ကိုကိုးကျွန်းကို ပညာရေးနှင့်ကျန်းမာရေးကဏ္ဍတွင် စံပြမြို့နယ်ဖြစ်အောင်အဓိကထားပြီး ကြိုးစားဆောင်ရွက်သွားမည်

 

 

ရန်ကုန် ဩဂုတ် ၆

 

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ရန်ကုန် တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် တွေ့ဆုံပြီး အခြေခံပညာအထက်တန်းကျောင်း နှင့် ပြည်သူ့ဆေးရုံတို့အား ကြည့်ရှုသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးသန့်စင်မောင်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦး၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ အထူး လေယာဉ်ဖြင့် ထွက်ခွာကြရာ ကိုကိုးကျွန်းမြို့နယ်သို့ ရောက်ရှိကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်သည် ကိုကိုးကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် တွေ့ဆုံသည်။

 

ရှင်းလင်းတင်ပြ

 

တွေ့ဆုံစဉ် ကိုကိုးကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဒေါ်မိုးမိုးအေးက မြို့နယ် တည်နေရာနှင့်အကျယ်အဝန်း၊ လူဦး ရေ၊ မိုးရွာသွန်းမှုအခြေအနေ၊ အခြေခံ ပညာအထက်တန်းကျောင်း ပြန်လည် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့မှုနှင့် ကျောင်းဆောင်များ ပြုပြင်ဆောင်ရွက် ခဲ့မှု၊ ဝမ်းစာမပြတ်စေရေးအတွက် လစဉ် ဆန်ထောက်ပံ့ပေးနေမှု၊ လျှပ်စစ် မီးရရှိမှုအခြေအနေ၊ မြို့နယ်၏ အဓိက စီးပွားရေးလုပ်ငန်း၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်မှုနှင့် မြို့နယ် ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသ ကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကြည်တင်က ကိုကိုးကျွန်းမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့မှု၊ ဝန်ထမ်းအင်အား၊ မြို့နယ်အတွင်း လမ်း ၁၉ လမ်းအား ကွန်ကရစ်လမ်းနှင့် ကတ္တရာလမ်း ဆောင်ရွက်ပြီးစီးမှု၊ မြို့ပေါ်ရပ်ကွက် (၂)ရပ်ကွက်အတွက် သောက်သုံးရေ အခမဲ့ဖြန့်ဝေပေးနေမှု၊ လက်ရှိ အစိုးလက်ထက်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် နေသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ကိုကိုးကျွန်း မြို့နယ်အတွက် ဒီဇယ်ဓာတ်အားပေး မီးစက်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးနေမှု၊ အိမ်သုံးမီတာ၊ အသေးစား စက်မှုလုပ်ငန်းသုံးနှင့် ပါဝါမီတာ တပ်ဆင်ပေးထားမှု၊ ဒီဇယ်ဓာတ်အား ပေးစက်အတွက် ၂၀၁၉-၂၀၂ဝ ဘဏ္ဍာ နှစ်၌ စက်သုံးဆီရရှိမှုနှင့် နေ့စဉ်ဆီ သုံးစွဲနေမှု၊ မြို့နယ်အတွင်း စိုက်ထူ ထားရှိသည့် မီးတိုင်အမျိုးအစားနှင့် အရေအတွက်၊ လက်ရှိ စိုက်ထူထားရှိ သည့် ဒေသလုပ်ကျောက်တိုင်များနှင့် သံတိုင်များအား ကွန်ကရစ် ကျောက် တိုင်ဖြင့် အစားထိုးလဲလှယ်ဆောင်ရွက် သွားမည့် အစီအစဉ်၊ ဓာတ်အားပေး စက်များ ကြံ့ခိုင်မှုကောင်းမွန်အောင်စစ်ဆေးဆောင်ရွက်ထားရှိမှု၊ လျှပ်စစ် အန္တရာယ် ကင်းရှင်းရေးအတွက် လျှပ် စစ်အန္တရာယ်အကာအကွယ်ပါရှိသည့် လိုင်းကြိုးများ လဲလှယ်ဆောင်ရွက် သွားမည့်အစီအစဉ်များ၊ ကိုကိုးကျွန်း မြို့နယ်အတွက် Solar Hybrid System ဖြင့် ဓာတ်အားမဂ္ဂါဝပ် ဒသမ ၅ထွက်ရှိ မည့် ဓာတ်အားရရှိရေး လုပ်ငန်း ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကိုကိုး ကျွန်းမြို့နယ် အခြေခံပညာ အထက် တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး က ကျောင်းဆောင်လိုအပ်ချက်နှင့် ရာသီဥတုကြောင့် ကျောင်းစောင့်နေအိမ်ပျက်စီးသွားသည့်အတွက် ပြန်လည် ဆောင်ရွက်ပေးနိုင်ရေးတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

