
ကိုရီးယားသမ္မတနိုင်ငံသို့ အလုပ်သမားများစေလွှတ်ရေးနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
============================================================
နေပြည်တော် ဒီဇင်ဘာ ၁၁
ကိုရီးယားသမ္မတနိုင်ငံသို့ အလုပ်သမားများစေလွှတ်ရေးနှင့်စပ်လျဉ်း၍ ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ တက်ရောက်သည်။
ဆွေးနွေးပွဲသို့ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆောင်ဟွာ နှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ထိုသို့ဆွေးနွေးရာတွင် အလုပ်သမားစေလွှတ်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ (MOU) သက်တမ်းတိုးမြှင့်လက်မှတ်ရေးထိုးနိုင်ရေး ကိုရီးယားသမ္မတ နိုင်ငံ၊ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနမှ ပေးပို့လာသည့် MOU (မူကြမ်း)နှင့်စပ်လျဉ်း၍ မြန်မာဘက်မှ ပြင်ဆင်ဖြည့်စွက်လိုသည့် အချက်များ ကို ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနသို့ ပေးပို့ထားမှုအပေါ် အမြန်ဆုံးအကြောင်းပြန်ကြားပေးရေးကိစ္စရပ်များ၊ နှစ်ဖက် ညှိနှိုင်းအတည်ပြုချက်ရရှိပါက သက်ဆိုင်ရာဌာန၊ ကော်မတီများနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်နှင့် ခွင့်ပြုချက်များရရှိရေး ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်ပတ်သက်၍လည်းကောင်း။
ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း မြန်မာနိုင်ငံမှ အလုပ်သမားများ စေလွှတ်မှု အခြေအနေများနှင့်ပတ်သက်၍ နားလည်မှုစာချွန်လွှာအရ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် လုပ်သားစေလွှတ်ခြင်း ကို ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့ရာ ယနေ့အထိ စုစုပေါင်းလုပ်သား ၄၁၅၃၈ ဦး စေလွှတ်ခဲ့ပြီး ယခုအခါ ကမ္ဘာနှင့်အဝှမ်း ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေ သဖြင့် လုပ်သားစေလွှတ်ခြင်း လုပ်ငန်းစဉ်များကို မတ် ၁၈ ရက်မှစတင်၍ ခေတ္တ ရပ်ဆိုင်းထားခဲ့ပြီး စက်တင်ဘာ ၂ ရက်မှစ၍ Re-entry လုပ်သားများကို ကျန်းမာရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည်စေလွှတ် ခဲ့ရာ နိုဝင်ဘာ ၂၅ ရက်အထိ Re-entry လုပ်သား ၁၉၅ ဦးကို စေလွှတ်သည့် အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း။
Re-entry လုပ်သားလက်ခံမှုကို ကိုရီးယားနိုင်ငံဘက်မှ ယာယီရပ်ဆိုင်း ခဲ့သဖြင့် ထွက်ခွာရန်စောင့်ဆိုင်းနေသည့် Re-entry လုပ်သား အများအပြား ကျန်ရှိနေပြီး အဆိုပါလုပ်သားများအား အမြန်ဆုံးပြန်လည်လက်ခံနိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ လည်းကောင်း။
နိုဝင်ဘာ ၃၀ ရက်အထိ EPS-TOPIK ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုအောင်မြင်ထားပြီး တန်းစီဇယားတွင် ကျန်ရှိနေသူ ၄၁၄၃ ဦးနှင့် ကိုရီးယားသမ္မတနိုင်ငံတွင် ၄ နှစ် ၁၀ လလုပ်ကိုင်ခဲ့ပြီး Re-entry လုပ်သား အဖြစ် ပြန်လည်ထွက်ခွာမည့် လုပ်သား ၁၁၃၀ တို့ ကျန်ရှိနေသဖြင့် အဆိုပါ အလုပ်သမားများ အမြန်ဆုံးခေါ်ယူပေးနိုင်ရေးနှင့် ပတ်သက်၍လည်းကောင်း။
၁၂ ကြိမ်မြောက် အရည်အချင်းစစ် စာမေးပွဲအောင်မြင်ထားသူများအနက် အလုပ်ခေါ်စာမရရှိသေး၍ တန်းစီဇယားတွင် ကျန်ရှိနေသူ ၃၄၈၁ ဦးသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း တန်းစီဇယားသက်တမ်း (၂) နှစ် ကုန်ဆုံးမည်ဖြစ် သည့်အတွက် ၎င်းတို့၏ တန်းစီဇယားသက်တမ်းကို(၁)နှစ် ထပ်မံတိုးပေးနိုင်ရေး အခြေအနေများ၊ ကိုဗစ်-၁၉ ကာလအတွင်း အသွားအလာ ကန့်သတ်ချက်များ ကြောင့် ၁၄ ကြိမ်မြောက် EPS-TOPIK ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲအတွက် လျှောက်လွှာ ထုတ်ပေး၊ လက်ခံခြင်းကို Mobile Application အသုံးပြု၍ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း ဆောင်ရွက်လိုကြောင်း HRD-Korea မှ နိုဝင်ဘာ ၁၇ ရက်တွင် အကြောင်းကြားလာခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိသည့် အခြေအနေများနှင့်ပတ်သက်၍ လည်းကောင်း။
မြန်မာနိုင်ငံမှ လုပ်သားသစ်များ စတင်စေလွှတ်ချိန်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေးအတွက် နှစ်နိုင်ငံ သတ်မှတ်ထားသည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုရီးယားသမ္မတနိုင်ငံ၏ ပြည်ဝင်ခွင့်သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားနိုင်ရေး နှင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အလုပ်သမားများ စေလွှတ်နိုင်ရေး အခြေအနေများနှင့်ပတ်သက်၍ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်