
ကျိုက်လတ် ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျိုက်လတ်မြို့နယ်အတွင်းရှိ ကျေးရွာ လေးရွာ၌ ဆောင်းသီးနှံ စိုက်ဧက ၆၇ ဧကကို ဆိုလာရေတင်စနစ်ဖြင့် ရေပေးဝေ စိုက်ပျိုးမည် ဖြစ်ကြောင်း ကျိုက်လတ်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဆိုလာစွမ်းအင်သုံး ရေတင်စီမံကိန်း ဆောင်ရွက်ပြီး စိုက်ပျိုးရေပေးဝေခြင်းသည် မီတာခကုန်ကျစရိတ် သက်သာစေခြင်း၊ လူမှု ပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက် မှုလျော့နည်းသက်သာစေခြင်းနှင့် ကုန်ကျ စရိတ် သက်သာစွာ ရေသွင်းစိုက်ပျိုးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကြောင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဆိုလာစွမ်းအင်သုံး ရေတင်စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
“ဆိုလာရေတင်စနစ်နဲ့ အောက်ကုန်း ကျေးရွာမှာ စိုက်ဧက ၂၀၊ ဆင်တာကျေးရွာမှာ စိုက်ဧက ၁၀ ဧက၊ ထုံးကြီးကျေးရွာမှာ စိုက်ဧက ၂၇ ဧကနဲ့ ကျောက်ထရံကြီးကျေးရွာ မှာ စိုက်ဧက ၁၀ ဧက စုစုပေါင်း ၆၇ ဧက ဖြစ်ပါတယ်၊ လုပ်ငန်းတွေအားလုံး ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်လို့ လက်ရှိမှာ စိုက်ပျိုးသီးနှံတွေ စိုက်ပျိုးဖို့ ရေပေးဝေလျက်ရှိပါတယ်၊ ဒီကျေးရွာ တွေရဲ့ စိုက်ဧကတွေ ရေလွှမ်းခြုံပြီး ရေပေးဝေ နိုင်ဖို့ ဧကအနည်းအများအပေါ် မူတည်ပြီး ဆိုလာရေတင်စနစ်နဲ့ ရေတွင်းတွေကို ဆောင်ရွက်ထားပါတယ်။ ရေတွင်းတစ်တွင်းကို အကျယ် လေးလက်မခွဲ၊ အနက်ပေ ၂၀၀ ရှိပြီး တစ်နာရီလျှင် ရေဂါလန် ၂၀၀၀ လောက် ထွက်ရှိ တဲ့အတွက် ရေဖျန်းစနစ်နဲ့ စိုက်ပျိုးဧကတွေကို ရေလုံလောက်စွာ ပေးဝေနိုင်ပါတယ်” ဟု မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးသူရရှိန်က ပြောသည်။
အဆိုပါ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုး ဧကများ ရေပေးဝေပေးမှုကြောင့် ကျေးရွာ လေးရွာရှိ တောင်သူ ၃၉ ဦး၏ စိုက်ဧက ၆၇ ဧက ရှိ နေကြာသီးနှံများအပါအဝင် ဆီထွက်သီးနှံ များကို ရာသီမရွေးစိုက်ပျိုးနိုင်ခြင်း၊ အထွက်နှုန်း တိုးတက်ပြီး မိသားစုဝင်ငွေပိုတိုးခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ကိုလှိုင်