ကိုဗစ်-၁၉ တတိယအကျော့အတွက် အိန္ဒိယ အဆင်သင့်ဖြစ်နေပြီလား

 

ထွန်းကျော်

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသစ်များ သိသိသာသာကျဆင်းလာချိန်မှာ အိန္ဒိယနိုင်ငံဟာ သူ့ရဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးလိုက်တယ်ဆိုရင်ပဲ ကိုဗစ်-၁၉ တတိယအကျော့ရဲ့ ခြိမ်းခြောက်မှုက ဘွားခနဲ ပေါ်လာပါတော့တယ်။ ကျွမ်းကျင်သူတွေကတော့ နောက်ထပ် ကိုဗစ်-၁၉ အကျော့ ဂယက်ဟာ သြဂုတ်လကုန်မှာ အိန္ဒိယနိုင်ငံကို ထပ်မံရိုက်ခတ်လာနိုင်တယ်လို့ ဆိုသော်လည်း သိပ်ပြင်းထန်မယ့် သဘော မရှိဘူးလို့ ဆိုပါတယ်။
 

 

တတိယအကျော့ဟာ ဒုတိယအကျော့လောက်
ပြင်းထန်မယ့်သဘောမရှိ 
နိုင်ငံတစ်ဝန်း နေ့စဉ် ကိုဗစ်-၁၉ကူးစက်ဖြစ်ပွားမှုသစ်ဟာ မေလ မှာ လေးသိန်းကျော် ကူးစက်ဖြစ်ပွားခဲ့ရာမှ  အခု  လက်ရှိမှာတော့ နှစ်သောင်းခွဲကနေ သုံးသောင်းကျော်အထိသာ ရှိပါတော့တယ်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုဟာ သိသိသာသာကြီး  မဖြစ်ပွား တော့ဘဲ တဖြည်းဖြည်းချင်းသာ ဖြစ်ပွားလျက်ရှိတဲ့အတွက် သြဂုတ်လ ကုန်မှာဖြစ်မယ့် ကိုဗစ်-၁၉ တတိယလှိုင်းဟာ ဒုတိယလှိုင်းလောက် ပြင်းထန်မယ့်သဘော   မရှိတော့ပါဘူး။   ကူးစက်မြန်  ပြင်းထန် ဒယ်လ်တာအသွင်ပြောင်း  ကိုဗစ်-၁၉ မျိုးစိတ်သစ်သာ ဆက်လက် လွှမ်းမိုးဖြစ်နေဦးမယ်ဆိုရင် နောက်ထပ် ကိုဗစ်-၁၉ မျိုးစိတ်သစ်တွေ ထပ်မံမပေါ်ပေါက်နိုင်သေးပါဘူးလို့  ကျွမ်းကျင်သူတွေက ပြောထား ပါတယ်။
ကာကွယ်ဆေးမထိုးတဲ့ကလေးတွေ ပိုမိုကူးစက်ဖြစ်ပွားမယ်  
ကိုဗစ်-၁၉ တတိယအကျော့ဟာ ဒုတိယအကျော့လောက် ဆိုးမယ် လို့ မထင်ဘူးလို့ နယူးဒေလီရှိ ဆေးသိပ္ပံအင်စတီကျုရဲ့ ညွှန်ကြား ရေးမှူး ရမ်ဒိပ်ဂူလီရီယာက ပြောပါတယ်။   ကာကွယ်ဆေးမထိုးထားတဲ့ ကလေးတွေမှာ ပိုမိုကူးစက်မှုဖြစ်ပွားလွယ်နိုင်ကြောင်း သူက ဆက်ပြီး ပြောခဲ့ပါတယ်။ 
ပြည်သူရဲ့အသိစိတ်အရေးကြီး 
မြို့တွေမှာလည်း  ကိုဗစ်-၁၉   ကန့်သတ်ချက်တွေ   ဖယ်ရှား ပေးလိုက်ပြီး နိုင်ငံတစ်ဝန်း  ပုံမှန်ဘဝနေထိုင်မှုမျိုးကို   ပြန်လည် လျှောက်လှမ်းလျက်ရှိတဲ့အချိန်မှာ ကိုဗစ်-၁၉ ကို အကောင်းဆုံး ခုခံကာကွယ်ရင်ဆိုင်ဖို့ကတော့ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းမျဉ်းတွေ ကို လိုက်နာတဲ့ ပြည်သူတွေရဲ့အသိစိတ်ပဲ ဖြစ်ပါတယ်။
