
၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး
မောင်လူမွန်(သုတေသန)
ယနေ့ အောက်တိုဘာ ၁၃ ရက်သည် အပြည်ပြည် ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ ဖြစ်ပါသည်။ အဆိုပါနေ့ အထိမ်း အမှတ် အခမ်းအနားများကို ကမ္ဘာတစ်ဝန်းလုံးတွင် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်မှ စတင်၍ ဆန်ဒိုင်းမူဘောင် (၂၀၁၅-၂၀၃၀) (Sendai Framework for Disaster Risk Reduction-SFDRR 2015-2030) ပန်းတိုင် ခုနစ်ရပ်ပါ ဦးတည် ကဏ္ဍများနှင့် လုပ်ငန်းနယ်ပယ်များအလိုက် သတ်မှတ်ထားသည့် ဆောင်ပုဒ်များအတိုင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၀ ပြည့်နှစ်မှ စတင်၍ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ စတင် ကျင်းပစဉ်ကမူ အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် လျော့ပါးရေးနေ့ (International Day for Disaster Reduction-IDDR)အဖြစ် ကျင်းပခဲ့ သော်လည်း နောက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ (International Day for Disaster Risk Reduction-IDDRR) ဟု ပြောင်းလဲသတ်မှတ် ကျင်းပခဲ့ပါသည်။ ပြီးခဲ့သည့်နှစ်က ဆန်ဒိုင်းမူဘောင် (Sendai Framework for Disaster Risk Reduction-SFDRR) (Target-F)ကို ဦးတည်ကာ “Only together.. Can we save the planet!” “ဒို့ကမ္ဘာမြေကို ထိန်းသိမ်းဖို့၊ တွဲလက်ခိုင်မာ ပူးပေါင်းစို့”ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကျင်းပ ခဲ့ပါသည်။
ကြိုတင်သတိပေးထုတ်ပြန်က
ချက်ချင်းလိုက်နာ ဆောင်ရွက်ကြ
ယခု ၂၀၂၂ ခုနှစ်တွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ ဆန်ဒိုင်း မူဘောင်ပန်းတိုင်(၇) SFDRR (Target-G) ဖြစ်သည့် ကြိုတင်သတိပေး Early Warning စနစ် ခိုင်မာ အားကောင်းရေးနှင့် ကြိုတင်ဆောင်ရွက်မှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရန် “Early Warning and Early Action for ်all” ကို ဆောင်ပုဒ်အဖြစ် သတ်မှတ်ထားပါသည်။ မြန်မာ ဘာသာဖြင့်လည်း “ကြိုတင်သတိပေးထုတ်ပြန်ချက် ဆောလျင်ဆောင်ရွက် အားလုံးအတွက်” ဟူ၍ ပြန်ဆိုထားပါသည်။ ဤဆောင်ပုဒ်သည် သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချနိုင်ရန် အရေးကြီးလုပ်ငန်းစဉ်ဖြစ်သည့် ကြိုတင်သတိပေးစနစ်၏ အရေးပါ အရာရောက် မှုကို လူတိုင်း သိရှိလိုက်နာ ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ ထို့အပြင် ဘေးအန္တရာယ်မျိုးစုံအတွက် ကြိုတင်သတိပေး ချက်များ၊ သဘာဝဘေးဆိုင်ရာ သတင်းအချက် အလက်များကို လူတိုင်း လက်လှမ်းမီ ရရှိစေပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို စနစ်တကျ ဆောင်ရွက်လာနိုင်စေရန် ဦးတည်ခြင်းလည်း ဖြစ်ပါ သည်။
သတိပြုကာကွယ် သဘာဝဘေးအန္တရာယ်
