်စဉ်တွေကိုကြည့်ရင် ကမ္ဘာ့အင်အား ကြီးနိုင်ငံတွေဟာ ပြိုင်ဘက်နိုင်ငံတွေကို လွှမ်းမိုးဖို့ အတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးနည်းလမ်းတွေ ကို သိသိသာသာရော၊ မသိမသာရော အသုံးပြုကြပါ တယ်။ အဲဒီနည်းလမ်းတွေထဲမှာ ပြိုင်ဘက်နိုင်ငံကို ခြိမ်းခြောက်ဖို့၊ ပိတ်ဆို့ဖို့အတွက် ပြိုင်ဘက်နိုင်ငံနဲ့ နယ်နိမိတ်ချင်းကပ်လျက် နိုင်ငံငယ်တွေကို ယနေ့ တိုင် အသုံးချနေတာ တွေ့ရပါတယ်။

 


 ထိုင်ဝမ်ကိစ္စမှာလည်း အလားတူပါပဲ။ ထိုင်ဝမ် ကိစ္စမှာဆိုရင် လိုအပ်ရင်အင်အားသုံးမယ်လို့ တရုတ် နိုင်ငံက     အကြိမ်ကြိမ်      သတိပေးထားပေမယ့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ  နန်စီပလိုစီက သွားရောက်မယ့်ခရီးစဉ်  မဖော်ပြဘဲ  ထိုင်ဝမ်ကို သွားရောက်ခဲ့ပါတယ်။ နန်စီပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ် ဟာ  ကောင်းတဲ့ခရီးစဉ်မဟုတ်ဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောတယ်ဆိုပေမယ့် ဒီခရီးစဉ်ဟာ နန်စီပလိုစီ တစ်ဦးတည်းရဲ့ သဘော ထားနဲ့လုပ်ဆောင်မှုလို့ သတ်မှတ်လို့မရပါဘူး။ 

 


 အမေရိကန်ရဲ့သဘောထား မက်ဆေ့


တရုတ်က ထိုင်ဝမ်ကိုကျူးကျော်ရင် အမေရိကန် က  ထိုင်ဝမ်ကို ကူညီဖို့  ဝင်စွက်ဖက်နိုင်တယ်လို့ သမ္မတဂျိုးဘိုင်ဒင် ကိုယ်တိုင်က ပြောခဲ့ဖူးပါတယ်။ တစ်ဖက်မှာ ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ အမေရိကန်နိုင်ငံ ရဲ့  မူဝါဒ အ‌ပြောင်းအလဲမရှိတဲ့အကြောင်းပြောပေ မယ့်    လက်တွေ့မှာတော့      မကိုက်ညီပါဘူး။ နန်စီပလိုစီက    ထိုင်ဝမ်သမ္မတနဲ့   တွေ့ဆုံရာမှာ ထိုင်ဝမ်ကို ပစ်ထားမှာမဟုတ်ဘူးဆိုတဲ့ ကတိကဝတ် ကို    ရှင်းရှင်းလင်းလင်း    ပြသတာဖြစ်ကြောင်းနဲ့ ခိုင်မာတဲ့     ချစ်ကြည်ရင်းနှီးမှုကိုလည်း    ဂုဏ်ယူ ကြောင်း၊ အခုအချိန်မှာ အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်နဲ့တစ်သားတည်းရှိမှုဟာ အရေးကြီးကြောင်း ပြောဆိုခဲ့ပါတယ်။ တစ်နည်းအားဖြင့် နန်စီပလိုစီရဲ့ စကားဟာ အမေရိကန်ရဲ့သဘောထား မက်ဆေ့ပဲ ဖြစ်ပါတယ်။      

 


ထိုင်ဝမ်ခရီးစဉ်ဟာ အမေရိကန်ရဲ့   ရည်ရွယ် ချက်ရှိတဲ့ ခရီးလို့လည်း ဆိုနိုင်ပါတယ်။ တရုတ်နိုင်ငံ ရဲ့ စီးပွားရေးနဲ့ စစ်ရေးအင်အားတွေ အမေရိကန်နဲ့ ပခုံးချင်းယှဉ်လာတာနဲ့အတူ အမေရိကန်ဘက်က တရုတ်နိုင်ငံကို    ထိန်းချုပ်ဖို့လုပ်လာတာကြောင့် ကြားခံထိုင်ဝမ်ကိစ္စဟာ အရှိန်ပိုပြီးမြင့်တက်လာနေ ပါတယ်။ ဒါကြောင့်လည်း ထိုင်ဝမ်နဲ့ပတ်သက်လို့
အမေရိကန်ရဲ့ကတိကဝတ်တွေရှိပေမယ့် လက်တွေ့ မှာ ထိုင်ဝမ်နဲ့ဆက်ဆံရေးတွေကို အဆက်မပြတ် မြှင့်တင်နေတဲ့အပြင် ဆန့်ကျင်ဘက်အင်အားစုတွေ ကို ထောက်ခံပေးပြီး တရုတ်ကို ထိန်းချုပ်ဖို့ ထိုင်ဝမ် ကိုအသုံးချနေတာလို့  တရုတ်က   ဆိုပါတယ်။ 