အိန္ဒိယကျန်းမာရေးအာဏာပိုင်တွေက ပြည်သူလူထုကို ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ရန်၊ လက်ဆေးရန်၊ တစ်ဦးနဲ့တစ်ဦး ခပ်ဝေးဝေးနေထိုင်ရန်တိုက်တွန်းထားပြီး အပြန်အလှန်ခရီးသွားလာခြင်းတွေ ကို ဝေဖန်ထားပါတယ်။
သက်ဆိုင်ရာအရာရှိတွေရဲ့ သတိပေးမှုတွေနဲ့ ပြောင်းပြန် များစွာ သောပြည်သူတွေဟာ ဈေးများနဲ့ နိုင်ငံခြားသားအပန်းဖြေအနားယူရာ နေရာတွေကိုလည်း ပါးစပ်၊ နှာခေါင်းစည်းတွေမတပ်ဆင်ဘဲ သွားလာ နေကြပါတယ်။ ဒါက ကိုဗစ်-၁၉ ကြောင့် ယိုင်နဲ့နေတဲ့ စီးပွားရေးကို ကုစားရာမှာ ကောင်းမွန်သော်လည်း တစ်ဖက်ကကြည့်မယ်ဆိုရင် လည်း ကိုဗစ်-၁၉ တတိယအကျော့ ကူးစက်ဖြစ်ပွားမှုကို လမ်းခင်း ပေးနေသလိုပါပဲ။
ပျော်ပျော်နေတဲ့နည်းလမ်းဟာ မမှန်ပါဘူး
ကိုဗစ်-၁၉ တတိယအကျော့ကူးစက်ဖြစ်ပွားသည့်တိုင် ပါတီပွဲတွေ တက်ခြင်း၊ ဖက်ရှင်ပွဲတွေတက်ခြင်း စတဲ့ပျော်ပွဲရွှင်ပွဲတွေနဲ့ ပျော်ပျော် နေမယ်ဆိုတဲ့ ပြည်သူတွေရဲ့ ပြောဆိုသံတွေကို ကျွန်တော်တို့ တစ်ခါ တစ်ခါကြားပါတယ်။ ဒီနည်းလမ်းဟာ မမှန်ပါဘူး။ ဒါဟာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသစ်တွေကို လက်ယပ်ခေါ်နေသလိုပါပဲလို့  အကြီးတန်း ကျန်းမာရေးအရာရှိတစ်ဦးဖြစ်တဲ့ လက်ဗ်အက်ဂါဝေါက သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။ နေ့စဉ်ဘဝသစ်ပုံစံနဲ့နေထိုင်ခြင်း ဟာ ကိုဗစ်-၁၉ နဲ့သင့်တော်တဲ့ နေထိုင်ခြင်းပဲဆိုတာ မှတ်ထားသင့် တယ်လို့ သူက ပြောပါတယ်။
ကာကွယ်ဆေးထိုးမှုတွေ ဆောင်ရွက်ခဲ့
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလာတဲ့ ခုနစ်လကျော်ကာလအတွင်း မှာ နိုင်ငံအတွင်းမှာရှိတဲ့ သက်ကြီးရွယ်အို ၉ ရာခိုင်နှုန်းခန့် ကာကွယ် ဆေးအပြည့်အဝထိုးနှံပြီးပြီဖြစ်တယ်လို့ နောက်ဆုံးစာရင်းတွေအရ သိရပါတယ်။ 
အခုချိန်အထိ နိုင်ငံတစ်ဝန်းမှာ လူပေါင်း ၅၅၄ သန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးပြီလို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ 
လူပေါင်း ၁၂၁ သန်းကျော် လူဦးရေ၏ ၈ ဒသမ ၉ ရာခိုင်နှုန်းကျော် ကိုဗစ်-၁၉ ကာကွယ်ဆေး  အပြည့်အဝ  ထိုးနှံပြီးပြီဖြစ်ပါတယ်။ လူပေါင်း ၄၂၂ သန်းကျော်၊ လူဦးရေ၏  ၃၀ ဒသမ ၉ ရာခိုင်နှုန်းကျော် အနည်းဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးပြီဖြစ်တယ် လို့ သိပ္ပံနည်းကျအွန်လိုင်းဖော်ပြချက်တစ်ခုဖြစ်တဲ့ Our World in Data ရဲ့အချက်အလက်တွေအရ သိရပါတယ်။
အခုနှစ်ကုန်မှာ အသက် ၁၈ နှစ်ကျော်တဲ့ လူဦးရေအကုန်လုံးကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးဖို့ အစိုးရက ရည်မှန်းထားပါတယ်။ အဲဒီရည်မှန်းချက်ကို ရောက်ဖို့ဆိုရင် အိန္ဒိယနိုင်ငံအနေနဲ့ တစ်နေ့ကို ကိုဗစ်-၁၉  ကာကွယ်ဆေး ၁၀ သန်းခန့်   ထိုးပေးဖို့လိုပါတယ်လို့ ကျွမ်းကျင်သူများက ပြောပါတယ်။
တတိယအကျော့ကို ကြိုတင်ပြင်ဆင်မယ်  
လွန်ခဲ့တဲ့ သီတင်းပတ်က အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ တတိယအကျော့ကို ကြိုတင်ပြင်ဆင်နိုင်ဖို့ အမေရိကန် ဒေါ်လာ ၉၇၁ သန်းကျော် ချထားဖို့ သဘောတူခဲ့ပါတယ်။
ဒီရန်ပုံငွေဟာ    ကိုဗစ်-၁၉  ကပ်ရောဂါကို   တိုက်ဖျက်ရာမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေဖြစ်တဲ့ ဆေးရုံတွေ   တည် ဆောက်ခြင်း၊ အောက်ဆီဂျင်စက်ရုံတွေတည်ဆောက်ခြင်းနဲ့ နိုင်ငံ တစ်ဝန်းမှာ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း စတဲ့ကျန်းမာရေး လုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်တဲ့နေရာမှာ အသုံးပြုမှာ ဖြစ်ပါ တယ်လို့ အစိုးရက ပြောပါတယ်။
ဒုတိယအကျော့တုန်းကဖြစ်ပွားခဲ့တဲ့  အောက်ဆီဂျင်ပြတ်တောက် ခြင်း၊ ဆေးနဲ့ ဆေးဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းတွေ ပြတ်တောက် ခြင်း၊ ဆေးရုံခုတင်မလောက်ငခြင်း စတဲ့ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရည်ရွယ်ထားပါတယ်။
မေလမှာရောက်ရှိခဲ့တဲ့ ကိုဗစ်-၁၉ အဆိုးဆုံးအခြေအနေတွေ အတွက် ကြိုတင်ပြင်ဆင်ထားတယ်လို့ အရာရှိတွေက ပြောပါတယ်။
ပြင်ဆင်မှုတွေ မလုံလောက်သေး 
အိန္ဒိယစီးပွားရေးသမားနဲ့ သတင်းစာဆရာတစ်ယောက်ဖြစ်တဲ့ မီဟာရှာမာက မကြာသေးမီက ရေးခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ထဲမှာတော့ အိန္ဒိယနိုင်ငံဟာ သူပြောသလို ဖြစ်လာမယ့် တတိယအကျော့အတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ရေးသားခဲ့ပါတယ်။ 
ယုံကြည်မှုလွန်ကဲခြင်းဟာ အိန္ဒိယ ကိုဗစ်-၁၉ ဒုတိယအကျော့မှာ ပျက်စီးဆုံးရှုံးစေခဲ့တဲ့ အကြောင်းရင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ကိုဗစ်-၁၉ တတိယအကျော့ကို ကြိုတင်ခန့်မှန်းဖို့   လွယ်ကူလောက်တဲ့အထိ ကိုဗစ်-၁၉  ဒုတိယအကျော့မှာ   တိကျတဲ့အချက်အလက်တွေကို ကျွန်တော်တို့ အခုချိန်အထိ ပြည့်ပြည့်စုံစုံမသိရသေးဘူးလို့ သူက ပြောပါတယ်။
