ကိုရီးယားနိုင်ငံ၏ အများပြည်သူဆိုင်ရာအဖွဲ့အစည်းများအတွင်း ဖြောင့်မတ်တည်ကြည်မှု ဆန်းစစ်အကဲဖြတ်ခြင်းစနစ်

Type

 

လင်းလက်

လေ့လာ အတုယူ


မြန်မာနိုင်ငံအဂတိလိုက်စားမှု     တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အဂတိလိုက်စားမှု   တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာအတွေ့အကြုံများကို လေ့လာအတုယူ၍  မိမိနိုင်ငံနှင့်  သင့်တော်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေး နည်းလမ်းများကို ရှာဖွေဖော်ထုတ်ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ် ရာ အာရှဒေသတွင်း အဂတိလိုက်စားမှု တိုက်ဖျက် ရေးလုပ်ငန်းများတွင် အောင်မြင်နေသည့် နိုင်ငံများ အနက်    ကိုရီးယားနိုင်ငံ၏    အဂတိလိုက်စားမှု  တိုက်ဖျက်ရေးဆောင်ရွက်မှုများမှ      တားဆီး ကာကွယ်ရေး လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ဖြောင့်မတ် တည်ကြည်မှု   ဆန်းစစ်ခြင်းစနစ်ကို   အကျဉ်းမျှ လေ့လာတင်ပြလိုပါသည်။

 


သမိုင်းကြောင်း


 ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် ကိုရီးယားသမ္မတနိုင်ငံ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူ့အခွင့်အရေး ကော်မရှင် (Anti-Corruption and Civil Rights Commission _ ACRC) သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး     လုပ်ငန်းများအနေဖြင့် ဖြောင့်မတ်တည်ကြည်မှု ဆန်းစစ်ခြင်းလုပ်ငန်းများ၊ အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှုဆန်းစစ်ခြင်း လုပ်ငန်းများ၊  အများပြည်သူဆိုင်ရာ  အရာရှိများ အတွက်  ကျင့်ဝတ်လိုက်နာစေရေး ဆောင်ရွက်မှုများ နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ သင်တန်း  များပို့ချခြင်းတို့ကို  ဆောင်ရွက်လျက်ရှိပြီး  စုံစမ်း စစ်ဆေးအရေးယူခြင်းနှင့်စပ်လျဉ်း၍   တိုင်ကြား စာများကို   ကိုင်တွယ်ဖြေရှင်းခြင်း၊   ကျင့်ဝတ် ဖောက်ဖျက်မှုများအား  အရေးယူခြင်းနှင့်   အများ ပြည်သူအကျိုးစီးပွားအတွက် သတင်းပေး ဖော်ထုတ် တိုင်ကြားသူများအား    အကာအကွယ်ပေးခြင်း စသည့်  လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ဟု လေ့လာ သိရှိရပါသည်။

 


ဖြောင့်မတ်တည်ကြည်မှု ဆန်းစစ်ခြင်း


 ACRC သည်   အဂတိလိုက်စားမှု   တားဆီး ကာကွယ်ရေးလုပ်ငန်းစဉ်တစ်ခုအနေဖြင့်   ၂၀၀၂ ခုနှစ်မှစ၍ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ အတွင်း   ဖြောင့်မတ်တည်ကြည်မှု   ဆန်းစစ်ခြင်း လုပ်ငန်းများကို အောက်ဖော်ပြပါ ရည်ရွယ်ချက်များ ဖြင့် စတင်မိတ်ဆက် ဆောင်ရွက်ခဲ့ပါသည် - 


