ကိုရီးယားစီးပွားရေးအဖွဲ့နှင့် UMFCCI ကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ ဆက်လက်ဖန်တီး‌ပေးနိုင်ရေး ဆွေးနွေး

 

ရန်ကုန်   ဖေဖော်ဝါရီ    ၂


မြန်မာနိုင်ငံအခြေစိုက် Korea Chamber of Commerce in Myanmar (KOCHAM) ဥက္ကဋ္ဌ  Mr. Park Jeong -Hwan  နှင့်   အဖွဲ့ဝင်များသည်  ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် တာဝန် ရှိသူများအား    ဇန်နဝါရီ   ၂၆  ရက်က    အသင်းချုပ်ရုံးသို့   လာရောက် တွေ့ဆုံပြီး ကိုရီးယား - မြန်မာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများကို ဆွေးနွေးခဲ့ သည်။
(KOCHAM)  ဥက္ကဋ္ဌက မြန်မာနိုင်ငံတွင် ကိုရီးယားကုမ္ပဏီ ၂၀၀ ခန့် ရင်းနှီးမြှုပ်နှံမှုရှိကြောင်း၊ ကုမ္ပဏီ ၁၀၀ ခန့်သည် အထည်ချုပ်လုပ်ငန်း ကုမ္ပဏီများဖြစ်ကြပြီး     အခြားသောလျှပ်စစ်ပစ္စည်း၊   အလှကုန်၊ စားသောက်ကုန်၊ လူသုံးကုန်အစရှိသည့် ကဏ္ဍများတွင်   ရင်းနှီးမြှုပ်နှံ ထားသည့်     ကိုရီးယားလုပ်ငန်းရှင်များအနေဖြင့်    မြန်မာနိုင်ငံတွင် အဆင်ပြေချောမွေ့စွာ   လုပ်ငန်းလုပ်ဆောင်နိုင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဆက်လက်ဖန်တီးပေးနိုင်ရေးအတွက် အသင်းချုပ်က ပံ့ပိုးမှု၊ လမ်းညွှန်မှု၊ အကြံပြုမှုကို  လိုအပ်ကြောင်း၊ ကိုရီးယားလုပ်ငန်း ရှင်များအတွက် ဗီဇာရရှိရေး၊ သွင်းကုန်၊ ပို့ကုန်လိုင်စင် ကန့်သတ်မှုများ ဖြေလျှော့စေရေး၊    လျှပ်စစ်မီး၊   ဒေါ်လာငွေလဲလှယ်မှုနှုန်း၊   ဈေးကွက် အခက်အခဲများနှင့်    ရင်ဆိုင်ကြုံတွေ့လျက်ရှိခြင်းကြောင့်     အကြံပြု ကူညီပေးစေလိုကြောင်း တင်ပြခဲ့ကြသည်။

 


အသင်းချုပ်ကလည်း လက်ရှိအခက်အခဲများကို အသင်းချုပ်တွင်  ဖွဲ့စည်းထားသည့် ကော်မတီများမှတစ်ဆင့် သက်ဆိုင်ရာ မူဝါဒချမှတ်သူ များ၊  ဝန်ကြီးဌာနများသို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ ကြုံတွေ့ နေရသည့်   အခက်အခဲများကို   သေချာစွာ   ရေးသားတင်ပြပေးရန်နှင့် နှစ်ဦးနှစ်ဖက်လုံးအကျိုးရှိစေမည့်  နည်းလမ်းများကိုလည်း အကြံပြု ထည့်သွင်းစေလိုကြောင်း၊   ကိုရီးယားလုပ်ငန်းရှင်များနှင့်  ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများ  ပိုမိုအားကောင်းလာစေရေးအတွက် အကောင်းဆုံးနည်းလမ်းကို  ရှာဖွေစဉ်းစား၍    တင်ပြမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

 


အစည်းအဝေးသို့ အသင်းချုပ်ဘက်မှ ဥက္ကဋ္ဌဦးအေးဝင်း၊ ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသော     ဦးအေးထွန်း၊     ဒေါက်တာဝင်းစည်သူ၊  အထွေထွေအတွင်းရေးမှူးချုပ်    ဒေါ်ခိုင်ခိုင်နွယ်နှင့်    တာဝန်ရှိသူများ  တက်ရောက် ဆွေးနွေးခဲ့ကြ​ကြောင်း သိရသည်။                    

ကိုရိုး