ကိုယ့်စည်း ကိုယ့်ကမ်း မပျက်တမ်း လိုက်နာဘေးကင်းရ

Type

ဆောင်းပါး

====

ကိုယ့်စည်း ကိုယ့်ကမ်း မပျက်တမ်း လိုက်နာဘေးကင်းရ

 

===============================

 

ဒေါက်တာသိန်းဆွေ (ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း)

================================

မြန်မာနိုင်ငံအနေဖြင့် အောက်တိုဘာ ၃၁ ရက်အထိ ကိုဗစ်- ၁၉ ရောဂါပိုးရှိသူပေါင်း ၅၂၇၀၆ ဦးရှိပြီး သေဆုံးသူပေါင်း ၁၂၃၇ ဦး ရှိသွားပြီ ဖြစ်ပါသည်။ ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသူများမှာလည်း ၃၁၃၃၀ ရှိပြီ ဖြစ်ပါသည်။

ထိုမျှများပြားလှသော ရောဂါခံစားရသူများကို ကုသစောင့်ရှောက်မှုပေးနေရသော ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် အတော်ပင်ပန်းနွမ်းနယ်နေကြပြီ ဟု မျှော်လင့်မိပါသည်။ အထူးသဖြင့် ရန်ကုန်တိုင်းဒေသ ကြီးသည် အထိခိုက်အပျက်အစီးအများဆုံး ခံနေရသည့် အတွက် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ကျန်းမာရေးဝန်ထမ်းအသီးသီးဖြင့် အားဖြည့်လျက် ဆောင်ရွက်ရသကဲ့သို့ ဆေးရုံများကို တိုးချဲ့ပြင်ဆင် ဆောက်လုပ်လျက် လူနာများကို စောင့်ရှောက်နိုင်ရေး အတွက် စေတနာရှင်များ၏ စိတ်အားထက်သန်စွာ ဆောင်ရွက်နေမှုများကို မြင်တွေ့နေရခြင်းမှာ အားရ ဝမ်းမြောက်ဖွယ်ရာများဖြစ်ပြီး သာဓုအကြိမ်ကြိမ် ခေါ်နေမိပါသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံသို့ ကူးစက် လာမှုပုံသဏ္ဌာန်သည် ပထမပိုင်းတွင် ပြည်ပပြန်များ၌ ရောဂါပိုး တွေ့ရှိရပြီး ထိုမှတစ်ဆင့် အစုအဖွဲ့(Cluster)အလိုက် ကူးစက်သည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ နောက်ပိုင်းတွင် လူထုအတွင်း ရောဂါလက္ခဏာမပြသော ရောဂါပိုးသယ်ဆောင်သူတို့မှတစ်ဆင့် ကူးစက်လာကာ လျင်မြန်စွာ အများစုကို ကူးစက်ခံရသည့်အတွက် ထိန်းချုပ်ရန် အလွန်ခက်ခဲသောအခြေအနေနှင့် ရင်ဆိုင် ခဲ့ကြရပြီး ပင်ပန်းကြီးစွာ ဆောင်ရွက်နေကြရခြင်းလည်း ဖြစ်ပါသည်။ ထို့အတူပင် အသက်အားဖြင့် ကြီးရင့်သူများ၊ ရောဂါအခံဖြစ်သော သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြော နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများရှိသူ တို့ကိုပါ ကူးစက်ခံရပြီး သေဆုံးမှု ပိုမိုများပြားလာခြင်းပင် ဖြစ်ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် လည်း အဆိုပါကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံသို့ စတင် ဝင်ရောက်စ နှစ်ဦးပိုင်းကာလမှစ၍ အသက်အရွယ်ကြီး သူများ၊ ရောဂါကူးစက်ခံရလွယ်သော အစုအဖွဲ့များ ရှိသောကြောင့် အိမ်အတွင်း၌နေထိုင်ကြရန် အသိပညာ ပေးမှုများကို ထပ်ခါတလဲလဲ ထုတ်ပြန်ခဲ့ပါသည်။ ထိုကဲ့သို့ ထုတ်ပြန်ခဲ့သည့်အလျောက် အိမ်တွင်းနေထိုင် သူများက အများစုပင်ဖြစ်ပါသည်။ သို့သော်လည်း ယခုတစ်ကြိမ် ပြန်လည်ဖြစ်ပြီး ရောဂါကူးစက်မှု များလာသော စက်တင်ဘာလမှစ၍ ယနေ့အထိကာလ တွင် အိမ်တွင်နေထိုင်နေသော အဘိုးအဘွားတို့တွင် ရောဂါကူးစက်မှုများကို တွေ့မြင်ကြားသိလာကြရပြီး သေဆုံးမှု အများစုသည်လည်း ဖော်ပြပါအသက်အရွယ် အားဖြင့် ကြီးသူများ၊ ရောဂါအခံရှိသူများ ဖြစ်ကြောင်းကို လည်း သိရှိရပါသည်။