စောင့်ရှောက်ပေးနေ

 

ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတစ်နိုင်ငံ၏ အဓိက အင်အားကိုကြည့်ပါက အကြီးဆုံး နေရာများကိုကြည့်ပြီး အင်အားကြီး သည်ဟု သတ်မှတ်၍မရပါကြောင်း၊ အသေးဆုံးနေရာများ တောင့်တင်း မှသာ နိုင်ငံသည် အင်အားခိုင်မာသည် ဟု ပြောရမည်ဖြစ်ပါကြောင်း၊ ကိုကိုး ကျွန်းကဲ့သို့ အသေးဆုံးနေရာကိုလာ ပြီး အခြေအနေလေ့လာနိုင်သည့် အတွက် ဝမ်းသာမိပါကြောင်း၊ ကိုကိုးကျွန်းသည် နိုင်ငံ၏နယ်စွန်နယ် ဖျား ပြင်ပစည်းကနေပြီး နိုင်ငံ၏လုံခြုံ ရေးကို စောင့်ရှောက်ပေးနေသည်ဟု ပြောပါကလည်း မမှားပါကြောင်း။

 

ထို့ကြောင့် ကိုကိုးကျွန်းရှိ ပြည်သူ များအနေဖြင့် မိမိကိုယ်ကို ဂုဏ်ယူ စေလိုပါကြောင်း၊ တစ်ချိန်တစ်ခါက ကိုကိုးကျွန်းသည် အကျဉ်းသားများ နေရသည့် ကျွန်းဆိုပြီး အမည်ရှိပါ ကြောင်း၊ ထို့ပြင် ခံယူချက်အရ ကိုကိုး ကျွန်းတွင်လာ၍ အကျဉ်းကျခံနေရ သည့် ပုဂ္ဂိုလ်များ များစွာရှိပါကြောင်း၊ ထိုသို့ခံယူချက်နှင့် ယုံကြည်ချက်ကို အဓိကထားပြီး ရုန်းကန်လှုပ်ရှားရဲ သည့် ပြည်သူများရှိ၍သာ မိမိတို့နိုင်ငံ သည် တိုးတက်ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကိုကိုးကျွန်းသည် မိမိတို့၏ သမိုင်းအတွက် ဂုဏ်ယူနိုင်ပါကြောင်း။

 

ဒေသခံများအနေဖြင့် ကျွန်းပြင်ပ ဘက်ကို ထွက်သွားသူ အင်မတန်နည်း သည်ဟု သိရသည့်အတွက် စိတ်ချမ်း သာပါကြောင်း၊ ယင်းမှာ မိမိဒေသအား ချစ်ခင်မှုကို ပြပါကြောင်း၊ မိမိဒေသ၏ အခြေအနေသည် ခက်ခဲကြမ်းတမ်း သည်ဆိုပြီး ထွက်သွားရန် မစဉ်းစားဘဲ ဆက်လက်နေထိုင်လိုသည့် စိတ်ဓာတ် က နိုင်ငံအတွက် အင်မတန်ကောင်း သည့် လက္ခဏာဖြစ်ပါကြောင်း။

 

စံပြနေရာ

 

