
နေပြည်တော် ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီး နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ရတနာစိန်ဖူးတော်၊ ရွှေထီးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို သာသနာတော် နှစ် ၂၅၆၅ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ယနေ့ နံနက်ပိုင်းတွင် ကျင်းပ ပြုလုပ်ရာ ကျိုင်းတုံမြို့ ကျိုင်းယင်း ကျောင်းတိုက်၊ ဦးစီးပဓာန နာယက အဂ္ဂမဟာသဒ္ဓမ္မ ဇောတိ ကဓဇ ဘဒ္ဒန္တ ခေမာစာရ အမှူးပြု သည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက် ချီးမြှင့်တော်မူကြသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် မိသားစုဝင်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးကိုကို၊ ဦးလှမိုး၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာ ဒေါ်ရင်ရင်နွယ်၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ် ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များ၊ စေတနာရှင်အလှူရှင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဝတ်အသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ရိုးရာယဉ်ကျေး မှု အသင်းအဖွဲ့များ တက်ရောက်ကြသည်။
ဖူးမြော်ကြည်ညို
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မဟာမြတ်မုနိဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ မြသပိတ် ဆွမ်းတော်၊ သောက်တော်ရေချမ်း၊ သစ်သီးဆွမ်းတော်၊ ပန်းမန်နံ့သာနှင့် ဆီမီးတို့ကို ကပ်လှူပူဇော်သည်။
ထို့နောက် အစီအစဉ်အရ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနား တက်ရောက်လာကြသူများက ကျိုင်းယင်းကျောင်းတိုက် ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဥပါသကာများ က ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို သံဃာတော်များထံ ဆက်ကပ်သည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူ ကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညို ကြသည်။
ပရိဝုဏ်တွင် ပက်ဖျန်း
ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို ယူဆောင်၍ မဟာမြတ်မုနိဘုရားကြီး ဂန္ဓကုဋိကျောင်းဆောင် တော် ပရိဝုဏ်တွင် ပက်ဖျန်းကြဲဖြန့်ချည်နှောင် ကြသည်။
လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ရတနာ စိန်ဖူးတော်နှင့် လှူဖွယ်ပစ္စည်းများအား ကျိုင်းယင်း ကျောင်းတိုက် ဆရာတော်ကြီးထံ လည်းကောင်း၊ မိသားစုဝင်များက ငှက်မြတ်နားတော်၊ ရွှေထီးတော် နှင့် လှူဖွယ်ပစ္စည်းများကို နဂါးနှစ်ကောင် ကျောင်းတိုက်ဆရာတော်ကြီးထံသို့ လည်းကောင်း ဆက်ကပ်လှူဒါန်းကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများက လှူဖွယ်ပစ္စည်းများအား သံဃာတော်အရှင်သူမြတ် များထံ ဆက်ကပ်လှူဒါန်းကြသည်။
ရေစက်သွန်းချ အမျှပေးဝေ
ထို့နောက် လဲချားမြို့၊ ဟော်ခမ်းကျောင်းတိုက် ဦးစီးပဓာန နာယက နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ သုဘောဂထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီး၊ မိသားစုဝင်များနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ သည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား ပင့်ဆောင်၍ ဂန္ဓကုဋိကျောင်းဆောင်တော်အား လက်ယာရစ် လှည့်လည်ပင့်ဆောင်ပူဇော်ကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်အတူ စုပေါင်း၍ မင်္ဂလာကြိုးဆွဲကာ မင်္ဂလာရထားပျံဖြင့် ဂန္ဓကုဋိကျောင်းဆောင်တော် အထွတ်သို့ ပင့်ဆောင်တင်လှူပူဇော်ကြပြီး ပရိတ်နံ့သာရည်များ ပက်ဖျန်းကြကာ ရတနာ စိန်ဖူး တော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်အောင်မြင် ခြင်းအထိမ်းအမှတ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်း ဖြိုးကြသည်။