(က)    ဖြောင့်မတ်တည်ကြည်မှု  မြှင့်တင် ရေးနှင့်  အဂတိလိုက်စားမှုတိုက်ဖျက် ရေးလုပ်ငန်းများ ထိရောက်အောင်မြင် စေရေးအတွက် လိုအပ်သော ပြဋ္ဌာန်း ချက်များ   ပြဋ္ဌာန်းနိုင်ရေးအတွက် အခြေခံအချက်အလက်များ ရရှိနိုင်ရန်၊
( ခ )    အများပြည်သူဝန်ဆောင်မှု    လုပ်ငန်း များဆောင်ရွက်ပေးနေသည့်   ဌာနခွဲ များ၏     ဖြောင့်မတ်တည်ကြည်မှု အဆင့်ကို  စိစစ်သုံးသပ်ခြင်းအားဖြင့် အဖွဲ့အစည်းအတွင်းရှိ   တစ်ဦးချင်းစီ၏ ဖြောင့်မတ်တည်ကြည်မှု       အဆင့် အတန်းကို မြှင့်တင်ပေးနိုင်ရေး ဦးစား ပေးနယ်ပယ်နှင့်    လုပ်ငန်းစဉ်များ သတ်မှတ်နိုင်ရန်။
( ဂ )    ရလဒ်များကို     အများပြည်သူသို့ ထုတ်ပြန်ကြေညာမှုမှတစ်ဆင့် အများ ပြည်သူဆိုင်ရာ  အဖွဲ့အစည်းတစ်ခု ချင်းစီအနေဖြင့် မိမိ၏ ကိုယ်ပိုင်အစီ အစဉ်ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက် ရေးလုပ်ငန်းများ  ဆောင်ရွက်လာစေ မည့် ဝန်းကျင်ကောင်းတစ်ခု ဖန်တီး ပုံဖော်နိုင်ရန်။
(ဃ)    ရလဒ်များကို    အများပြည်သူသို့ ထုတ်ပြန်ကြေညာမှုမှတစ်ဆင့် အများ ပြည်သူဆိုင်ရာ အဖွဲ့အစည်းများအတွင်း သာမက  လူ့အဖွဲ့အစည်းတစ်ခုလုံးတွင် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး အစီအစဉ်များ ဖန်တီးပုံဖော်နိုင်ရန်။
အခြေခံတွက်ချက်သည့် အညွှန်းကိန်းများ
 အများပြည်သူဆိုင်ရာ    အဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှုကို ဆန်းစစ်အကဲဖြတ် နိုင်ရေး စစ်တမ်းကောက်ယူရာတွင် အောက်ဖော်ပြပါ အညွှန်းကိန်းလေးခုကို အဓိကအခြေခံ ကောက်ယူ တွက်ချက်သည်ဟု လေ့လာတွေ့ရှိရပါသည် -
 (က)    External Integrity  -  ဝန်ဆောင်မှုပေး သည့် တာဝန်ရှိသူများအပေါ် ၎င်းတို့ တာဝန်ထမ်းဆောင်မှုများတွင် အဂတိ လိုက်စားမှုနှင့် စပ်လျဉ်းသည့် အပြုအမူ များ   ရှိ/မရှိနှင့်  ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊  တာဝန်ခံမှု ရှိ/မရှိ တို့ အပေါ် ဝန်ဆောင်မှုရယူသည့် ပြည်သူ လူထု၏ သဘောထားအမြင်များကို အခြေခံကာ အကဲဖြတ်အမှတ်ပေးခြင်း။ 
 (ခ)    Internal Integrity  - သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းအတွင်းရှိ  ဝန်ထမ်းများက ၎င်းတို့ ဌာန/အဖွဲ့စည်းအပေါ် ၎င်းတို့ ကိုယ်တိုင် သုံးသပ်အကဲဖြတ်မှုအပေါ် အခြေခံကာ အကဲဖြတ်အမှတ်ပေးခြင်း။ 
 (ဂ)    Policy Customer Evaluation - ကျွမ်းကျင်ပညာရှင်များ၊    လုပ်ငန်း ဆက်စပ်လုပ်ကိုင်သူများနှင့်  ဒေသခံ များ စသည့်မူဝါဒပိုင်းဆိုင်ရာ လုပ်ငန်း ဆက်စပ်သူများ၏   အဖွဲ့အစည်း၏ မူဝါဒချမှတ်မှုနှင့် လုပ်ငန်းဆောင်ရွက် မှုများအပေါ် သဘောထားအမြင်များကို အခြေခံကာ အကဲဖြတ်အမှတ်ပေးခြင်း။ 
(ဃ)    Occurrences of Corruption - အမှန် တကယ်   ဖြစ်ပွားခဲ့သည့်    အဂတိ လိုက်စားမှုများကို  အခြေခံတွက်ချက် ကာ အကဲဖြတ်အမှတ်ပေးခြင်း။ 

 


စစ်တမ်းကောက်ယူခြင်း


 စစ်တမ်းကောက်ယူနိုင်ရေး    ဦးတည်အုပ်စု ရွေးချယ်သတ်မှတ်ရာတွင်  အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့ အစည်းများ၏ အရွယ်အစားနှင့် လုပ်ငန်းဆောင်ရွက် မှု   အခြေအနေများကို  မူတည်ကာ   စစ်တမ်း ကောက်ယူရမည့် ဦးတည်အုပ်စု ရွေးချယ်သတ်မှတ် ခြင်းဆောင်ရွက်သည်ကို     လေ့လာသိရှိရပါသည်။ ဦးတည်အုပ်စုသတ်မှတ်ပြီးပါက External Integrity အညွှန်းကိန်းအတွက်   စစ်တမ်းကောက်ယူမည့် ဌာန/အဖွဲ့အစည်း တစ်ခုစီအတွက် နမူနာမေးခွန်း လွှာ ၅၀ ကောက်ယူပါသည်။  Internal Integrity  အညွှန်းကိန်းအတွက်   နမူနာအရွယ်အစားကိုမူ စစ်တမ်းကောက်ယူမည့်   ဌာန/အဖွဲ့အစည်း၏ အရွယ်အစားနှင့်  ဝန်ထမ်းအရေအတွက်တို့အပေါ် အခြေခံကာ တွက်ချက်သတ်မှတ်ပါသည်။ Policy Customer Evaluation အညွှန်းကိန်းအတွက်မူ စစ်တမ်းကောက်ယူမည့်   ဌာန/အဖွဲ့အစည်းနှင့် လုပ်ငန်းဆက်စပ်လုပ်ကိုင်လျက်ရှိသည့်     အဖွဲ့ အစည်းများ၏ အချက်အလက်များအပေါ် အခြေခံ တွက်ချက် သတ်မှတ်ပါသည်။