အိမ်တွင်နေလျက် ဘာကြောင့်ကူးစက်ခံရပါသလဲ

အိမ်တွင်နေကြသော်လည်း ဘာကြောင့် ရောဂါ ကူးစက်ခံရသလဲ ဟူသောအခြေအနေကို လေ့လာ ကြည့်လျှင် အတူနေသူ ငယ်ရွယ်သူတို့၏ သတိမထားမှု များကြောင့် ကူးစက်ခံနေရကြောင်းဟု သုံးသပ်ရမည် ဖြစ်ပါသည်။ အားလုံးသိကြသည့်အတိုင်း စက်တင်ဘာလ တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီး အချို့တွင် အိမ်အတွင်း၌ နေထိုင်၍ (​Stay at Home) အစီအမံဖြင့် စတင်ညွှန်ကြားဆောင်ရွက်ခဲ့ပါသည်။ ဤကဲ့သို့ ဆောင်ရွက်ရခြင်းမှာ ရောဂါလက္ခဏာမပြသောသူ များလာသဖြင့် မည်သူကမည်သူ့ကို ကူးစက်နိုင်သည်ကို အကဲခတ်ရ ခက်ခဲလာသောကြောင့် အိမ်တွင်းတွင် နေထိုင်ခြင်းဖြင့် ကူးစက်ခံရနိုင်မှုအခြေအနေ နည်းပါး သက်သာစေရေးအတွက် ဆောင်ရွက်ကြရခြင်းလည်း ဖြစ်ပါသည်။ သို့သော်လည်း ဆေးဝါးကုသမှုခံယူရန်၊ စျေးဝယ်ရန်၊ ဆေးဝယ်ရန်အတွက်နှင့် အခြားရပ်နား ထား၍ မရသောလုပ်ငန်းများအတွက် ဝန်ထမ်းများကိုမူ တစ်ဝက်လျှော့၍ အိမ်မှအလုပ်လုပ်ဟူသော လူစုလူဝေး ဖြစ်ပွားမှုကို လျော့နည်းစေခြင်းအား ဆောင်ရွက်ရခြင်းဖြစ်ပါ သည်။ သို့သော်လည်း လိုက်နာသူများရှိသကဲ့သို့ မလိုက်နာသူများလည်းရှိသောအခါ တချို့သောနေရာ များတွင် သိသိသာသာ လျော့နည်းသွားသော်လည်း တချို့သောနေရာများတွင်တော့ ထင်သလောက် မလျော့နည်းသည့်အပြင် သတ်မှတ်စည်းကမ်းများကို မလိုက်နာသူများကလည်း ရှိနေကြပြန်ပါသည်။