နေ့ဆွမ်းဆက်ကပ်လှူဒါန်း
ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်များက ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းတော်မူကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ မဟာမင်္ဂလာအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အခမ်းအနားအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြ သူများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကာ တက်ရောက်လာ ကြသည့် ဧည့်သည်တော်များကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။
လှည့်လည်ကြည့်ရှုလေ့လာ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့၊ မဟာမြတ်မုနိဘုရားကြီး နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ပြခန်းအတွင်း ခင်းကျင်းပြသ ထားသည့် မဟာမြတ်မုနိဘုရားကြီး သမိုင်းအကျဉ်း၊ ကျိုင်းတုံဒေသသို့ မြတ်ဗုဒ္ဓသာသနာ ရောက်ရှိ လာပုံ၊ ဂုံရှမ်းဘာသာနှင့် စာပေပေါ်ထွန်းခဲ့မှု၊ ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့ကြသည့် စော်ဘွား ကြီးများ၊ ကျိုင်းတုံမြို့ သမိုင်းအကျဉ်းတို့ကိုလှည့်လည် ကြည့်ရှုလေ့လာခဲ့ကြသည်။
ပြုပြင်မွမ်းမံထိန်းသိမ်း
အဆိုပါ ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာ မြတ်မုနိဘုရားကြီးကို ကောဇာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ ခရစ်နှစ် ၁၉၂၁ ခုနှစ်တွင် ကျိုင်းတုံနယ်ရှင် စော်ဘွားကြီး စောကွန်းကျောက်အင်းထရိုင်က ကျိုင်းတုံဒေသတွင် ဗုဒ္ဓသာသနာတော်တည်တံ့စေ ရန်၊ သာသနာတော် နေလို လလို ထွန်းလင်းစေရန် ရည်ရွယ်၍ မန္တလေးမြို့ဟောင်း ဘူတာရုံအနောက် ဘက် လေးအိမ်တန်းရပ်နေ ပန်းပုပညာရှင် ဆရာကြီး ဦးသစ်ထံတွင် သွန်းလောင်းပူဇော်ခဲ့ခြင်း ဖြစ်ကြောင်း၊ သွန်းလောင်းပူဇော်အပြီးတွင် ထိုစဉ်အခါက မန္တလေး မှ ကျိုင်းတုံမြို့အထိ မော်တော်ယာဉ်လမ်းပေါက် ရောက်ခြင်းမရှိသဖြင့် ရုပ်ပွားတော်ကို အပိုင်းပိုင်းဖွဲ့ ယူကာ လူအင်အား၊ ကျွဲလှည်း အင်အားများစွာ ဖြင့် ခရီးလမ်းပန်း အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်၍ စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ပင့်ဆောင်ပူဇော်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ကောဇာ သက္ကရာဇ် ၁၂၈၈ ခုနှစ်တွင် ဝိဟာရကျောင်းတော်ကို တည်ဆောက်ခဲ့ပြီး ကျောင်းတော်အတွင်းရှိ ပလ္လင် တော်သို့ ဘုရားကြီးကို ပင့်ဆောင်တော်မူခဲ့ကြောင်း၊ ထို့နောက် ခေတ်အဆက်ဆက် အစိုးရများ၊ ဒေသခံ ပြည်သူများ၊ စေတနာရှင်အလှူရှင်များက ဘုရားကြီး အား ရေရှည်တည်တံ့ခိုင်မြဲအောင် ပြုပြင်မွမ်းမံ ထိန်းသိမ်းခဲ့ပြီး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လပြည့်နေ့ကို မဟာမြတ်မုနိဘုရားပွဲအဖြစ် သတ်မှတ်က အစဉ်အလာမပျက် ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြကြောင်း၊ လက်ရှိအချိန်တွင်ကျိုင်းတုံ မြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးသည် နှစ်ပေါင်း ၁၀၀ သက်တမ်းရှိပြီဖြစ်ပြီး သမိုင်းဝင် ဘုရားကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေး ဆက်လက် ပြုပြင် မွမ်းမံထိန်းသိမ်းဆောင်ရွက်လျက်ရှိ ကြောင်း နှင့် ဘုရားကြီး နှစ်(၁၀၀) ပြည့်အထိမ်းအမှတ်အဖြစ် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် မိသားစု ဝင်များ၊ စေတနာရှင်အလှူရှင်များ၊ ဒေသခံ တိုင်းရင်းသားပြည်သူတို့၏ စုပေါင်းလှူဒါန်းမှုဖြင့် ရတနာစိန်ဖူးတော်၊ ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်း အနားကို ယနေ့တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ခြင်းဖြစ်သည်။
သတင်းစဉ်