ကိုဗစ်ကြောင့် သောကပင်လယ်ဝေနေချိန် မျောက်ကျောက်ကို ကျန်းမာရေးအရေးပေါ်အခြေအနေ ကြေညာလိုက်တဲ့အခါ. . .

 

ဇော်မိုး

 

ကမ္ဘာပေါ်ရှိ လူသားတွေဟာ သဘာဝ ဘေးအန္တရာယ်တစ်ခုခုကြောင့် နေ့စဉ် နဲ့အမျှ အသက်သေဆုံးနေကြရတာကို နိုင်ငံတကာ  သတင်းစာမျက်နှာတွေမှာ တွေ့နိုင်ပါတယ်။  အဲဒီလို  သေဆုံးတဲ့ အထဲမှာ    အပူလှိုင်း၊   မုန်တိုင်း၊   ငလျင်၊ မိုးခေါင်ရေရှား၊  ကပ်ရောဂါစတဲ့  အရာ တွေ    အဓိက ပါပါတယ်။  အဲဒီထဲကမှ ၂၀၁၉ ခုနှစ်ကနေ   လက်ရှိအချိန်အထိ ကင်းစင်ပပျောက်သွားခြင်းမရှိဘဲ တစ်စ တစ်စနဲ့ ကူးစက်မှုတွေ၊ သေဆုံးမှုတွေ ဆက်လက်ရှိနေသေးတာက ကိုဗစ်-၁၉ ကပ်ရောဂါပါ။ 

 


သမ္မတဘိုင်ဒင် ကိုဗစ်ကူးစက်


ကိုဗစ်-၁၉      ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းထုတ်လုပ်မှု တွေ၊ ထိုးနှံမှုတွေ အင်တိုက်အားတိုက် နဲ့ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေပေမယ့် လည်း       မျိုးရိုးဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန်မျိုးကွဲတွေကြောင့် ကာကွယ် ဆေးထိုးနှံမှုအခါခါ၊       ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံမှု အထပ်ထပ်ထိုးနှံ ထားသော်လည်း ကူးစက်မှုတွေ၊ သေဆုံး မှုတွေကတော့ ယခင်ကထက်လျော့နည်း ပေမယ့်  ဆက်လက်ရှိနေဆဲပါ။ မကြာ သေးခင်ကပဲ      အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ ထားရတယ်ဆိုတဲ့သတင်း နိုင်ငံတကာ သတင်းရင်းမြစ်တွေမှာ အကျယ်တဝင့် ဖော်ပြထားတာ    တွေ့ရတယ်။   တချို့ သတင်းတွေမှာ သမ္မတ ဘိုင်ဒင်အနေနဲ့ ကိုဗစ်ကာကွယ်ဆေး လေးကြိမ် လောက် အထိ ထိုးနှံထားတယ်လို့တောင် ဖော်ပြ ထားတာ တွေ့ရတယ်။ ဒါပေမယ့်လည်း မကြာသေးခင် ရက်ပိုင်းက သတင်းတွေ အရ သမ္မတဘိုင်ဒင်အနေနဲ့ ဆေးကုသမှု ငါးရက်လောက်ခံယူအပြီးမှာ ပြန်လည် ကောင်းမွန်လာပြီး    အိမ်ဖြူတော်မှာ ပထမဆုံးလူကိုယ်တိုင်        မိန့်ခွန်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။  

 