ထို့အပြင် အိမ်ပြန်ရောက်လျှင် အိမ်အဝင်တွင် လက်ကို ဆပ်ပြာ သို့မဟုတ် အရက်ပြန်ပါသော လက်ဆေး ရည်ဖြင့် ဆေးကြောခြင်း၊ နှာခေါင်းစည်းကို သတ်မှတ် နေရာတွင် စွန့်ပစ်ခြင်း၊ အဝတ်အစားများကို ဆပ်ပြာရည် ထည့်ထားသော ပုံးအတွင်းထည့်ပြီး စိမ်၍လျှော်ဖွပ်ခြင်း၊ ရေချိုးခြင်းတို့ကလည်း အိမ်တွင်းရှိ အသက်ကြီးသူများနှင့် ငယ်သူများကို မကူးစက်ရန် လိုက်နာရမည့်နည်းလမ်းများ ပင်ဖြစ်သည်။ ထိမိကိုင်မိတိုင်းလည်း လက်မဆေး၊ ထိမိ ကိုင်မိလွယ်သောနေရာများ၊ ပစ္စည်းများ စသည်တို့ကိုလည်း ပိုးသတ်ဆေးဖြင့် မဆေးကြောခြင်းဟူသော လစ်ဟင်းမှု များကြောင့် အိမ်တွင်းမှာနေသောသူများကို ကူးစက်စေခြင်း ပင် ဖြစ်ပါသည်။ အကယ်၍သာ လိုက်နာဆောင်ရွက်မည် ဆိုလျှင် ရောဂါကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုကို လျှော့ချ နိုင်မည် ဖြစ်ပါသည်။ အကြောင်းမညီညွတ်၍ ရောဂါကူးစက် ခံရပါက ရောဂါလက္ခဏာပြသသည်နှင့် ဆောလျင်စွာ ကုသရေးစင်တာများ၊ ဆေးရုံများသို့ အချိန်မီ သွားရောက် စစ်ဆေးကုသမှု ခံယူကြရမည်ဖြစ်ပါသည်။ အချိန်နှောင်းမှ ဆေးရုံဆေးခန်းသို့ ရောက်ရှိလာမည်ဆိုလျှင် လွယ်လွယ်နှင့် ကုသပေးနိုင်သောအခြေအနေမှ ခက်ခဲသော အခြေအနေမျိုး ဖြင့် အသက်ကိုလု၍ ကုသရခြင်းဖြင့် အသက်ဆုံးရှုံးနိုင် သည်ကို အထူးပင်အလေးဂရုပြု လိုက်နာဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း အလေးထားဖော်ပြလိုပါသည်။

ကိုယ့်စည်း ကိုယ့်ကမ်း မပျက်တမ်း လိုက်နာဘေးကင်းရ

“မည်သို့ပင် ပြင်းထန်သည့်အခက်အခဲ ရှိသည် ဆိုငြားအံ့ ရှင်သန်နိုင်သော၊ ဘေးကင်းစေနိုင်သော အခြေ အနေများသည် ရှိမြဲသာ” ဟု ဆိုကြပါသည်။ ဟုတ်ပါသည်၊ ဤကူးစက်မှုပြန့်ပြီး အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် မာယာ ကြွယ်လှသော ဤကိုဗစ်-၁၉ ရောဂါအတွက် ကာကွယ်နိုင်မှု ကောင်းသောနည်းလမ်းများမှာ ရှိပြီးဖြစ်ပါသည်။ အားလုံး အတွက်လည်း လွယ်ကူသော အခွင့်အရေးကောင်းများကို အဘယ်ကြောင့် သတိမမူ၊ သတိမထား၊ အသိတရား ကင်းစွာဖြင့် မိမိကိုယ်ကို ထိခိုက်စေခြင်း၊ အတူနေသူ မိသားစုများ၊ သူငယ်ချင်း အပေါင်းအသင်းတို့အား ထိခိုက် ပျက်စီး၊ အသက်ဘေးနီးသော အပြုအမူများကို မပြုလုပ်ဘဲ ဆင်ခြင်၍ လိုက်နာရမည့်စည်းကမ်းများကို လိုက်နာ ဆောင်ရွက်ကြဖို့ လိုနေပြီဖြစ်ပါကြောင်း အသိပေးနှိုးဆော် အပ်ပါသည်။