 


နန်စီပလိုစီရဲ့     ထိုင်ဝမ်ခရီးပြီးတဲ့နောက်မှာ တော့ တရုတ်နိုင်ငံဘက်က  တုံ့ပြန်မှုတွေ ရှိလာပါ တယ်။ ထိုင်ဝမ်ရဲ့လေကြောင်းရန်ကာကွယ်ရေးဇုန် အထိ တရုတ်စစ်လေယာဉ်တွေ ဖြတ်သန်းတာက အစ စီးပွားရေးဆိုင်ရာပိတ်ဆို့မှုတွေကို တရုတ်က ထိုင်ဝမ်အပေါ် ချမှတ်လိုက်ပါတယ်။ တုံ့ပြန်မှုတွေ ထပ်ပြီး    ဖြစ်လာနိုင်ပါသေးတယ်။   နန်စီပလိုစီ ခရီးစဉ်ကြောင့်   တရုတ်နိုင်ငံရဲ့   စစ်ရေးဆိုင်ရာ တုံ့ပြန်မှုတွေရှိလာနိုင်တာကို    အိမ်ဖြူတော်က သတိပေးပြောဆိုထားပြီး ဖြစ်ပါတယ်။ ဒီလိုတုံ့ပြန်မှု တွေရှိလာမှာကို သိလျက်နဲ့ ထိုင်ဝမ်ကိုသွားရောက် ခြင်းဟာ  တရုတ်နဲ့ထိုင်ဝမ်ကို စစ်ထဲဆွဲသွင်းလိုတဲ့ ရည်ရွယ်ချက်လည်း ဖြစ်နိုင်ပါတယ်။ 

 


 အင်အားချည့်နဲ့သွားစေလိုတဲ့ ရည်ရွယ်ချက်


တရုတ်က ထိုင်ဝမ်ကို စစ်ရေးအရ မတိုက်ခိုက်ရင် လည်း အမေရိကန်အတွက် အမြတ်ပါပဲ။ ထိုင်ဝမ်ကို တရုတ်နိုင်ငံက တိုက်ခိုက်ခဲ့ရင်လည်း အမေရိကန်က ဝင်မပါဘူးလို့ ပြောပြီးသားပါ။ နောက်ကွယ်ကနေ လက်နက်ရောင်းပေးရုံပဲ ဖြစ်ပါလိမ့်မယ်။ အခုဆိုရင် ရုရှားနိုင်ငံနဲ့ယူကရိန်းအကြား စစ်ပွဲဖြစ်လာတဲ့အတွက်    နောက်ဆက်တွဲ     စီးပွားရေးဆိုင်ရာ၊ ငွေကြေးဆိုင်ရာ အကျိုးဆက်တွေ အများကြီးရင်ဆိုင်နေရပါတယ်။ အဓိကတော့ ရုရှားနဲ့ ယူကရိန်းနိုင်ငံတို့ပဲ ဖြစ်ပါတယ်။ ရုရှားအပေါ်ကို စီးပွားရေး၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေး ပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။ ရုရှားကို အင်အား ချည့်နဲ့သွားစေလိုတဲ့ ရည်ရွယ်ချက်လို့  ခန့်မှန်းရပါ တယ်။

 


အမေရိကန်နိုင်ငံအနေနဲ့    သူနဲ့ပြိုင်ဘက်ဖြစ် နေတဲ့ ရုရှားနဲ့တရုတ်နိုင်ငံကို အင်အားချည့်နဲ့အောင် နောင်လည်းလုပ်နေဦးမှာပါ။  အဲဒီလိုလုပ်တဲ့အခါ အင်အားကြီးနိုင်ငံအချင်းချင်း စစ်ရေးအရ ထိပ်တိုက် ရင်ဆိုင်တာထက် ကြားခံနိုင်ငံငယ်တွေနဲ့ နယ်မြေ တွေကို အသုံးချနေပါလိမ့်ဦးမယ်။ အခုဆိုရင် တရုတ် နိုင်ငံရဲ့ စီးပွားရေး၊ စစ်ရေးအင်အားဟာ အမေရိကန် နဲ့ ပခုံးချင်းယှဉ်နေပါပြီ။ နည်းပညာနဲ့အာကာသသိပ္ပံ မှာလည်း    အပြိုင်ဖြစ်နေပါတယ်။    တရုတ်နိုင်ငံ အင်အားကြီးထွားလာတာကို  အမေရိကန်အနေနဲ့ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံကို ဝိုင်းပိတ်ဆို့တဲ့မူဝါဒလို တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့ လုပ်ဆောင်ဦးမှာပါ။ 

 