နောက်တစ်ခုမှာ သေးငယ်သည့် နေရာဖြစ်သည့်အတွက် စံပြနေရာဖြစ် အောင် လုပ်ရလွယ်သည်ဟုမြင်ပါ ကြောင်း၊ တချို့က သေးငယ်၍ အား ငယ်သည်၊ မျက်နှာငယ်သည်၊ မည်သည့် အရာမျှ လုပ်ပေးစရာမရှိဟု ထင်ကြသူ များလည်း ရှိလိမ့်မည်ဖြစ်ပါကြောင်း၊ သို့သော် ယင်းကဲ့သို့ သေးငယ်သည့် နေရာကို စံပြနေရာဖြစ်အောင် လုပ်ပေး၍ရပါကြောင်း၊ လုပ်ပေးရတာ လည်း လွယ်ပါကြောင်း၊ လက်တွေ့ ကျကျပြောရမည်ဆိုပါက မိမိတို့နိုင်ငံ ကဲ့သို့ ဖွံ့ဖြိုးစနိုင်ငံဆိုသည်မှာ ကုန်ကျ စရိတ်များကို မစဉ်းစား၍မဖြစ်ပါ ကြောင်း၊ လက်တွေ့ကျကျ စဉ်းစားရပါ ကြောင်း၊ သို့သော် ကိုကိုးကျွန်းကဲ့သို့နေရာမျိုးသည် မလုပ်ပေးနိုင်စရာ အကြောင်း မရှိပါကြောင်း၊ ကိုကိုးကျွန်း အနေဖြင့် ဆိုလာမီးရမည်ဆိုသည်မှာ အင်မတန်ကောင်းပါကြောင်း။

 

ကျောင်းအတွက် နောက်ထပ် အခန်း လေးခန်းတောင်းဆိုသည်မှာ ပြဿနာ မဟုတ်ပါကြောင်း၊ ချက်ချင်း လုပ်ပေး၍ရပြီး လုပ်လည်းလုပ်ပေး မည်ဖြစ်ပါကြောင်း၊ ပညာရေး အဆင့် မြှင့်ရန်ဆိုသည်မှာ အရေးအကြီးဆုံး ဖြစ်သည့်အတွက် အရည်အချင်း မြင့်သော ဆရာ ဆရာမများကို ကိုကိုး ကျွန်းကဲ့သို့ နေရာမျိုးသို့လာ၍ တာဝန် ထမ်းဆောင်စေလိုပါကြောင်း၊ မိမိတို့ နိုင်ငံအတွက် တစ်ဖက်တစ်လမ်းမှ နေ၍ တိုးတက်အောင် လုပ်ပေးနိုင် သည်ဆိုသည့်စိတ်ဖြင့် ယခုကဲ့သို့ နေရာမျိုးသို့ လာ၍ တာဝန်ထမ်း ဆောင်ရသည်ကို ဂုဏ်ယူစေလိုပါ ကြောင်း၊ ယခုကဲ့သို့ နေရာမျိုးတွင် တာဝန်ထမ်းဆောင်ရသည်မှာ စိန်ခေါ် မှုတစ်ခုကို ရင်ဆိုင်မည်၊ ကျော်လွှား မည်ဆိုသည့် စိတ်ဓာတ်များကို အထူးသဖြင့် လူငယ်လူလတ်ပိုင်းများ တွင် ရှိစေလိုပါကြောင်း။

 

ကိုကိုးကျွန်း၏ တက္ကသိုလ်ဝင်တန်း အောင်မြင်မှုရာခိုင်နှုန်းကို အားမရပါ ကြောင်း၊ ကိုကိုးကျွန်းကဲ့သို့နေရာမျိုးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်နှုန်းကို ၁၀၀ ရာခိုင်နှုန်း ဖြစ်စေ လိုပါကြောင်း၊ ထူးထူးချွန်ချွန်ဖြစ်စေလိုပါကြောင်း၊ ကိုကိုးကျွန်းကို ပညာ ရေးနှင့် ကျန်းမာရေးကဏ္ဍတွင် စံပြမြို့ နယ်ဖြစ်အောင် အဓိကထားပြီး ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကိုကိုးကျွန်း က ဒေသခံများသာမက တစ်နိုင်ငံလုံး က ဆရာ ဆရာမများကို ယခုနေရာတွင် လာရောက်၍ တာဝန်ထမ်းဆောင်လို သည့် စိတ်ဓာတ်ကို လူငယ်ပိုင်း၊ လူလတ်ပိုင်းများကို ပြုစုပျိုးထောင်ပေးလိုပါကြောင်း။

 

ကိုကိုးကျွန်းကို ရောက်ရောက်ချင်း တွေ့ရသည့် အကြီးမားဆုံး အခက်အခဲ တစ်ခုသည် ပြည်မနှင့် ဆက်သွယ်မှု အခက်အခဲဖြစ်ပါကြောင်း၊ သင်္ဘော ခဏခဏမလာနိုင်သည့် ကိစ္စဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် အနေဖြင့် ကိုကိုးကျွန်းကို သင်္ဘောများ ယခုထက် ခပ်စိပ်စိပ်လာနိုင်ရန် အတွက် မည်ကဲ့သို့လိုအပ်ချက်များ ရှိသည်၊ မည်သို့လုပ်ပေးနိုင်မည်၊ မည်သို့ လုပ်ပေးရမည်ဆိုသည်ကို လေ့လာပြီး အမြန်ဆုံးအကောင် အထည်ဖော် ဆောင်ရွက်ပေးစေလိုပါ ကြောင်း။