ထို့ကြောင့် လူတိုင်းလူတိုင်းက ဤမျှလွယ်ကူပြီး ကုန်ကျမှုသက်သာသော ကာကွယ်ရေးနည်းလမ်းများကို လိုက်နာခြင်းဖြင့် ယနေ့ရင်ဆိုင်နေရသော ကပ်ရောဂါကို ကျော်လွှားနိုင်ကြောင်း စေတနာကောင်းဖြင့် အသိပေး မျှဝေလိုက်ရပါသည်။

(က) လုံအောင်အုပ်

အပြင်ထွက်တိုင်း နှာခေါင်းစည်းများကို အမြဲသုံးစွဲကြပါ။ ထိုသို့သုံးစွဲလျှင်လည်း စနစ်မကျ လျော့လျော့ရဲရဲ မဖြစ်စေဘဲ ပါးစပ်၊ နှာခေါင်းတို့အား လုံခြုံအောင် ဖုံးအုပ်ရေးကို အလေးပေးပါ။

(ခ) လက်ကိုဆေး

ရောဂါပိုးများသည် လေမှတစ်ဆင့် အရာဝတ္ထုအသီးသီး ပေါ်သို့ ကျရောက်ကပ်တွယ်နိုင်သောကြောင့် ကိုင်မိ လျှင် လက်မှတစ်ဆင့် နှာခေါင်း၊ မျက်စိစသည်တို့မှ မိမိကိုယ်ကိုလည်းကောင်း၊ မိမိကိုင်မိသောပစ္စည်းကို အခြားသူများ (အထူးသဖြင့်) အတူနေသူများကို လည်းကောင်း ကူးစက်နိုင်သောကြောင့် လက်ကို ဆပ်ပြာ သို့မဟုတ် အရက်ပြန်ပါသော လက်ဆေးရည်များဖြင့် မကြာမကြာ လက်ကိုဆေးပါ။

(ဂ) လူချင်းခပ်ခွာခွာနေ

ရောဂါပိုးများကို သယ်ဆောင်သူတစ်ယောက်မှ အသက်ရှူထုတ်ရာတွင်လည်းကောင်း၊ ချောင်းဆိုး ရာတွင်လည်းကောင်း၊ နှာချေရာတွင်လည်းကောင်း၊ ရောဂါပိုးတို့သည် ခြောက်ပေနီးပါးတိုင်အောင် လွင့်ပါးရောက်ရှိနိုင်သောကြောင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်းဖြင့် ကာကွယ်နိုင်သကဲ့သို့ လူအများ စုဝေးရာနေရာများသို့ သွားရောက်ခြင်း မပြုခြင်းဖြင့် ရောဂါကူးစက်မှုကို ကောင်းစွာ ကာကွယ်နိုင်ပါမည်။

(ဃ) အိမ်တွင်းမှာနေ

အိမ်ပြင်ထွက်သည်နှင့် အများသူငါ သွားလာနေသူ များနှင့် ထိတွေ့နိုင်ခြင်း၊ ရောဂါသည်ဟု မည်သူမျှ မသိရှိနိုင်၍ ထိုသူကိုင်ထားသောပစ္စည်းများကို ကိုင်မိခြင်းဖြစ်ရန် အလားအလာ အလွန်များလှ သောကြောင့် အိမ်တွင်နေခြင်းသည်သာ ရောဂါ ကူးစက်ရန် အခွင့်အလမ်း အလွန်နည်းပါးလှပါ သည်။

(င) ကိုယ်လက်လှုပ်ရှားမှုလုပ်

အိမ်တွင်းနေထိုင်ရခြင်းကြောင့် လှုပ်ရှားမှု၊ သွားလာမှုနည်းပါးနိုင်ပါသည်။ ထို့ကြောင့် သွေးလေညီညွတ်စွာ လည်ပတ်နိုင်ရေး၊ စိတ်ဖိစီးမှု လျော့ပါးစေရေးအတွက် အိမ်အတွင်းမှာပင် လွယ်ကူသော ကိုယ်လက်လှုပ်ရှားမှုများကို ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

 

(စ) စိတ်ကိုကြည်လင်အောင်ထား

ကြားရသည့်သတင်းများသည် စိတ်မချမ်းသာစရာ၊ အားငယ်စရာများ၊ စိုးရိမ်စရာ အလွန်များလှပါ သည်။ ထို့ကြောင့် စိတ်ရှုပ်ခြင်း၊ စိတ်အားငယ်စေ ခြင်းများကြောင့် စိတ်ဓာတ်ကျစရာများ ဖြစ်နိုင် ပါသည်။ ထိုသို့ စိတ်ကျခြင်း၊ စိတ်ဖိစီးမှုများခြင်း တို့သည် ကိုယ်ခံအားကို လျော့နည်းစေခြင်းကြောင့် ရောဂါကူးစက်လွယ်ပါသည်။

ထို့ကြောင့် မိမိတို့ကိုးကွယ်ရာ ဘာသာတရားများ အလိုက် တရားဓမ္မစာများကို ဖတ်ခြင်း၊ တရားထိုင် ခြင်း၊ ကောင်းသောအတွေး၊ မိမိလှူဒါန်းထားသော အလှူဒါနကုသိုလ်ကောင်းမှုများကို စိတ်တွင် ထည့်သွင်း လျက် အာရုံပြုခြင်း၊ တရားထိုင်ခြင်းများကို ဆောင်ရွက် ကြရန် ဖြစ်ပါသည်။

(ဆ) ကိုယ်တိုင်တာဝန်ယူ၊ တာဝန်ခံ

ရောဂါကာကွယ်ရေးလုပ်ငန်း၏ အဓိကကျသော လုပ်ငန်းစဉ်တစ်ရပ်မှာ တစ်ဦးချင်းစီ၏ တာဝန် ယူမှု၊ တာဝန်ခံမှုတို့သည် အထူးအရေးကြီးလှပါ သည်။ တစ်ဦးတစ်ယောက်၏ တာဝန်မဲ့ခြင်းကြောင့် လူအများကို ကူးစက်မှုဖြစ်စေပြီး ထိန်းသိမ်းမှု ခက်ခဲသော ကပ်ရောဂါဖြစ်ပွားမှုကာလ တာရှည် မည်ကို သတိပြုကြရပါမည်။ တစ်ဦးချင်းစီ တာဝန် ယူပြီး ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာကာတာဝန်ပေးခံရသူတစ်ဦးချင်းကလည်း တာဝန်ခံနိုင် ကြမည်ဆိုလျှင် ဤကပ်ဘေးအား ထိန်းချုပ်နိုင်မည် သာ ဖြစ်ပါသည်။

 

ထို့ကြောင့် နိဂုံးချုပ်အားဖြင့် (၁) လုံအောင်အုပ် (၂) လက်ကိုဆေး (၃) ခပ်ခွာခွာနေ (၄) အိမ်တွင်းမှာနေ (၅) ကိုယ်လက်လှုပ်ရှားလုပ် (၆) စိတ်ကိုကြည်လင် အောင်ထား (၇) ကိုယ့်တာဝန်ကိုယ်ယူ/ တာဝန်ခံ ဟူသောအခြေခံလိုက်နာသင့်သည်များကို လိုက်နာကြခြင်း ဖြင့် ကပ်ရောဂါဘေးမှ ကင်းဝေးနိုင်ကြမည် ဖြစ်ပါ ကြောင်း အသိပေးရေးသားလိုက်ရပါသည်။ ။