ကိုဗစ်ကာလ မန္တလေးမြို့ ရာသီပေါ်သစ်သီးဈေးကွက် ဝယ်ယူစားသုံးသူ များပြား

 

မန္တလေး  သြဂုတ်   ၂၂


ယခုရက်ပိုင်းအတွင်း မန္တလေးဈေးကွက်သို့ ဒေသ မျိုးစုံမှထွက်ရှိလာသည့်       ရာသီပေါ်သစ်သီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိသည့်အပြင် ကိုဗစ်ရောဂါ အခြေအနေကြောင့် ဝယ်ယူစားသုံးသူများပြားသဖြင့် အရောင်းအဝယ်များ   သွက်လက်ကောင်းမွန်လျက် ရှိကြောင်း မန္တလေးမြို့   အောင်မြေသာစံမြို့နယ် ညောင်ပင်ဈေးရှိ   သစ်သီးအရောင်းဆိုင်များထံမှ သိရသည်။


လက်ရှိကာလသည် သစ်သီးမျိုးစုံ    လှိုင်လှိုင် ထွက်ပေါ်သည့် ရာသီဖြစ်ခြင်းကြောင့်    ပြည်တွင်း ဒေသအသီးသီးမှ ထွက်ရှိလာသည့်    ကျွဲကောသီး၊ သြဇာသီး၊ နာနတ်သီး၊ ထောပတ်သီးများနှင့် ထိုင်း နိုင်ငံမှ  တင်သွင်းလာသည့် တလည်းသီး၊   လိမ္မော်သီး၊ ပန်းသီး၊ သစ်တော်သီး၊ ကမ္ဗလာသီးနှင့် ဆန်းကစ်သီး များ မန္တလေးဈေးကွက်သို့ ဝင်ရောက် လျက်ရှိသည်။ 


‘‘ဒီရက်မှာ   မန္တလေးဈေးကွက်ကို   တရုတ် နိုင်ငံက သစ်သီးတွေအဝင်နည်းပြီး    ပြည်တွင်းနဲ့ ထိုင်းနိုင်ငံက   တင်သွင်းလာတဲ့   အသီးတွေအဝင် များနေပါတယ်။ ဒါ့အပြင်  ပြည်သူတွေက   ကိုဗစ် ရောဂါအခြေနေကြောင့်  အရည်ရွှမ်းပြီး    ချိုချဉ် အရသာပါတဲ့အသီးတွေကို ဓာတ်စာအနေနဲ့ ဝယ်ယူ စားသုံးမှုများပြားတဲ့အတွက်    ကိုဗစ်ကာလမှာ သစ်သီးဈေးကွက်က အရောင်းအဝယ်ကောင်းတယ် လို့ ပြောရမှာပါ။ အထူးသဖြင့်    ဆန်းကစ်သီး၊ လိမ္မော်သီး၊ ကမ္ဗလာသီး၊   ကျွဲကောသီးတွေ ပိုပြီး ရောင်းကောင်းတယ်။ ကျွန်မတို့ သစ်သီးဈေးကွက် ကတော့ မိဘ၊ ဆရာသမားတွေကို ဂါရဝပြုလှူဒါန်း ကြဖို့ ဝယ်ယူမှုများပြားတဲ့   သီတင်းကျွတ်လနဲ့ သင်္ကြန်ကာလတွေမှာ      အရောင်းအဝယ်ပိုပြီး ကောင်းလေ့ရှိပါတယ်’’ဟု အဆိုပါ   ညောင်ပင်ဈေး တွင် သစ်သီးဆိုင်ဖွင့်လှစ် ရောင်းချနေသူ ဒေါ်ယုယု ဝင်းက ပြောသည်။
 ယခုရာသီတွင် ဈေးကွက်သို့ဝင်ရောက်လာသည့် သစ်သီးများအနက် ပြည်တွင်းမှထွက်ရှိသည့် ဖရဲသီး၊ သခွားမွှေး၊ သြဇာသီး၊ ထောပတ်သီးနှင့် နာနတ်သီး ဈေးနှုန်းများမှာ ကျဆင်းနေပြီး၊ ထိုင်းနိုင်ငံမှတင်သွင်း လာသည့် ဆန်းကစ်သီး၊ သစ်တော်သီး၊ လိမ္မော်သီး၊ တလည်းသီး၊ ပန်းသီးနှင့် ကမ္ဗလာသီးများမှာ ပို့ဆောင် ခစရိတ်များကြောင့်     ဈေးနှုန်းများအနည်းငယ် မြင့်တက်လျက်ရှိသည်။ 


မန္တလေးသစ်သီးဈေးကွက်တွင် လက်ရှိရောင်းချ နေသည့် သစ်သီးများ၏   လက်လီဈေးနှုန်းများမှာ အရွယ်အစားပေါ်မူတည်၍ သြဇာသီးတစ်လုံးလျှင် ငွေကျပ်  ၁၀၀ ကျပ်မှ ၂၀၀၊  ပန်းသီး (အကြွပ်သီး)တစ်လုံးလျှင် ငွေကျပ်   ၆၀၀ မှ ၈၀၀၊   တလည်းသီး တစ်လုံးလျှင် ငွေကျပ် ၁၂၀၀၊ ဆန်းကစ်သီးတစ်လုံး လျှင် ငွေကျပ် ၈၀၀၊   ထောပတ်သီးတစ်လုံးလျှင် ငွေကျပ်  ၄၀၀၊ သစ်တော်သီးတစ်လုံးလျှင် ငွေကျပ် ၁၀၀၀ မှ  ၁၂၀၀၊    နာနတ်သီးတစ်လုံးလျှင် ငွေကျပ် ၄၀၀ မှ ၅၀၀၊  ကျွဲကောသီး (ထိုင်း) တစ်လုံးလျှင် ငွေကျပ်  ၂၅၀၀၊ ကျွဲကောသီး(မြန်မာ) တစ်လုံးလျှင်  ငွေကျပ်  ၁၀၀၀၊    လိမ္မော်သီးတစ်လုံးလျှင်   ငွေကျပ်  ၅၀၀၊ ကမ္ဗလာသီးတစ်လုံးလျှင် ငွေကျပ်  ၅၀၀ နှုန်း ဖြင့်  ရောင်းချပေးနေကြောင်း သိရသည်။


မင်းထက်အောင်(မန်းကိုယ်ပွား)