 

များစွာစိတ်ချရ

 

ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ကိုကိုးကျွန်းကဲ့သို့နေရာမျိုးတွင် များစွာ စိတ်ချရသည်ကို သတိပြုမိပါကြောင်း၊ ကျွန်းကလည်း ကျွန်းငယ်လေးဖြစ်ပြီး လူဦးရေကလည်း နည်းသည့်အတွက် စည်းကမ်းထိန်းသိမ်းရသည်မှာပို၍ လွယ်ကူပါကြောင်း၊ သို့သော် မပေါ့ ဆရန် သတိပေးလိုကြောင်း၊ ထိုကဲ့သို့ နေရာတွင်လုံခြုံအောင် ကာကွယ်ရ သည်မှာ လွယ်ကူသကဲ့သို့ လုံခြုံမှု ပေါက်သွားပြီဆိုပါက ပြန်၍ထိန်းချုပ်ရ သည်မှာ အင်မတန်မှ ခက်ခဲပါကြောင်း၊ ကိုကိုးကျွန်းကဲ့သို့ နေရာတွင် ရောဂါ တစ်ခုဖြစ်သည်ဆိုလျှင် ပြန့်ပွားမှု နှုန်းက လူဦးရေ ရာခိုင်နှုန်းများစွာ ဖြစ်သွားနိုင်ပါကြောင်း၊ ကြိုတင်ပြီး ကာကွယ်ထားနိုင်မည်ဆိုလျှင် လုံးဝ လုံခြုံပါကြောင်း၊ ထို့ကြောင့် ကြိုတင် ကာကွယ်ရေးကို အဓိကထားစေလိုပါ ကြောင်း၊ ကိစ္စရပ်တစ်ခုကို ကြည့်လိုက် သည်ဆိုလျှင် အကောင်းဘက်၊ အဆိုး ဘက် နှစ်ဖက်စလုံးကို ချင့်ချိန်ပြီး ကြည့်ရပါကြောင်း၊ ကိုကိုးကျွန်းကဲ့သို့ နေရာတွင် အားသာချက်များ များစွာရှိ သကဲ့သို့ အားနည်းချက်များလည်း ရှိပါကြောင်း၊ ယင်းအားနည်းချက် များသည် မကိုင်တွယ်နိုင်သည့် အားနည်းချက်များမဟုတ်ပါကြောင်း၊ ယင်းကိစ္စများကို ပျောက်ကွယ်သွား အောင် မလုပ်ပေးနိုင်သည့် အခြေအနေ လည်း မရှိပါကြောင်း။

 

ကိုကိုးကျွန်းကို ဖိဖိစီးစီးဖြင့် စံပြမြို့ လေးတစ်ခုဖြစ်အောင် နိုင်ငံ၏လုံခြုံ ရေးကို ကာကွယ်စောင့်ရှောက်ပေး သည့် အဝေးရောက်နေသော ကင်း တစ်ခု၊ တစ်နည်းအားဖြင့် မရှိမဖြစ် နေရာတစ်ခုဟု သတ်မှတ်၍ ကိုကိုး ကျွန်း၏ တိုးတက်ရေးကို အဓိကထား ပြီး လုပ်ပေးလိုပါကြောင်း၊ တစ်နည်း အားဖြင့် နိုင်ငံ၏တိုးတက်ရေးကို လေ့လာသည့်အခါတွင် ကိုကိုးကျွန်း၏ ပုံရိပ်ကိုကြည့်ပြီး နိုင်ငံမည်မျှ တိုးတက်နေသလဲ ဆိုသည်ကို ကြည့် ပြီး ဆုံးဖြတ်နိုင်ရန်ဖြစ်ပါကြောင်း။

 

