
သံဖြူဇရပ် ဇူလိုင် ၂
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ ပင်လယ်ပြင်သို့ ငါးဖမ်း ထွက်မည့် စက်လှေများအား စစ်ဆေးခြင်းလုပ်ငန်းကို ဇွန် ၃၀ ရက်က ကျိုက္ခမီမြို့ အောင်သုခရပ်ကွက် လှေဆိပ်၌ ဆောင်ရွက်သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသက်နိုင်ဝင်းနှင့် ငါးဖမ်းလှေအသင်းဥက္ကဋ္ဌ ဦးခင်ဝင်းတို့က အောင်သုခရပ်ကွက်ရှိ လှေဆိပ်တွင် ကျိုက္ခမီမြို့မှ ပင်လယ်ရေပြင်သို့ ဇူလိုင် ၁ ရက်မှစတင်၍ ငါးဖမ်းထွက်ကြမည့် စက်လှေ ၆၃ စင်းနှင့် ရေလုပ်သား ၉၇၆ ဦးတို့ကို ထုတ်ပေးထားသည့် လိုင်စင်ရှိ/မရှိ၊ VMSSEAI သံမဏိချိတ်ကြိုးနှင့် စတေကာများ ပျက်ယွင်းမှုမရှိစေရေး၊ အခွန်ပေးသွင်းခြင်း၊ ငါးဖမ်းလိုင်စင်ခွန်ပေးသွင်းခြင်း၊ ဆက်သွယ်ရေးစက် လိုင်းဝင်ကြေးများ ပေးသွင်းခြင်းရှိ/မရှိနှင့် အဆိုပါစက်လှေသို့ လိုက်ပါ မည့်လုပ်သားများ မှန်/မမှန် စသည့်အချက်များကို စစ်ဆေးခြင်း ဖြစ်သည်။
ယခင် ငါးရစ်ကျချိန် ငါးများဖမ်းဆီးခြင်းကို တားမြစ်ထားသဖြင့် ကျိုက္ခမီမြို့မှ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ခွာမည့် စက်လှေများသည် ယခု ဇူလိုင် ၁ ရက်မှစ၍ ငါးဖမ်းရက်ပေါင်း ၆၀ ကြာ သွားရောက်ဖမ်းဆီးမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။
အေးအေးသီ (ပြန်/ဆက်)