
ကျိုင်းတုံ စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်အရှေ့ပိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ကျိုင်းတုံမြို့ ပြည်နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက အမှာစကား ပြောကြားပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ်အရှေ့ပိုင်း မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြ ရာ တိုင်းမှူးက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးနေသည့် ကျိုင်းတုံမြို့နယ်မှ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများအတွက် ကြက်ဥ အလုံး ၁၀၀၀၊ လူမှုရေးအသင်းသုံးသင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ အတွက် ရောဂါကာကွယ်ရေးဝတ်စုံ ၇၀၀၊ ဖျားနာ လူနာကုသမှုဆေးခန်းအတွက် ရောဂါကာကွယ်ရေး ဝတ်စုံ ၂၀၀၊ ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးကိရိယာ ၂၀၀၀၊ ခွဲစိတ်ခန်းသုံးဝတ်စုံ ၂၀၀၊ ရှမ်းအရှေ့ မြို့နယ် များအတွက် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုးလေး လုံးနှင့် ကျိုင်းတုံတက္ကသိုလ်အတွက် အားဆေးများ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ မှ ကျိုင်းတုံမြို့နယ်အတွင်း ကန့်သတ်စောင့်ကြည်ရေး စင်တာ၊ ပိုးတွေ့စင်တာနှင့် ဖျားနာလူနာကုသမှု ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်နှင့် ဆီများ ထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။
အောင်ဇင်မြင့် (ပြန်/ဆက်)