အဲဒီလိုလုပ်ဆောင်ရင် တရုတ်နဲ့နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့ မြန်မာနိုင်ငံအတွက် သတိပြုစရာ ဖြစ်ပါတယ်။  အထူးသဖြင့်  နိုင်ငံရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံအတွက် အနောက်အုပ်စု တွေ စွက်ဖက်လွှမ်းမိုးဖို့ အကောင်းဆုံး ရေခံမြေခံ ဖြစ်နေပါတယ်။   နောက်ပြီး    မြန်မာနိုင်ငံဟာ အင်အားကြီး တရုတ်နိုင်ငံနဲ့တင် နယ်နိမိတ်ချင်း ဆက်စပ်နေတာမဟုတ်ဘဲ တစ်ဖက်မှာ နျူကလီးယား လက်နက်ပိုင်တဲ့ အိန္ဒိယနိုင်ငံလည်း ရှိနေတာကြောင့် ပထဝီနိုင်ငံရေးအရ အရေးပါတဲ့နေရာမှာ  ရှိနေပါ တယ်။ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအရ အရေးပါ မှုဟာ အားသာချက်တွေရှိနေသလို  တစ်ဖက်မှာ အားနည်းချက်တွေရှိနေပါတယ်။   ကိုယ့်နိုင်ငံရဲ့ ပထဝီနိုင်ငံရေး အားသာချက်ကို ကိုယ်က အသုံးမချ နိုင်ရင် အခြားသူတွေက အသုံးချသွားမှာပါ။ ဒီနေ့ အင်အားကြီးနိုင်ငံတွေရဲ့  အသုံးချခံဖြစ်ခဲ့တဲ့   နိုင်ငံ တွေမှာ နာလန်ထူဖို့ မလွယ်ပါဘူး။ 

 


အင်အားကြီးနိုင်ငံတွေရဲ့ အင်အားပြိုင်ဆိုင်မှုမှာ အသုံးချခံမဖြစ်ဖို့ဆိုရာမှာ မိမိတို့ကိုယ်တိုင်ရဲ့ အခြေ အနေ၊ သဘောထားနဲ့ ရွေးချယ်မှုတွေနဲ့ သက်ဆိုင် ပါတယ်။    မြန်မာနိုင်ငံလို    နိုင်ငံရေးပဋိပက္ခတွေနဲ့ ရုန်းကန်နေရတဲ့နိုင်ငံအတွက်ဆို ပိုပြီးသတိပြုကြ ရမှာပါ။   ကမ္ဘာ့နိုင်ငံတိုင်းဟာ      ဒီမိုကရေစီတွေ၊ လူ့အခွင့်အရေးတွေ     ဟစ်ကြွေးနေကြပေမယ့် ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ယှဉ်လာရင် ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတွေက အသုံးချခံ ဖြစ်သွားကြပါ တယ်။ ဒီလိုပြောလို့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို မကောင်းတဲ့ သဘောလို့ မဆိုလိုပါဘူး။ ဒီမိုကရေစီ စနစ်ဟာ  ကမ္ဘာမှာ အကောင်းဆုံးအုပ်ချုပ်ရေးစနစ် တစ်ခုဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုတာကလည်း လူသားတစ်ယောက်ရဲ့အခြေခံရပိုင်ခွင့်တွေဖြစ်လို့ လိုအပ်ပါတယ်။

 


  ကိုယ်ကျိုးစီးပွားအတွက်


စနစ်တွေ၊ အခြေခံရပိုင်ခွင့်တွေ ဘယ်လောက် ကောင်းကောင်း ကိုယ်ကျိုးစီးပွားအတွက်ဆို လိုချင် လိုသလို၊   မလိုချင်မလိုသလို   လက်နက်တစ်ခုလို အသုံးချတာတွေရှိနေ တော့ ကိုယ့်နိုင်ငံရဲ့အခြေအနေ၊ ပတ်ဝန်းကျင်ရဲ့အခြေအနေ၊ နိုင်ငံနဲ့ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ ဟန်ချက်ညီဖို့ လိုပါတယ်။ 

 


ဒီကနေ့ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ နိုင်ငံရေး ပဋိပက္ခတွေဟာ အန္တရာယ်ကို လက်ယပ်ခေါ်သလို ဖြစ်မှာ စိုးရိမ်စရာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံအတွင်း စည်းလုံးမှု၊ ညီညွတ်မှု၊ တည်ငြိမ်မှု၊ တိုးတက်မှုတွေ ရှိနေမယ်ဆိုရင်    ကမ္ဘာ့နိုင်ငံရေး   ဇာတ်ခုံပေါ်က အင်အားပြိုင်ဆိုင်မှုတွေကြောင့်ဖြစ်လာတဲ့ ဂယက် တွေနဲ့ ကိုယ့်နိုင်ငံအပေါ် တိုက်ရိုက်သက်ရောက်နိုင် တဲ့ အန္တရာယ်တွေကို ကာကွယ်နိုင်မှာပါ။        ။