တစ်နိုင်ငံလုံး သေဆုံးသူတွေ တိုးလာနိုင် 
အိန္ဒိယဆေးဘက်ဆိုင်ရာသုတေသနကောင်စီရဲ့ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ အိန္ဒိယနိုင်ငံသား သုံးပုံပုံနှစ်ပုံလောက်က ကိုဗစ်-၁၉ နဲ့ထိတွေ့ခဲ့ပါတယ်။ ဒါဟာ အတော်များများထိတွေ့ခဲ့တဲ့ ပမာဏပဲ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံသား သန်း ၄၀၀ လောက်ဟာ ပဋိပစ္စည်း မရှိပါဘူး။ ကိုဗစ်-၁၉ တတိယအကျော့ သို့မဟုတ် စတုတ္ထအကျော့ ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ သေဆုံးသူတွေ တိုးလာ နိုင်ပါတယ်။ အခြေအနေတွေကို ပိုဆိုးစေတာကတော့ အခုအချိန်အထိ အိန္ဒိယဘယ်နှဦးလောက် ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် သေဆုံးခဲ့တယ် ဆိုတဲ့   သေချာတဲ့အချက်အလက်၊   ကောင်းမွန်တဲ့အချိတ်အဆက်၊ တိကျတဲ့ခြေရာကောက်မှု မရှိသေးပါဘူး။ အစိုးရကတော့ သန်းထက် ဝက်လောက်ရှိပြီလို့  ပြောပါတယ်။  တကယ့်  ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစာရင်းဟာ လက်ရှိ ထုတ်ပြန်နေတဲ့စာရင်းထက် နှစ်သန်း သုံးသန်းလောက် ပိုများမယ်လို့ တချို့က ခန့်မှန်းထားပါတယ်။
အကောင်းဆုံးသင်ခန်းစာ
ရှာမာက ကိုဗစ်-၁၉ ဒုတိယအကျော့ရဲ့ အဓိကသင်ခန်းစာကတော့ ကိုဗစ်-၁၉   တတိယအကျော့ဂယက်   ထပ်မံမရိုက်ခတ်ခင် ပြည်နယ် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ကောင်းမွန်အောင်ထောက်ပံ့မှု ပြုသင့်တယ်လို့ ပြောထားပါတယ်။ နောက် ကိုဗစ်-၁၉ ဒုတိယအကျော့ ရဲ့  သင်ခန်းစာတစ်ခုကတော့   အိန္ဒိယနိုင်ငံကို   အောက်ဆီဂျင်နဲ့ ဆေးပစ္စည်းတွေ သိုင်းဝိုင်းလာကြတာပဲ ဖြစ်ပါတယ်။
အိန္ဒိယလို  ကြီးမားတဲ့နိုင်ငံအနေနဲ့   ဒီကိစ္စကို   ကိုယ့်ဟာကိုယ် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့လိုတယ်လို့ ရှာမာက ပြောပါတယ်။ ဒုတိယ အကျော့မှာကြုံတွေ့ခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ နှေးကွေးတဲ့ကာကွယ်ဆေးထိုးလုပ်ဆောင်မှုတွေနဲ့ ပျော့ကွက်အားနည်းချက်တွေဟာ အိန္ဒိယနိုင်ငံ အနေနဲ့ ကိုဗစ်-၁၉ တတိယအကျော့ကို ကြိုတင်ကာကွယ်ရာမှာ လေ့လာဖို့အကောင်းဆုံး သင်ခန်းစာပဲဖြစ်ပါတယ်။

ကိုးကား - ဆင်ဟွာ