မည်သို့ပင်   ကိုဗစ်-၁၉  ကာကွယ် ဆေး ထိုးနှံထားစေကာမူ ရောဂါဖြစ်ပွားမှု ဟာ   ကမ္ဘာတစ်ဝန်းမှာ    ဆက်လက် ကူးစက်ဖြစ်ပွားနေဆဲပါ။ တချို့နိုင်ငံတွေ မှာ     ကိုဗစ်-၁၉    ရောဂါဖြစ်ပွားမှု ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း၊ စတုတ္ထလှိုင်း၊ ပဉ္စမလှိုင်းနဲ့ ဆဋ္ဌမလှိုင်း အထိ   ကျော်ဖြတ်ပြီး    ဖြစ်ပါတယ်။ ဂျပန်နိုင်ငံဆိုရင် ကိုဗစ်-၁၉ သတ္တမလှိုင်း နဲ့  ရင်ဆိုင်နေရပြီလို့  မကြာသေးမီက ထုတ်ပြန်ကြေညာထားတာ     တွေ့ရ တယ်။  ဒါပေမယ့်လည်း ကာကွယ်ဆေး ထိုးနှံထားတဲ့သူတွေဟာ ကာကွယ်ဆေး မထိုးနှံထားတဲ့    သူတွေထက်   ရောဂါ ပြင်းထန်မှုနဲ့  သေဆုံးနိုင်ခြေ  နည်းပါး တယ်လို့ သတင်းရင်းမြစ်တွေမှာ ဖော်ပြ ထားပါတယ်။

 


အဲဒီလို လှိုင်းအထပ်ထပ်နဲ့ ကူးစက် မှုကြား၊   သေဆုံးမှုကြားမှာ    လူသား တွေ      သောကပင်လယ်ဝေနေချိန် မျောက်ကျောက်ရောဂါ    ဖြစ်ပွားမှုကို နိုင်ငံတကာစိုးရိမ်ဖွယ်ရာ     ပြည်သူ့ ကျန်းမာရေးအရေးပေါ်    အခြေအနေ အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇူလိုင် ၂၃ ရက်မှာ ထုတ်ပြန်ကြေညာထားတာ ကြောင့်   တစ်ပူပေါ်တစ်ပူဆင့်ဆိုသလို ဖြစ်ကြရတယ်။  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကို    အစီရင်ခံတင်ပြထားတဲ့  အချက် အလက်အရ   ယခုနှစ်မှာ  အာဖရိက၌ အဆိုပါရောဂါကြောင့် သေဆုံးသူ ငါးဦး ရှိကြောင်း၊ လက်ရှိအချိန်အထိ အာဖရိက ပြင်ပနိုင်ငံတွေဖြစ်တဲ့    စပိန်နဲ့ ဘရာဇီး မှာလည်း    မျောက်ကျောက်ရောဂါနဲ့ ဆက်စပ်တဲ့  သေဆုံးသူရှိလာကြောင်း၊ နိုင်ငံနဲ့      ဒေသပေါင်း      ၇၈ ခုမှ မျောက်ကျောက်ရောဂါ      ကူးစက်မှု ၁၈၀၀၀  ကျော်ရှိလာကြောင်း  သိရပါ တယ်။ 

 


အဲဒီထဲကမှ    ရောဂါကူးစက်မှုရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ ဥရောပဒေသမှ ဖြစ်ပြီး ၂၅ ရာခိုင်နှုန်းဟာ အမေရိကမှ ဖြစ်တယ်လို့ နိုင်ငံတကာသတင်းရင်းမြစ် တွေမှာ ဖော်ပြထားပါတယ်။ အဲဒီရောဂါ တွေအပြင် ကာလဝမ်းရောဂါ၊ သွေးလွန် တုပ်ကွေးရောဂါ၊       ငှက်ဖျားရောဂါ၊ အိတ်ချ်အိုင်ဗွီနဲ့      ကာလသားရောဂါ စတဲ့ ကူးစက်ရောဂါတွေကြောင့်လည်း လူသားတွေ   နေ့စဉ်နဲ့အမျှ   သေဆုံးနေ ကြရပါတယ်။ နောက်ဆုံးထွက်ပေါ်လာတဲ့အချက်အလက်အရ အမေရိကန်နိုင်ငံ မှာ မျောက်ကျောက်ရောဂါအတည်ပြုကူးစက်ခံရသူ အရေအတွက် ၅၀၀၀ ခန့် ရှိလာပြီး    ကနေဒါနိုင်ငံဆိုရင်    ဇူလိုင် ၂၉ ရက်အထိ မျောက်ရောဂါအတည်ပြု ကူးစက်ခံရသူ အရေအတွက် ၈၀၃ ဦး အထိ ရှိလာပြီလို့ သိရပါတယ်။ 

