
ရန်ကုန် ဒီဇင်ဘာ ၂၄
ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်း (Korea-Myanmar Industrial Complex, KMIC) ပန္နက်တင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ စီမံကိန်းဧရိယာ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဗီဒီယိုဖြင့် မိန့်ခွန်း ပြောကြားသည်။
(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဗီဒီယို မိန့်ခွန်းကို စာမျက်နှာ- ၅ တွင် သီးခြား ဖော်ပြထားပါသည်။)
အပြန်အလှန် အကျိုးဖြစ်ထွန်း
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံ ခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းက အမှာစကား ပြောကြားရာတွင် ယခုအချိန် ကမ္ဘာ တစ်ဝန်းတွင် COVID ကပ်ရောဂါကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေချိန်တွင် KMIC စီမံကိန်းက မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့နိုင်ရန် အတွက် အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း၊ ယခုစီမံကိန်းသည် ကိုရီးယား-မြန်မာ နှစ်နိုင်ငံအတွက် အပြန်အလှန် အကျိုးဖြစ်ထွန်းမည် ဖြစ်ပြီး၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မြဲစေ မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း- MSDP နှင့် ကိုရီးယားသမ္မတနိုင်ငံ၏ New Southern Policy တို့သည် အခြေခံမူ များ တူညီသည့်အတွက် မိမိတို့ နှစ်နိုင်ငံ ပြည်သူများ၏အကျိုးကို ဖော်ဆောင် ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
အဓိကနိုင်ငံတစ်ခုဖြစ်
ဆက်လက်၍ ကိုရီးယားသမ္မတ နိုင်ငံ၏ Presidential Committee on New Southern Policy ၏ ဥက္ကဋ္ဌ Mr. Park Bokyeong က ပြောကြားရာတွင် မြန်မာနိုင်ငံသည် ကိုရီးယားသမ္မတနိုင်ငံ အစိုးရအတွက် များစွာအရေးကြီးသည့် ပူးပေါင်းဆောင်ရွက်ရေး အဓိကနိုင်ငံ တစ်ခု ဖြစ်ပါကြောင်း၊ ကိုရီးယားသမ္မတ နိုင်ငံအနေဖြင့် KMIC စက်မှုဇုန်၊ ဒလ တံတားဆောက်လုပ်ရေး၊ မြို့သစ် စီမံကိန်း အစရှိသည့် ဆောက်လုပ်ရေး လုပ်ငန်းများတွင်လည်း အင်တိုက် အားတိုက် ပါဝင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ နောင်အနာဂတ်တွင်လည်း KMIC ကဲ့သို့ ထင်ရှားသည့် စီမံကိန်းများ ပိုမို များပြားလာပြီး၊ မြန်မာ-ကိုရီးယား နှစ်နိုင်ငံ၏ ချစ်ကြည်ရေးကို ယခုထက် ပိုမိုခိုင်မာလာစေကာ မြန်မာနိုင်ငံ၏ စီးပွားရေးကို များစွာတိုးတက်ပြောင်းလဲ မှုကို ဖြစ်ပေါ်စေနိုင်မည့် လမ်းခရီးအစ ဖြစ်ရန်အတွက် မျှော်လင့်ပါကြောင်း ပြောကြားသည်။
အမှာစကားများ ပြောကြား
ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာကျော်လင်း၊ Korea Land and Housing Corporation ၏ ဒုတိယဥက္ကဋ္ဌ Mr. Lee Yong-sam တို့က အမှာစကားများ ပြောကြားကြသည်။
ထို့နောက် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြပြီး အခမ်းအနားကို မွန်းလွဲပိုင်း တွင် ရုပ်သိမ်းလိုက်သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင် မောင်ထွန်း၊ တိုင်းဒေသကြီး ဝန်ကြီး များ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သံအမတ်ကြီး မစ္စတာ လီဆန်းဟွာ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြ သည်။
အကျိုးတူပူးပေါင်း
ကိုရီးယား - မြန်မာ စက်မှုဇုန် စီမံကိန်း (Korea-Myanmar Industrial complex, KMIC) သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့် ဖြင့် ဆောင်ရွက်နေသည့် စီမံကိန်း ဖြစ်ပြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Korea Land and Housing Corporation (LH) တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။
မဟာဗျူဟာကျကျတည်ရှိ
ယခုစီမံကိန်းသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီး၊ ရန်ကုန် ဆိပ်ကမ်းတို့၏အနီးတွင် မဟာဗျူဟာ ကျကျ တည်ရှိသည့်အတွက် မြန်မာနိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ ဖြစ်စေမည်ဖြစ်သည်။
ခေတ်မီစက်မှုဇုန်တစ်ခု
ကိုရီးယား-မြန်မာ စက်မှုဇုန်ကို အဆင့်မြင့် နည်းပညာများ အသုံးပြု၍ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေမှုရှိသော ခေတ်မီစက်မှုဇုန် တစ်ခုအဖြစ် ဖန်တီးမည်ဖြစ်သည်။ ယခု စီမံကိန်းသည် “ပြည်သူ”၊ “သာယာဝပြောမှု” နှင့် “ငြိမ်းချမ်းရေး” စသည်တို့ကို အခြေခံထားသည့် ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံ အကြား ပိုမိုခိုင်မာသည့် ခင်မင်ရင်းနှီးမှု ကို ဖော်ဆောင်သွားမည်ဖြစ်သည်။
သတင်းစဉ်