ကိုဗစ်-၁၉ ရန်ပုံငွေမှ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်း ၁ နှစ် ထပ်မံတိုးမြှင့်ပေးကြောင်း အသိပေးကြေညာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ 
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ 
သတင်းထုတ်ပြန်ချက် (၁/၂၀၂၄)
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁  ရက်


ကိုဗစ်-၁၉ ရန်ပုံငွေမှ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့် 
ချေးငွေများပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်း ၁ နှစ် ထပ်မံတိုးမြှင့်ပေးကြောင်း 
အသိပေးကြေညာခြင်း

 

၁။    ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီ၏ တာဝန်များအနက် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများကို ပြန်လည် ကုစားနိုင်ရေးအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍမှ ထိခိုက်မှု အများဆုံးဖြစ်သည့် လုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ  ချေးငွေ သက်တမ်းတစ်နှစ်  (အတိုးနှုန်း ၁ %)  သတ်မှတ်ပြီး ၂၀၂၂ ခုနှစ်၊  ဇန်နဝါရီလ ၂၈ ရက်နေ့မှစတင်၍ ကုမ္ပဏီ/ လုပ်ငန်း စုစုပေါင်း ၈၇၉ ခု၊ ချေးငွေပမာဏ ကျပ် ၁၃.၁၃၂၅ ဘီလီယံအား  ကိုဗစ်-၁၉  ရန်ပုံငွေမှ   ချေးငွေများထုတ်ပေးခြင်းကို  ဆောင်ရွက်ပေး ခဲ့ပါသည်။

၂။    နိုင်ငံတော်အနေဖြင့် အဆိုပါချေးငွေထုတ်ပေးခဲ့သည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာ ကဏ္ဍမှ လုပ်ငန်း ၈၇၉ ခုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့်  ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်း ၁ နှစ် စေ့ရောက်သည့်နေ့စ၍ သက်တမ်း ၁ နှစ် တိုးမြှင့်ပေးကြောင်း အသိပေးကြေညာခဲ့ပါသည်။

၃။    ယခုအခါ ကိုဗစ်-၁၉  ကပ်ရောဂါကြောင့်  စီးပွားရေးလုပ်ငန်းများ  ထိခိုက်မှုများ  ထပ်မံရှိနေပြီး ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ  ငွေကြေးလည်ပတ်မှုအဆင်ပြေချောမွေ့စေရေးအတွက်   ချေးငွေ ပြန်လည်ပေးဆပ်ရမည့်ကာလကို    ချေးငွေပြန်လည်ပေးဆပ်ရန်   ကာလစေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် ၁ နှစ် သက်တမ်းတိုးမြှင့်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခဲ့ပါသည်။

၄။    သို့ပါ၍ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာ ကဏ္ဍမှ  ကုမ္ပဏီ/လုပ်ငန်း ၈၇၉ ခု အနေဖြင့်  အောက်ပါအခြေအနေများဖြင့်  ကိုက်ညီသူများအား ချေးငွေပြန်ဆပ်ရန်ကာလကို  ချေးငွေကာလ  သက်တမ်း  ၂  နှစ်စေ့ရောက်သည့်နေ့မှစ၍  နောက်ထပ် ၁ နှစ် ထပ်မံတိုးမြှင့်ပေးပါကြောင်း အသိပေးကြေညာအပ်ပါသည်-
    (က)    ပထမနှစ်အတွက် ပထမအကြိမ် အတိုးများအား ပေးဆပ်ပြီး ဖြစ်ရပါမည်၊
    (ခ)    ဒုတိယနှစ်အတွက် ဒုတိယအကြိမ် အတိုးများအား ကာလပြည့်မီက ပေးဆပ်ပြီး ဖြစ်ရပါမည်၊
    (ဂ)    ချေးငွေအား ရည်ရွယ်ချက်အတိုင်း ထိရောက်အောင်  ဆောင်ရွက်လျက်ရှိသည့်  ကုမ္ပဏီ/ လုပ်ငန်း ဖြစ်ရပါမည်။

၅။    လုပ်ငန်းကော်မတီက ခွင့်ပြုခဲ့သည့်  ချေးငွေထုတ်ယူခွင့်ပြုကြောင်း  အကြောင်းကြားစာတွင် “ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်ခံရမည်ဖြစ်ပါ ကြောင်း”  အသိပေးဖော်ပြပါရှိသဖြင့် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေထုတ်ယူထားသည့်  ကုမ္ပဏီ/ လုပ်ငန်းများအနေဖြင့် ချေးငွေ အရင်း၊ အတိုး ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ချေးငွေသဘောတူစာချုပ် ပါအတိုင်း ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ  တရားမကြောင်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်းနှင့် သက်တမ်းတိုးမြှင့်ရန် ခွင့်ပြုထားသည့်ကာလအတွင်း အပြီးသတ် အပြေအကျေပေးဆပ်ရန် အသိပေးကြေညာအပ်ပါသည်။


ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး 
သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