ကိုရီးယားသမ္မတနိုင်ငံ သမ္မတရုံး စီးပွားရေးအကြံပေး Mr. Park Bokyeong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလတံတား) စီမံကိန်း သွားရောက်ကြည့်ရှု

 

 

ရန်ကုန် ဒီဇင်ဘာ ၂၅

 

 

မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ကိုရီးယားသမ္မတ နိုင်ငံ သမ္မတရုံး စီးပွားရေးအကြံပေး Mr. Park Bokyeong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၁ဝ နာရီက မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလတံတား) စီမံကိန်း သို့ သွားရောက်ကြည့်ရှုသည်။

ရှေးဦးစွာ တံတားရှင်းလင်း ဆောင်တွင် တံတားတည်ဆောက်ရေး Consultant ကုမ္ပဏီ Soosung Engineering မှ ဒုတိယစီမံကိန်း မန်နေဂျာ Mr. Park Andrew က စီမံကိန်းပြီးစီးမှုအခြေအနေကို Video Clip ဖြင့်တင်ပြပြီး စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ စီမံကိန်း၏ အရေးပါမှုနှင့် ရန်ကုန်မြို့အတွက် ဖွံ့ဖြိုးတိုးတက်လာမည့် အလားအလာ များကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုအပေါ် ကိုရီးယား သမ္မတနိုင်ငံ သမ္မတရုံး စီးပွားရေး အကြံပေး Mr. Park Bokyeong က ဒလတံတားစီမံကိန်းသည် သာမန် အားဖြင့် ရန်ကုန်နှင့်ဒလ ဆက်သွယ် သော တံတားဖြစ်သော်လည်း ပို၍ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပါက ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံကို ဆက်သွယ်ချိတ်ဆက်သည့် တံတားဟု ပြောနိုင်ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် တံတားကြီးပြီးစီးပါက ဖြတ်သန်း သွားလာသည့် ပြည်သူများအနေဖြင့် လည်း နှစ်နိုင်ငံရင်းနှီးမှုကို ခံစားရမည် ဖြစ်ပြီး ယခင်က ရန်ကုန်နှင့် ဒလကို သင်္ဘောဖြင့်သွားရပြီး ကားဖြင့်သွားပါ က နှစ်နာရီခန့်ကြာရာမှ တံတား ပြီးပါက ငါးမိနစ်ခန့်သာ ကြာမည်ဖြစ် ကြောင်း၊ ဒလဘက်တွင် နေထိုင်သည့် ပြည်သူများနေထိုင်မှုဘဝ တိုးတက် လာမည်ဖြစ်ကြောင်း၊ ကိုရီးယားနိုင်ငံ ၏ လှပအဆင့်မြင့်သည့်တံတားကြီး ရရှိလာမည်ဖြစ်ပြီး အင်ဂျင်နီယာပိုင်း ဆိုင်ရာ နည်းပညာများလည်း ရရှိမည် ဖြစ်ကြောင်းနှင့် သတ်မှတ်ချိန်အတွင်း ပြီးစီးရေး ကြိုးစားဆောင်ရွက်သွား ရန် ပြောကြားသည်။

ယင်းနောက် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းက တံတားကြီးပြီးစီး သွားပါက ဒလဘက်ကမ်းမှ ပြည်သူ များ လူနေမှုအဆင့်မြင့်လာပြီး ဖွံ့ဖြိုး လာမည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၏ ဝင်ပေါက်တစ်ခုလည်း ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက် ကိုရီးယားသမ္မတနိုင်ငံ သမ္မတရုံး စီးပွားရေးအကြံပေးနှင့် ဒုတိယဝန်ကြီးတို့သည် ရန်ကုန်ဘက် ကမ်း ယာယီတံတားနှင့် Working Plat- form ပေါ်ရှိ စီမံကိန်းလုပ်ငန်းခွင်ကို လှည့်လည်ကြည့်ရှုသည်။ (အပေါ်ဝဲပုံ)

ဒလတံတားစီမံကိန်းကို ကိုရီးယား နိုင်ငံ EDCF ချေးငွေဖြင့် တည်ဆောက် နေခြင်းဖြစ်ပြီး တံတားစုစုပေါင်း အရှည်မှာ ၆၁၂၈ ပေရှိပြီး လေးလမ်း သွား Cable Stayed Bridge အမျိုး အစားဖြစ်ကြောင်း၊ ချဉ်းကပ်တံတား မှာ ဒလဘက်ကမ်း၌ လေးလမ်းသွား ဖြင့် နာရီစင်ဘက်သို့ တည့်တည့် သွားမည်ဖြစ်ပြီး ရန်ကုန်ဘက်ကမ်း တွင် ဘုန်းကြီးလမ်းဘက်သို့ နှစ်လမ်း သွားဖြင့်လည်းကောင်း၊ ကမ်းနားလမ်း အတိုင်း ဝါးတန်းဘက်နှင့်ပန်းဆိုးတန်း ဘက်သို့ တစ်လမ်းသွားစီ မီတာ ၅၀၀ အရှည် (Ramp) တံတားများဖြင့် လည်းကောင်း ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းတည်ဆောက်ချိန် ၄၁ လ ကြာမြင့်မည်ဖြစ်ကာ ယခုအခါ တံတားတစ်စင်းလုံး၏ ၂၁ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် ကိုရီးယားသမ္မတ နိုင်ငံ သမ္မတရုံး စီးပွားရေးအကြံပေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် Lottle ဟိုတယ်တွင် ပြုလုပ် သည့် Korean Association၊ ကိုရီးယားနိုင်ငံအစိုးနှင့် UNHCR တို့မှ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပေးအပ် လှူဒါန်းပွဲအခမ်းအနားသို့ တက် ရောက်သည်။ သတင်းစဉ်