 


၂၀၂၁ ခုနှစ်အတွက် ရလဒ်များထုတ်ပြန်ခြင်း


 ၂၀၂၁ ခုနှစ်အတွက်    အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများအတွင်း  ဖြောင့်မတ်တည်ကြည်မှု ဆန်းစစ်ခြင်းကို  ၂၀၂၀ ပြည့်နှစ်  ဇူလိုင်လမှ ၂၀၂၁ ခုနှစ် ဇွန်လအတွင်း ဗဟိုအုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့အစည်း ၄၇ ခု၊ ပြည်နယ်အစိုးရအဖွဲ့ ၂၄၃ ဖွဲ့၊ ပညာရေးဌာန ၉၀နှင့်   အများပြည်သူဝန်ဆောင် မှုလုပ်ငန်းများကို ဆောင်ရွက်ရသည့် ဌာန/ အဖွဲ့ အစည်း ၂၁၂ ခု   စုစုပေါင်း အများပြည်သူဆိုင်ရာ အဖွဲ့အစည်း ၅၉၂ ခုသို့  စစ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ပြီး ရလဒ်များကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင်   ထုတ်ပြန်ကြေညာခဲ့ပါသည်။   ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း အများပြည်သူ ဆိုင်ရာ   အဖွဲ့အစည်းများအတွင်း  ဖြောင့်မတ် တည်ကြည်မှု ဆန်းစစ်အကဲဖြတ်ခြင်းရလဒ်များကို   လေ့လာ ကြည့်ပါက  အောက်ဖော်ပြပါအတိုင်း   တွေ့ရှိရပါ သည် -
ရမှတ်သတ်မှတ်ချက်အနေဖြင့်   “၀” (သုည) သည်  ဖြောင့်မတ်တည်ကြည်မှု  လုံးဝမရှိသည့် အခြေအနေကို    ကိုယ်စားပြုပြီး “၁၀” သည် ဖြောင့်မတ်တည်ကြည်မှု အမြင့်ဆုံးအခြေအနေကို ကိုယ်စားပြုပါသည်။ ACRC အနေဖြင့် ဆန်းစစ်ချက် ရလဒ်များကို  နှစ်စဉ်  ဒီဇင်ဘာလခန့်တွင် ထုတ်ပြန် လေ့ရှိပြီး အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ အတွင်း   အဂတိလိုက်စားနိုင်ခြေ   အန္တရာယ်ရှိမှု အခြေအနေများကို လျှော့ချနိုင်ရေး နည်းလမ်းများ ကို အကြံဉာဏ်ပေးခြင်းနှင့် ၎င်းတို့၏ လုပ်ငန်း သဘောသဘာဝနှင့်   အကိုက်ညီဆုံးဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မူဝါဒများချမှတ် နိုင်ရေးအတွက် လိုအပ်သော အကြံပြုချက်များကို ကူညီပံ့ပိုးပေးလျက်ရှိသည်ဟု     သိရပါသည်။ ACRC၏   အများပြည်သူဆိုင်ရာ   အဖွဲ့အစည်း များအတွင်း ဖြောင့်မတ်တည်ကြည်မှုကို ဆန်းစစ် လေ့လာခြင်း အစီအစဉ်ကို နိုင်ငံတကာအဖွဲ့အစည်း များက အသိအမှတ်ပြုခဲ့ပြီး   ၂၀၁၂ ခုနှစ်တွင် ကုလသမဂ္ဂ၏ အများပြည်သူဆိုင်ရာ ကဏ္ဍအတွင်း အဂတိလိုက်စားမှု တားဆီးကာကွယ်ခြင်းဆိုင်ရာ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုဆုကို ရရှိခဲ့ပါ သည်။ ထို့အပြင် ဂျာမနီနိုင်ငံအခြေစိုက် European Research Centre for Anti-Corruption and State Building မှ    ၁၃-၁-၂၀၂၂ ရက်နေ့တွင် ထုတ်ပြန်သည့် Index of Public Integrity (IPI) အညွှန်းကိန်းတွင်  ရမှတ် ၈ ဒသမ ၀၉ ဖြင့် နိုင်ငံ ပေါင်း ၁၁၄ နိုင်ငံတွင်  အဆင့် ၁၈ နေရာတွင် ရပ်တည်နေပြီး  အာရှဒေသတွင်း ၁၆ နိုင်ငံတွင် အဆင့် ၁ နေရာတွင် ရပ်တည်နေသည်ကိုတွေ့ရှိရ ပါသည်။ သို့ဖြစ်ရာ ကိုရီးယားနိုင်ငံရှိ အများပြည်သူ ဆိုင်ရာ   အဖွဲ့အစည်းများအတွင်း  ဖြောင့်မတ် တည်ကြည်မှု မြင့်မားသကဲ့သို့ အစိုးရ၏ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး   လုပ်ငန်းများမှာလည်း ထိရောက်အောင်မြင်နေသည်ဟု လေ့လာသိရှိရ ပါသည်။

