
ကျိုင်းတုံ ဩဂုတ် ၁၃
ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်၌ ဩဂုတ် ၁၃ ရက်က မိုးအဆက်မပြတ် ရွာသွန်း၍ ရေကြီးရေလျှံမှုများ ဖြစ်ပွားသည့်အတွက် တာဝန် ရှိသူများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုးရွာသွန်းမှုကြောင့် ကျိုင်းတုံမြို့နယ် နမ့်လပ် ချောင်းရေမြင့်တက်လာ၍ ကျိုင်းတုံမြို့ အမှတ် (၃)ရပ်ကွက် လွိုင်မွေလမ်း ဟိုခိုရွာအနီးနှင့် မြို့တော် ခန်းမရှေ့ လေယာဉ်ကွင်းလမ်း၊ နောင်ကုန်ကျေးရွာ သွားလမ်းတစ်လျှောက်၊ မြို့ပတ်လမ်းတစ်လျှောက် လမ်းမပေါ်နှင့် နေအိမ်များတွင် အနက် သုံးပေခန့် ရေလွှမ်းမိုးမှုပေါ်ပေါက်ခဲ့သည့်အတွက် တာဝန်ရှိသူ များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အလားတူ ယနေ့တွင် ကျိုင်းတုံမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယန်းခကျေးရွာ အုပ်စု ဝမ်ဆန်ရွာ၌ တောင်ကျရေးများ အဆက်မပြတ် ကျဆင်းလာပြီး အဆိုပါကျေးရွာတွင် နေထိုင်သည့် နေအိမ်နှင့်အတူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး မျောပါပျောက်ဆုံးလျက်ရှိရာ တာဝန်ရှိသူများ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)