 


ကလေးငယ်တွေ ကာကွယ်ဆေးထိုးဖို့ပြင်


ကိုဗစ်-၁၉ ရောဂါကူးစက်မှုအနေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို ကြည့်ရင် မလေးရှား၊      ဖိလစ်ပိုင်၊   ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ စင်ကာပူနိုင်ငံတွေ အပြင်   အိန္ဒိယ၊  တောင်ကိုရီးယားစတဲ့ နိုင်ငံတွေမှာ     နေ့စဉ်ကူးစက်မှုတွေ၊ သေဆုံးမှုတွေ အဆက်မပြတ် ဖြစ်ပွားနေ တာ တွေ့ရတယ်။ လွန်ခဲ့တဲ့နှစ်လအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ကလေးငယ် နှစ်ဦးသေဆုံးပြီးနောက် စင်ကာပူနိုင်ငံ အနေနဲ့  ယခုနှစ်  စတုတ္ထသုံးလပတ်မှာ ခြောက်လမှ လေးနှစ်ကြား ကလေးငယ် တွေကို ကာကွယ်ဆေးထိုးနှံဖို့ ပြင်ဆင် နေတာ တွေ့ရတယ်။ 

 


လက်ရှိမှာတော့     သက်ဆိုင်ရာ အာဏာပိုင်တွေဟာ ကာကွယ်ဆေးထိုးနှံ ဖို့အတွက်     လိုအပ်တဲ့ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ ကျန်းမာရေးဝန်ကြီး ဌာန၊   ကျန်းမာရေးသိပ္ပံအာဏာပိုင်နဲ့ ကိုဗစ်-၁၉      ကာကွယ်ဆေးထိုးခြင်း ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ကော်မတီက အသက် ငါးနှစ်အောက်ကလေးငယ်တွေ အတွက်   ဖော်စပ်ထားတဲ့   ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို    ဘေးကင်းမှုနဲ့ ထိရောက်မှုကို     လေ့လာနေကြောင်း ပြောပါတယ်။ 

 


စင်ကာပူနိုင်ငံမှာ        ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားနေချိန်ကစပြီး ရောဂါကူးစက်ခံရသူ ၁ ဒသမ ၇ သန်း တွင် ၆၄၀၀၀ (၃ ဒသမ ၉ ရာခိုင်နှုန်း) ဟာ အသက်ငါးနှစ်အောက် ကလေးငယ် တွေဖြစ်တယ်လို့ စင်ကာပူကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ စင်ကာပူ နိုင်ငံမှာ အသက် လေးနှစ်အထိ ပြင်းထန် တဲ့   ရောဂါဖြစ်ပွားမှုကို    ယခင်နှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင် ယခင်နှစ် ၂၀၂၁ ခုနှစ် မှာ ၁၀၀၀၀၀ လူနာမှာ ၄၁ ဦးရှိပြီးတော့ ယခုနှစ်    ၂၀၂၂  ခုနှစ်မှာ  ၁၀၀၀၀၀ မှာ ၁၂  ဦးအထိ   လျော့နည်းလာတယ်လို့ ဆိုပါတယ်။ 

 