 


တစ်ဖက်တွင်လည်း    အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိပြီး  ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၈ ခုနှစ် ကာလအတွင်း သမ္မတဟောင်း  ငါးဦးကို အဂတိလိုက်စားမှုဖြင့်   စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့သည်ကို  လေ့လာတွေ့ရှိနိုင်ပါသည်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း သမ္မတတာဝန် ထမ်းဆောင်ခဲ့သည့် နိုင်ငံ၏ ပထမဦးဆုံးအမျိုးသမီး  သမ္မတဖြစ်ခဲ့သူ ပတ်ဂွန်ဟီးကို တောင်ကိုရီးယားနိုင်ငံ တရားလွှတ်တော်ချုပ်က အဂတိလိုက်စားမှု များနှင့် လုပ်ပိုင်ခွင့်အလွဲသုံးစားပြုမှုများအတွက် ၂၀၂၁ ခုနှစ်ဇန်နဝါရီလ ၁၄ ရက်တွင်  ထောင်ဒဏ် နှစ် ၂၀ နှင့်  ငွေဒဏ် ဝမ် ၁၈ ဘီလီယံ  ချမှတ်ခဲ့ပါသည်။ ၎င်းအနေဖြင့် ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုများ အတွက်လည်း ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံခဲ့ရပါ သည်။ ပတ်ဂွန်ဟီးအနေဖြင့် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ဆမ်ဆောင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီအချို့ထံမှ  ဒေါ်လာသန်းပေါင်းများစွာကို သူငယ်ချင်းဖြစ်သူနှင့် ပူးပေါင်းကြံစည်ရယူခဲ့မှုများ ကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါသည်။

 


စံနမူနာထားဆောင်ရွက်စေလို


 မြန်မာနိုင်ငံအနေဖြင့်လည်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင်  ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုအဆင့် ဝန်ကြီး ဌာန အဖွဲ့အစည်း ၃၇ ခုတို့တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့    (Corruption Pre-
vention Units – CPU) များကို ဖွဲ့စည်းထားပြီးဖြစ် သည်ကို တွေ့ရှိရပါသည်။ CPU များ၏ လုပ်ငန်း တာဝန်များတွင်လည်း   အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှုဆန်းစစ်ခြင်းလုပ်ငန်းစဉ် ပါဝင်သဖြင့် ကိုရီးယားနိုင်ငံ၏  အများပြည်သူဆိုင်ရာ  အဖွဲ့ အစည်းများအတွင်း      ဖြောင့်မတ်တည်ကြည်မှု ဆန်းစစ်ခြင်းလုပ်ငန်းကို စံနမူနာယူကာ မိမိဌာန/အဖွဲ့အစည်းနှင့် အကိုက်ညီဆုံးဖြစ်သည့် ဖြောင့်မတ် တည်ကြည်မှုဆန်းစစ်ခြင်းစနစ်ကို     အကောင် အထည်ဖော်ခြင်း သို့မဟုတ် ကော်မရှင်မှ ဝန်ကြီး ဌာန/အဖွဲ့အစည်းများနှင့်   ညှိနှိုင်းပေါင်းစပ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  အများပြည်သူ ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဖြောင့်မတ် တည်ကြည်မှု ဆန်းစစ်ခြင်းလုပ်ငန်းကို ဆောင်ရွက် နိုင်မည်ဆိုပါကလည်း အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေး အရွေ့တစ်ခုကို ပုံဖော်နိုင်မည်ဖြစ်ပါ ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။     ။


ကိုးကား -  https://www.acrc.go.kr/en