UN Intergovernmental Panel on Climate Change (IPCC) ၏ ၂၀၁၃ ခုနှစ်ကတည်းက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ကမ္ဘာတစ်ဝန်း ပျမ်းမျှ အပူချိန်သည် ၄ ဒီဂရီစင်တီဂရိတ် (၇ ဒီဂရီ ဖာရင်ဟိုက်)အထိ ပိုမိုမြင့်မားနိုင်ကြောင်း၊ ပင်လယ် ရေမျက်နှာပြင်သည် ခရစ်နှစ် ၂၁၀၀ တွင် ၂၈ စင်တီ မီတာမှ ၉၇ စင်တီမီတာအထိ မြင့်တက်နိုင်ဖွယ် ရှိကြောင်း၊ မုန်တိုင်းဒီရေလှိုင်းကြီးများ အများအပြား ဖြစ်ပေါ်နိုင်ကြောင်း၊ မိုးခေါင်ရေရှားဒေသများတွင် ပိုမိုခြောက်သွေ့လာနိုင်ပြီး မိုးရွာသွန်းသည့်ဒေသ များတွင် မိုးရွာသွန်းမှု ပိုမိုများပြားနိုင်ကြောင်း၊ ကာဗွန်ထုတ်လွှတ်မှုပမာဏ ပိုမိုများပြားလာပြီး ပင်လယ်သမုဒ္ဒရာတွင် အက်စစ်ဖြစ်ထွန်းမှု ပိုမိုလာ နိုင်ကြောင်း ထုတ်ပြန်ထားပါသည်။ ရာသီဥတု ပြောင်းလဲမှု၏ အကျိုးဆက်အဖြစ် ကမ္ဘာတစ်ဝန်း သဘာဝဘေးများ ပိုမိုကြုံတွေ့လာနိုင်ကြောင်း သတိပြုကြရမည်ဖြစ်ပါသည်။ အလားတူ IPCC မှ ၆၇ နိုင်ငံရှိ ပညာရှင် ၂၇၀ က လေ့လာမှု ၃၄၀၀၀ ဆောင်ရွက်ခဲ့သည့် စစ်တမ်း ဆဋ္ဌမအကြိမ် အစီရင် ခံစာကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က ထုတ်ပြန် ခဲ့ရာ ရာသီဥတုပြောင်းလဲမှုဆိုးကျိုးက မျှော်မှန်း သည်ထက် ပိုမိုကျယ်ပြန့်ပြီး ပိုမို ဆိုးရွားပြင်းထန် ကြောင်း၊ အလွန်နီးကပ်သည့်ကာလတွင် ရာသီ ဥတုပြောင်းလဲမှု၏ ဆိုးကျိုးနှင့် ပိတ်မိနေမည်ဖြစ် ကြောင်း၊ အပူချိန်မြင့်တက်မှုဆိုးကျိုးကြောင့် ထိခိုက်ခံစားရမည်ဖြစ်ကြောင်းနှင့် ရာသီဥတု ပြောင်းလဲမှုနှင့် လိုက်လျောညီထွေနေထိုင်ရေး (Climate Change Adaptation) သည် များစွာ အရေးကြီးကြောင်း ဖော်ပြထားပါသည်။
Global Climate Risk Index 2021 ၏ မှတ်တမ်းများအရ ၂၀၁၉ ခုနှစ်တွင် မိုဇမ်းဘစ်၊ ဇင်ဘာဘွေနှင့် ဘဟားမားစ်နိုင်ငံတို့သည် ရာသီ ဥတုပြင်းထန်မှု ဆိုးကျိုးကို အများဆုံးခံစားခဲ့ကြ ရပြီး ခရစ်နှစ် ၂၀၀၀ မှ ၂၀၁၉ ခုနှစ်အတွင်း ပွာတိုရီကို၊ မြန်မာနှင့် ဟေတီနိုင်ငံတို့သည် ရာသီဥတုပြင်းထန်မှု ဆိုးကျိုးကို အများဆုံးခံစားခဲ့ကြရသောနိုင်ငံများ ဖြစ်ကြသည်။ အဆိုပါ အနှစ် ၂၀ အတွင်း ကမ္ဘာ တစ်ဝန်း ရာသီဥတုဖောက်ပြန်မှုအကြိမ် ၁၁၀၀၀ အထိ ဖြစ်ပွားခဲ့ကာ လူပေါင်း ၄၇၅၀၀ အထိ အသက် ဆုံးရှုံးခဲ့ကြရသည်။ ပျက်စီးဆုံးရှုံးမှုမှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၅၆ ထရီလီယံအထိ ရှိခဲ့သည်။ သိပ္ပံပညာရှင်များကမူ ကမ္ဘာ့အပူချိန် မြင့်မားမှု ကြောင့် ကြောက်မက်ဖွယ်ရာကောင်းသည့် အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းများ ပိုမိုဖြစ်ပွားလာနိုင်၍ ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း တိုက်တွန်းပြော ကြားထားသည်။