ကိုကိုးကျွန်း၏ လူဦးရေ ၁၃၆၀ ကျော်သော ပြည်သူများကို လုံလုံခြုံခြုံ နှင့် စိတ်ချမ်းချမ်းသာသာဖြင့် နေထိုင် စေလိုပါကြောင်း၊ ယခုအချိန်တွင် အရေးကြီးသည်မှာ ကျန်းမာရေးနှင့် ပညာရေးဖြစ်ပါကြောင်း၊ ကျန်းမာ ရေးကို ယခုထိ ကောင်းကောင်းမွန်မွန် ထိန်းထားနိုင်ပါကြောင်း၊ ဆက်လက်၍ လည်း ထိန်းသိမ်းထားစေလိုပါ ကြောင်း၊ ပညာရေးအနေဖြင့် မကြာမီ တစ်နိုင်ငံလုံးရှိ အခြေခံပညာ အထက် တန်းကျောင်းများကို ပြန်လည် ဖွင့်လှစ်ရန် စဉ်းစားဆောင်ရွက်နေပါ ကြောင်း၊ ကိုကိုးကျွန်းကဲ့သို့ နေရာမျိုး သည် ပြန်လည်ဖွင့်လှစ်၍ရသည့် နေရာဟု ထင်ပါကြောင်း။

 

အထူးလုပ်ဆောင်မည်

 

နိုင်ငံ၏အနာဂတ်သည် ကလေး များဖြစ်ပါကြောင်း၊ နိုင်ငံ၏အနာဂတ် ခိုင်မာရန်၊ ပညာရေးခိုင်မာရန်လိုအပ်ပါကြောင်း၊ ပညာရေးခိုင်မာရန်ဆိုသည် မှာ ငယ်ငယ်ကတည်းက ပညာလိုချင် သည့်စိတ်၊ ပညာရယူချင်သည့်စိတ်ဖြင့် ပညာယူတတ်သည့် နည်းများကို ကလေးများအား သင်ပေးရမည်ဖြစ်ပါ ကြောင်း၊ ကိုကိုးကျွန်း၏ ပညာရေးကို လည်း အထူးအလေးပေးပြီး လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း။

 

နိုင်ငံတစ်နိုင်ငံလုံးအတွက် အရေးပါ သည့်ကိစ္စသည် ရွေးကောက်ပွဲဖြစ်ပါ ကြောင်း၊ ရွေးကောက်ပွဲသည် နိုင်ငံရေး အရလည်း အရေးကြီးပါကြောင်း၊ နိုင်ငံရေးအရ အရေးကြီးသည် ဆိုသည်မှာ ပြည်တွင်းရေးတွင်သာ မဟုတ်ပါကြောင်း၊ နိုင်ငံတကာ အရေး အတွက်ပါ အရေးကြီးပါကြောင်း၊ ရွေးကောက်ပွဲကို ကျန်းမာရေး စိန်ခေါ် မှု ကြားထဲမှ အောင်အောင်မြင်မြင်ဖြင့် ကျန်းမာရေးမထိခိုက်ဘဲ ကျင်းပနိုင် သည်ဆိုလျှင် နိုင်ငံအတွက် နိုင်ငံရေး အရ နိုင်ငံတကာတွင် အောင်မြင်မှုကြီးတစ်ခုဖြစ်ပါကြောင်း၊ ကိုကိုးကျွန်းတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင် အောင်၊ မဲစာရင်းမှန်အောင်၊ မှန်မှန် ကန်ကန်မဲစာရင်းပါအောင် လုပ်ဆောင် ရန် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ၊ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင်တို့ အားလုံး ပူးပေါင်းပြီး ဆောင်ရွက်ရမည်ဖြစ် ပါကြောင်း။

 

အစိုးရ၏တာဝန်သည် မဲပေးပိုင်ခွင့် ရှိသူများအားလုံး မဲပေးနိုင်သည့် အခြေ အနေဖြစ်အောင် လုပ်ပေးရမည်ဖြစ် ကြောင်း၊ ပြည်သူ၏ တာဝန်သည် ယင်းအခွင့်အရေးကိုသုံးပြီး မဲပေးရန် ဖြစ်ပါကြောင်း၊ ပြည်သူများက နိုင်ငံ့ အပေါ်တွင်ရှိသည့်တာဝန်ကို ကျေပွန် အောင် လုပ်ဆောင်ရန်ဖြစ်ပါကြောင်း။

 

ဝန်ထုပ်ဝန်ပိုးမဖြစ်ရန်

 