ပြီးခဲ့တဲ့  ဇွန် ၂၇ ရက်က စင်ကာပူ နိုင်ငံမှာ      အသက်    ၁၂  နှစ်အောက် ကလေးငယ်တစ်ဦး  ကိုဗစ်-၁၉  ရောဂါ ကြောင့်    သေဆုံးခဲ့တယ်လို့  ထုတ်ပြန် ကြေညာခဲ့ပါတယ်။   ဒါ့အပြင်   အသက် တစ်နှစ်ခွဲအရွယ်    ကလေးငယ်တစ်ဦး လည်း အဆိုပါရောဂါကြောင့် သေဆုံးခဲ့ တယ်လို့ သိရပါတယ်။ စင်ကာပူနိုင်ငံမှာ အမျိုးသားကာကွယ်ဆေးထိုးနှံမှု   အစီ အစဉ်အရ    စင်ကာပူနိုင်ငံရဲ့  လူဦးရေ ၉၆ ရာခိုင်နှုန်းခန့်ဟာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပြည့်   ထိုးနှံထားပြီး ဖြစ်ပါတယ်။  စင်ကာပူနိုင်ငံမှာ   ဇူလိုင် ၂၈ ရက်အထိ ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ စုစုပေါင်း ၁၆၈၅၈၈၉ ဦးအထိရှိပြီး အဲဒီရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၄၉၀ အထိ ရှိကြောင်း worldometers ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ 

 


ကိုဗစ်-၁၉ ကူးစက်မှု


မလေးရှားနိုင်ငံဆိုရင် ဇူလိုင် ၂၈ရက် မှာ ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူ ၃၉၂၆ ဦး   စစ်ဆေးတွေ့ရှိတဲ့အတွက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ စုစုပေါင်း ၄၆၆၈၁၃၉ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကြောင့် ထပ်မံသေဆုံးသူ လေးဦးရှိတဲ့ အတွက် အဲဒီရောဂါကြောင့် သေဆုံးသူ ၃၅၉၄၆ ဦးရှိအထိ ရှိလာပြီ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ     ဇူလိုင်   ၂၈  ရက် တစ်ရက်တည်းမှာ    ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ထိုးနှံသူ ၁၆၆၅၀ ရှိတာ ကြောင့် နိုင်ငံလူဦးရေရဲ့ ၈၆ ရာခိုင်နှုန်း ဟာ အနည်းဆုံး ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီးဖြစ်ပြီး ၈၄ ရာခိုင်နှုန်း ဟာ ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးနှံထားတယ်လို့ သိရပါတယ်။ 

 


အလားတူ တောင်ကိုရီးယားနိုင်ငံ ဆိုရင်လည်း ဇူလိုင် ၂၈ ရက်မှာ ကိုဗစ်-၁၉ ရောဂါထပ်မံ ကူးစက်ခံရသူ ၈၅၃၂၀ စစ်ဆေးတွေ့ရှိတာကြောင့် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၉၆၂၀၅၁၇  ဦးအထိ    ရှိလာပြီဖြစ် ပါတယ်။    အဲဒီရောဂါကြောင့်   ထပ်မံ သေဆုံးသူ   ၃၅ ဦးရှိတဲ့အတွက်လည်း တောင်ကိုရီးယားနိုင်ငံ      တစ်ဝန်းမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း   ၂၄၉၉၂  ဦးအထိ    ရှိလာပြီ ဖြစ်ပါတယ်။ 

 


ငွေကြေးဖောင်းပွမှုနဲ့   စားသောက် ကုန်    ဈေးနှုန်းတွေ   တစ်နေ့တခြား တရိပ်ရိပ်    မြင့်တက်လာတာကြောင့် လည်း လောကလူသားတွေဟာ နေ့စဉ်နဲ့ အမျှ ရတက်ပွေနေကြရပါတယ်။ ကိုဗစ်-၁၉  ရောဂါကို  အဆက်ပြတ်အောင် ရွာအလိုက်၊     ရပ်ကွက်အလိုက်၊   မြို့ အလိုက်၊     နိုင်ငံအလိုက် ကန့်သတ် ထိန်းချုပ်လို့   ရပေမယ့်  အစာအိမ်ကို ကန့်သတ်ထိန်းချုပ်လို့  မရတာကြောင့်    မည်သို့ပင်  ခက်ခဲပြီး ကျပ်တည်းနေပါစေ     လူသားတွေဟာ    ဆက်လက်ရုန်းကန် ကြရမည်သာဖြစ်ပါတယ်။