The World Risk Index 2022 ၏ ခန့်မှန်းချက် များအရ ကမ္ဘာပေါ်ရှိ နိုင်ငံ ၁၉၃ နိုင်ငံအနက် ဖိလစ်ပိုင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကိုလံဘီယာနှင့် မက္ကဆီကိုနိုင်ငံတို့သည် ထိခိုက်ဆုံးရှုံးနိုင်ခြေ Risk Index အမြင့်မားဆုံးတွင် ရပ်တည်နေကြောင်း သိရပါသည်။ မြန်မာနိုင်ငံ၏ ထိခိုက်ဆုံးရှုံးနိုင်ခြေ အညွှန်းကိန်းမှာ ၃၅ ဒသမ ၄၉ ဖြစ်၍ အဆင့်(၆) ဖြစ်ပါသည်။ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ကမ္ဘာ တစ်ဝန်း ကြီးမားပြင်းထန်သည့် သဘာဝဘေးများ ဖြစ်ပွားခဲ့ရာ ၂၀၁၉-၂၀၂၀ ဩစတြေးလျတောမီး၊ ကမ္ဘာတစ်ဝန်းဖြစ်ပွားခဲ့သည့် ကိုဗစ် - ၁၉ ကပ်ရောဂါ၊ ၂၀၂၀ ပြည့်နှစ်အတွင်း ဖြစ်ပွားခဲ့သည့် အင်ဒိုနီးရှား လျှပ်တစ်ပြက် ရေကြီးရေလျှံမှု၊ ဖိလစ်ပိုင်မီးတောင် ပေါက်ကွဲမှု၊ တရုတ်၊ အိန္ဒိယ၊အီရန်၊ ဖိလစ်ပိုင်၊ ရုရှား၊ တူကီယဲသမ္မတနိုင်ငံနှင့် ကာရစ်ဘီယံကျွန်းနိုင်ငံ တို့တွင် ဖြစ်ပွားခဲ့သည့် မြေငလျင်၊ ဘင်္ဂလားဒေ့ရှ် အန်ဖန်ဆိုင်ကလုန်းမုန်တိုင်းဘေး၊ အာသံ ရေကြီး ရေလျှံဘေး၊ အန္တာတိက ဆီးနှင်းကျရောက်မှုများ သည် မှတ်တမ်းဝင် သဘာဝဘေးများ ဖြစ်ပါသည်။ ယခုနှစ်အတွင်း အာဖရိကနှင့် အာရှနိုင်ငံအချို့၌ ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှု ဘေးများသည် ရာသီဥတုပြောင်းလဲမှုနှင့် ဆက်နွှယ်လျက်ရှိပါသည်။ ယခုကဲ့သို့ဖြစ်ပွားသည့်အခါ ဘေးအန္တရာယ်ကြောင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် သဘာဝဘေး ကြိုတင် သတိပေးချက်များသည် အဓိကကျသည့်ကဏ္ဍမှ ပါဝင်နေပါသည်။
သဘာဝဘေးကို မည်သူမျှ တားဆီး၍မရပါ။ သို့ရာတွင် သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေများကိုမူ လျှော့ချနိုင်ပါသည်။ အဆိုပါ လုပ်ငန်းများ၏ အခြေခံအုတ်မြစ်သည် ကြိုတင်ပြင် ဆင်ခြင်း(Preparedness)၊ ကြိုတင်ဆောင်ရွက်ခြင်း (Proactive)နှင့် အဆင်သင့်ဖြစ်နေစေခြင်း(Readi- ness)တို့ ဖြစ်ပါသည်။ သဘာဝဘေးဆိုင်ရာ ကြိုတင် သတိပေးချက်(Early Warning)များကို ဘေး ကျရောက်မည့်ဒေသရှိ ပြည်သူလူထုက အချိန်နှင့် တစ်ပြေးညီ ရရှိပါက ဘေးကင်းစိတ်ချရသည့် နေရာကို အချိန်မီပြောင်းရွှေ့ခြင်းဖြင့် အချိန်မီ ကြိုတင်ပြင်ဆင်(Early Action) ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
နိုင်ငံတကာက ကျင့်သုံးလျက်ရှိသည့် သဘာဝဘေးစီမံခန့်ခွဲမှုစနစ်များတွင် (Prospective Risk Management)ခေါ် အနာဂတ်တွင် ဖြစ်လာ နိုင်သည့်ဘေးကို မျှော်တွေးတွက်ဆကာ ကြိုတင် ပြင်ဆင်လုပ်ဆောင်သည့် နည်းစနစ်များနှင့်အညီ ဆောင်ရွက်လျက်ရှိသဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေကို ပိုမိုလျှော့ချနိုင်မည်ဖြစ်ပါသည်။
ကြိုတင်သတိပေးစနစ်ထိရောက်မှ
ဆုံးရှုံးနိုင်ခြေ နည်းပါးရ