ကိုကိုးကျွန်းတွင် စီးပွားရေးလုပ်ငန်း များ များများစားစားမရှိပါကြောင်း၊ သို့သော် ရှိသည့်လုပ်ငန်းများကို တတ်နိုင်သမျှ အောင်မြင်အောင်၊ ဖွံ့ဖြိုး အောင် လုပ်ဆောင်သွားရန် အရေးကြီး ပါကြောင်း၊ စီးပွားရေးနှင့် ဆက်စပ် နေသည့် သင်္ဘောများ ခပ်စိပ်စိပ် လာနိုင်ရေးနှင့် ဆက်သွယ်ရေး ကောင်းရန် လိုအပ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်း သည့်အတွက် ကုန်ဈေးနှုန်းကြီးပြီး ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါကြောင်း၊ ယင်းကိစ္စများ မဖြစ်ရန် ကြိုးစားမည်ဖြစ်ပါကြောင်း။

 

ကိုကိုးကျွန်းကဲ့သို့ နေရာမျိုးတွင် ပြောင်းလဲမှုသည် မှန်ကန်ရန်၊ ပြောင်းလဲမှုသည် ပြည်သူများအတွက် အကျိုးရှိရန် ကြိုးစားနိုင်ပါကြောင်း၊ ကိုကိုးကျွန်းသည် နေရာသေးသော် လည်း အခွင့်အရေးများပါကြောင်း၊ အခွင့်အရေးများကို မှန်မှန်ကန်ကန် အသုံးပြုသွားမည်ဆိုလျှင် များစွာ အကျိုးရှိနိုင်ပါကြောင်း၊ ပြည်သူများ လည်း တိုးတက်မှုရှိနိုင်ပါကြောင်း၊ ယခုကဲ့သို့နေရာတွင် အုပ်ချုပ်ရေး ပိုင်းက ပိုမိုတာဝန်ရှိပါကြောင်း၊ တာဝန်ကြီးပါကြောင်း၊ မိမိလုပ်ဆောင် မှု မှန်လျှင်မှန်သကဲ့သို့ ထိရောက်လျှင် ထိရောက်သကဲ့သို့ အကျိုးဆက်များကို မြင်တွေ့ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ယူထားကြသူများအနေဖြင့် ပြည်သူများအတွက် အကျိုးရှိအောင် ထမ်းဆောင်ကြပါဟု တိုက်တွန်းလိုပါ ကြောင်း၊ အုပ်ချုပ်ရေးပိုင်းမှ ကျန်းမာ ရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ် ရေးနှင့် လျှပ်စစ်မီးလင်းရေးတို့ကို အဘက်ဘက်က ဝိုင်းဝန်းပြီး ကြိုးစား သွားမည်ဆိုလျှင် ကိုကိုးကျွန်းကဲ့သို့ နေရာသည် နှစ်ပိုင်းမဟုတ် လပိုင်း အတွင်း တိုးတက်မှုများကို ထင်ထင် ရှားရှားပြနိုင်မည် ဖြစ်ပါကြောင်း။

ထင်ထင်ရှားရှားပြနိုင်ရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနကလည်း ယနေ့မှစ၍ ကြိုးစားမည်ဖြစ်ပါကြောင်း၊ လျှပ်စစ် ကဏ္ဍကိုလည်း ဇန်နဝါရီ ၃၁ ရက် မတိုင်ခင် အားလုံးပြီးစီးအောင် လုပ်ဆောင်မည် ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကလည်း ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ပို၍အားတက် သရော လုပ်စေလိုပါကြောင်း၊ ကျန်းမာရေးဘက်က မည်သည့်အရာမျှ တောင်းဆိုခြင်း မရှိသည့်အတွက် ပို၍ကောင်းမွန်အောင် ကြိုးစားပေး မည်ဖြစ်ပါကြောင်း၊ ပညာရေးဘက်က ဆရာမကြီး တောင်းဆိုသွားသည့် အရာသည် ခက်ခက်ခဲခဲ မဟုတ်ပါ ကြောင်း၊ မကြာမီကာလအတွင်း ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း။

 

နိဂုံးချုပ်အနေဖြင့် ကိုကိုးကျွန်းမှ ပြည်သူလူထုအားလုံး ကျန်းမာ ချမ်းသာကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းနိုင်ကြပါစေဟု ဆုတောင်း မေတ္တာပို့သအပ်ပါကြောင်း ပြောကြား သည်။

 

၂၄ နာရီ လျှပ်စစ်မီးရရှိမည်

 