သဘာဝဘေးနှင့် ပတ်သက်လာပါက ကြိုတင် သတိပေးစနစ်အားကောင်းရန် အရေးကြီးပါသည်။ မုန်တိုင်းများ၊ မီးတောင်ပေါက်ကွဲမှု ၊ ဆူနာမီရေလှိုင်း များ ဖြစ်ပေါ်မှုကို ကြိုတင်ခန့်မှန်းတွက်ချက်၍ သတိပေးချက် ထုတ်ပြန်နိုင်သဖြင့် အသက်ဆုံးရှုံးမှု၊ ပစ္စည်းဥစ္စာနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီး မှုကို လျှော့ချနိုင်ပါသည်။ အလားတူ မိုးခေါင်ရေရှား ဘေးနှင့် ကပ်ရောဂါ ဖြစ်ပွားမှုများတွင်လည်း လက်ဦးမှုရယူကာ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင် ကြောင်း တွေ့ရှိရပါသည်။ ကြိုတင်သတိပေးစနစ် ဟူသည် ဘေးဖြစ်ပွားလာနိုင်သည့်အခြေအနေကို ကြိုတင်သတိပြုနိုင်အောင် ရှေ့ပြေးအသိပေးချက် ဖြစ်ပါသည်။ ကြိုတင်သတိပေးစနစ်ကို ဘေးအန္တရာယ် များမှ ထိခိုက်ဆုံးရှုံးနိုင်ခြေနည်းပါးရေး ကြိုတင် ပြင်ဆင်နိုင်အောင်၊ တုံ့ပြန်မှုဆောင်ရွက်ရာတွင် အကျိုးရှိသည့် စနစ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး ဖြစ်ပါသည်။ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြိုတင်သတိပေးစနစ်သည် များစွာအရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ် ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ် ချက်များ (UN Resolutions)တွင် ဖော်ပြထားပြီး ဖြစ်ပါသည်။ သို့ဖြစ်၍ အဆိုပါစနစ်ကို လက်ခံအသုံး ပြုမည့်သူများထံ အချိန်မီရောက်ရှိရေး ဖြစ်နိုင်သမျှ သောနည်းလမ်းများ အသုံးပြုရန် အရေးတကြီး လိုအပ်မည် ဖြစ်ပါသည်။ ထိရောက်မှုရှိသော ကြိုတင် သတိပေးစနစ်တွင် အဓိက ကဏ္ဍလေးခု ပါဝင်ပါ သည်။
ဘေးဖြစ်ပွားနိုင်ခြေ စုံစမ်းစစ်ဆေးခြင်း၊ စောင့်ကြပ်လေ့လာခြင်းနှင့် ကြိုတင်ခန့်မှန်းတွက် ချက်ခြင်းကို နံပါတ်(၁)ကဏ္ဍ၊ ထိခိုက်ဆုံးရှုံးနိုင်ခြေ ခွဲခြမ်းစိတ်ဖြာခြင်းကို နံပါတ်(၂)ကဏ္ဍ၊ တာဝန်ရှိသူ များက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ခြင်းကို နံပါတ်(၃)ကဏ္ဍနှင့် အရေးပေါ်ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ရေးအစီ အစဉ်များ ဆောင်ရွက်ခြင်းကို နံပါတ်(၄)ကဏ္ဍ အဖြစ် အသီးသီးသတ်မှတ်ထားပါသည်။
ပြည်သူဗဟိုပြု ကြိုတင်သတိပေးစနစ် အားကောင်းစေဖို့ နံပါတ်တစ်
ဆန်ဒိုင်းမူဘောင်တွင် ကြိုတင်သတိပေးစနစ် နှင့် သတင်းအချက်အလက် အားကောင်းစေရေးကို ရေရှည်မြှင့်တင်ရမည့် ရည်မှန်းချက် (၃)အဖြစ် သတ်မှတ်ထားပါသည်။ SFDRR စောင့်ကြပ် လေ့လာသည့်စနစ်အရ ၂၀၂၂ ခုနှစ် ဧပြီလအထိ ကမ္ဘာ့နိုင်ငံ ၉၅ နိုင်ငံတွင် ဘေးမျိုးစုံအတွက် ကြိုတင် သတိပေးချက်စနစ် (Multi-Hazard Early Warning Systems-MHEWS) ဆောင်ရွက်ပြီးဖြစ် ကြောင်း သိရပါသည်။ ၎င်းတို့အနက် ဖွံ့ဖြိုးဆဲနိုင်ငံ များ၏ လေးပုံတစ်ပုံနှင့် ကျွန်းငယ်နိုင်ငံများ၏ သုံးပုံ တစ်ပုံ၌လည်း ကြိုတင်သတိပေးစနစ်များထားရှိပြီး ဖြစ်ကြောင်းသိရပါသည်။ SFDRR ၏ စတုတ္ထကဏ္ဍ တွင် သဘာဝဘေး ရင်ဆိုင်တုံ့ပြန်ရေးဆောင်ရွက်ရာ တွင် ကြိုတင်ပြင်ဆင်မှုကို တိုးမြှင့်ဆောင်ရွက်ရန် ဟူသည့်အချက်ကို အဓိကသတ်မှတ်ထားပါသည်။ ရေကြီးရေလျှံခြင်း၊ မိုးခေါင်ခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်း ကျရောက်ခြင်း၊ ဆူနာမီနှင့် တောမီးလောင်ခြင်း စသည့် သဘာဝဘေးများအတွက် ကြိုတင်သတိပေး စနစ်များ အားကောင်းရန် လိုအပ်ပါသည်။ သဘာဝ ဘေးဖြစ်ပွားသည့်အခါ မြေပြင်တွင်အမှန်တကယ် ရင်ဆိုင်တုံ့ပြန်နေကြရသည့် ပြည်သူလူထုအဆင့် အထိ ရောက်ရှိသည့် ပြည်သူလူထုဗဟိုပြု ကြိုတင် သတိပေးစနစ် (People-Centered Early Warly System) ရှိနေမှသာ သဘာဝဘေးကြောင့် ထိခိုက် ဆုံးရှုံးမှုနည်းပါးမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် လည်း SFDRR မူဘောင်နှင့်အညီ မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချ ရေးလုပ်ငန်းစီမံချက် (Myanmar Action Plan on Disaster Risk Reduction - MAPDRR) ကို ၂၀၁၇ ခုနှစ်မှ ၂၀၃၀ ခုနှစ်အထိ ကဏ္ဍများ ခွဲခြား ဆောင်ရွက်လျက်ရှိပါသည်။
သတိပြုဖွယ် ဘေးအန္တရာယ်
မျက်ခြည်မပြတ် လေ့လာမယ်
သဘာဝဘေးစီမံခန့်ခွဲဆောင်ရွက်ရာတွင် ဘေး အန္တရာယ်များ၏ ပြောင်းလဲလာသည့် သဘော သဘာဝ၊ ပြင်းထန်အား၊ ဖျက်ဆီးအားကို မျက်ခြည် မပြတ် လေ့လာသိရှိနေပြီး သဘာဝဘေးကြောင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် နည်းလမ်းများကို ဦးစားပေး ရှာဖွေအသုံးပြု ဆောင်ရွက်ရပါသည်။ အဆိုပါနည်းလမ်းများတွင် သဘာဝဘေး ကြိုတင် သတိပေးစနစ် အားကောင်းခိုင်မာရေးသည် အရေး ပါသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း နောင်ငါးနှစ်အတွင်း ကမ္ဘာပေါ်ရှိလူတိုင်း ကြိုတင်သတိပေးစနစ်၏ အကာအကွယ်ကို ရရှိနိုင်ရန် ဦးတည်ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားထားပါသည်။ မကြာ သေးမီက အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် ကမ္ဘာ့လုံးဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး ညီလာခံတွင်လည်း ဘေးမျိုးစုံအတွက် ပြည်သူဗဟိုပြု ကြိုတင်သတိပေး စနစ် (PCMHEWS) ခိုင်မာအားကောင်းစေရေး အလေးအနက်ထား ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါ သည်။
သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု သဘာဝအရ ဘေးဖြစ်လာမှ ရင်ဆိုင်တုံ့ပြန် ဖြေရှင်းခြင်းထက် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်ကို မျှော်တွေး ကာ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဖြစ်နိုင် သမျှသောနည်းလမ်းများဖြင့် စီမံဆောင်ရွက်ကြရပါ သည်။ ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်လာပါက အခုထက်ပိုမို အလေးထားဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ အပြည်ပြည်ဆိုင်ရာမူဘောင်၊ သဘောတူညီချက်များ နှင့်အညီ နည်းပညာများကို မျက်ခြည်မပြတ်လေ့လာ အသုံးချကာ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက် ရန် လိုအပ်ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနသည် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပေးလျက်ရှိသည့် မိုးလေ ဝသနှင့် ဇလဗေဒအခြေအနေ၊ ရာသီဥတုအခြေအနေ၊ မိုးလေဝသထူးခြားဖြစ်စဉ်များ၊ ဆိုးရွားသည့်ရာသီ ဥတု ဖြစ်ပေါ်နိုင်မှုများ စသည့် သတင်းအချက် အလက်များရယူကာ ဘေးဖြစ်ပွားနိုင်သည့်ဒေသ များသို့ အချိန်နှင့်တစ်ပြေးညီ သတိပေးခြင်း၊ အသိပေး ထုတ်ပြန်ခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။ ထိုမျှမက ဘေးစီမံခန့်ခွဲမှုဦးစီးဌာနသည် သဘာဝ ဘေး ကျရောက်နိုင်ခြေဆိုင်ရာ အသိပညာ ဗဟု သုတများ ဖြန့်ဝေခြင်း၊ ပြည်သူလူထုပူးပေါင်းပါဝင် သည့် သဘာဝဘေး ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အရေးပေါ်တုံ့ပြန်မှုစွမ်းရည် အားကောင်းစေရေး စွမ်းရည်မြှင့်သင်တန်းများ ပို့ချခြင်းတို့အပြင် နည်းပညာဆိုင်ရာ သတင်းအချက်အလက်မျှဝေ ခြင်း လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ကြောင်း တွေ့ရှိရပါသည်။ ထူးခြား မိုးလေဝသအခြေအနေ၊ သဘာဝဘေး ကြိုတင် သတိပေးချက်များကို ဘေးဖြစ်ပွားမည့်ဒေသရှိ ပြည်သူလူထုသိရှိကာ လိုအပ်သည်များ ပြင်ဆင် ဆောင်ရွက်နိုင်ရန်အတွက်လည်း (Myanmar Disaster Alert-MDA Application) တစ်ခုကို ရေးဆွဲပြီးဖြစ်၍ မိုဘိုင်းဖုန်းများ၊ ကွန်ပျူတာများနှင့် အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်တော့မည် ဖြစ်ပါသည်။ ကြိုတင်သတိပေးစနစ်သည် ဘေး ကျရောက်နိုင်ခြေရှိ မတူညီသည့်အုပ်စုများ (အထူး သဖြင့် - သက်ကြီးရွယ်အို၊ မသန်စွမ်းသူ၊ ကိုယ် ဝန်ဆောင်အမျိုးသမီး၊ ကလေးသူငယ်များ) နှင့် ပြည်သူအားလုံးအတွက် သတင်းအချက်အလက် အလွယ်တကူရရှိနိုင်မည့်နည်းလမ်းများ အသုံးပြု ပေးပို့နိုင်ရမည် ဖြစ်ပါသည်။ MDA Application ကို အသုံးပြုခြင်းဖြင့် သဘာဝဘေးကြိုတင်သတိပေး ချက်ရရှိနိုင်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် မိုဘိုင်းဖုန်းကိုင်ဆောင်သူတိုင်း မိမိတို့၏ လက်ကိုင်ဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်ကြပါ ရန် အသိပေးတင်ပြလိုပါသည်။
ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှ ဘေးအန္တရာယ်ကင်းမည်
သဘာဝဘေးထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ လုပ်ငန်းကော်မတီ များ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များက သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ရန် အရေးကြီးပါသည်။ ထိုမျှမက ဘေးအန္တရာယ်နှင့် တွေ့ကြုံရင်ဆိုင်ကြရမည့် ပြည်သူလူထုနှင့် ပုဂ္ဂလိကကဏ္ဍပါ မကျန်ရအောင် စနစ်တကျ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်ပွားသည့် သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေကို ထိရောက်စွာ လျှော့ချနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်၍ ပြည်သူလူထုကလည်း ဘေးကင်းလုံခြုံစိတ်ချသော၊ ဘေးဒဏ်ကြံ့ကြံခံနိုင်၍ ပိုမိုကောင်းမွန်သော အနာဂတ်ကို ဧကန်မုချ ရရှိပိုင်ဆိုင်နိုင်ကြမည်ဖြစ် ပါကြောင်း အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုကြိုဆို ရေးသားလိုက်ရပါသည်။ ။
- Log in to post comments