ကိုကိုးကျွန်းမြို့နယ်အား လက်ရှိ တွင် 350 KVA ဒီဇယ်ဓာတ်အားပေး စက်ဖြင့် နေ့စဉ် ညနေ ၆ နာရီမှ ည ၁၂ နာရီအထိ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ယခုတည်ဆောက် မည့် ဆိုလာ၊ ဒီဇယ်၊ ဘက်ထရီစနစ် ပါဝင်သည့် Hybrid System ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဆိုပါက ၂၄ နာရီပတ်လုံး ဓာတ်အားပေးနိုင်မည် ဖြစ် ကြောင်း၊ လမ်းမီးတိုင်များကိုလည်း ညနေ ၆ နာရီမှ မနက် ၆ နာရီအထိ သုံးစွဲနိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းကို မကြာမီ စတင် ဆောင်ရွက်မည်ဖြစ်ရာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ကိုကိုးကျွန်းမြို့နယ်၌ ၂၄ နာရီပတ်လုံး လျှပ်စစ်မီးရရှိမည် ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ကျေးရွာပေါင်း ၂၁၂၇ ရွာ ရှိသည့်အနက် ၂၀၁၉-၂၀၂ဝ ခုနှစ်တွင် ကျေးရွာ ၁၈၄၉ ရွာ လျှပ်စစ်မီးရရှိပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့်ကျေးရွာ ၂၅၉ ရွာအား ၂၀၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ လျှပ်စစ်မီးရရှိရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ကိုကိုးကျွန်းမြို့နယ် သာသနာ့မဏ္ဍိုင် ကျောင်းတိုက်သို့ ရောက်ရှိပြီး ဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသ အား ဖူးမြော်ကြည်ညိုကာ လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

 

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကိုကိုးကျွန်း မြို့နယ် အခြေခံပညာအထက်တန်း ကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ် ဆရာမကြီး၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ သိလိုသည် များနှင့် လိုအပ်ချက်များကို မေးမြန်း သည်။

 

ဖွင့်လှစ်သွားမည်

 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် ကိုကိုးကျွန်းမြို့နယ်အတွင်း အလုပ်လက်မဲ့ဦးရေစာရင်း ကောက်ယူ ပြီး တာဝန်ရှိသူများက အလုပ်အကိုင် ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူ ကလေးငယ်များ ယခုထက် ပိုမို ပညာရေးကိုစိတ်ဝင်စားမှုရှိစေရန် နည်းလမ်းရှာဖွေ ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ မူလတန်းနှင့် အလယ်တန်းအဆင့်အတွက် ကျောင်း များ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးစား ဆောင်ရွက်နေကြောင်း၊ ကလေးငယ်များမှာ ကျောင်းစာနှင့် ဝေးကွာနေပါက မကောင်းကြောင်း၊ အထက်တန်းကျောင်းများ ဖွင့်လှစ် ထားသည်မှာ တစ်လနီးပါးရှိပြီဖြစ် ကြောင်း၊ ကျန်းမာရေးကိစ္စ စိတ်ချရ ပါက တစ်ဆင့်ပြီးတစ်ဆင့် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ပြောကြား သည်။

 

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ကျောင်းအတွက် ထောက်ပံ့ငွေများကို ကျောင်းအုပ် ဆရာမကြီးထံ ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ကိုကိုးကျွန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေကြသည့် လူနာ များအား ရင်းရင်းနှီးနှီး လိုက်လံ အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများကို ပေးအပ်သည်။

 

ထို့နောက် ဆေးရုံအုပ်နှင့် ကျန်းမာ ရေးဝန်ထမ်းများအား ယခုကဲ့သို့သော နေရာတွင် လာရောက် တာဝန် ထမ်းဆောင်ကြသည်ကို ဂုဏ်ယူကြစေ လိုကြောင်းမှာကြားပြီး ကိုကိုးကျွန်း မြို့နယ် နေ့ကလေးထိန်းကျောင်းနှင့် ဆေးရုံအတွက် ထောက်ပံ့ငွေများကို တာဝန်ရှိသူများထံပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ကိုကိုးကျွန်း လေယာဉ်ကွင်းအား မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှု ပြီး ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ အား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ကိုကိုးကျွန်းမြို့နယ်မှ အထူးလေယာဉ် ဖြင့် ပြန်လည်ထွက်ခွာခဲ့ကြရာ ညနေ ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြသည်။

 

သတင်းစဉ်