
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်
ကုစားရေးလုပ်ငန်းကော်မတီ
သတင်းထုတ်ပြန်ချက် ( ၄ / ၂၀၂၂)
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်
ကိုဗစ်-၁၉ ရန်ပုံငွေ မှ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရမည့် ကာလအား သက်တမ်း (၁) နှစ် ထပ်မံ တိုးမြှင့်ပေးကြောင်း အသိပေးကြေညာခြင်း
၁။ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီ၏ တာဝန်များအနက် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများကို ပြန်လည် ကုစားနိုင်ရေးအတွက် နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍမှ ထိခိုက်မှု အများဆုံးဖြစ်သည့် လုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်းတစ်နှစ် (အတိုးနှုန်း ၁ %) သတ်မှတ်ပြီး ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ မှစတင်၍ ချေးငွေများ ခွင့်ပြုထုတ်ချေးပေးခဲ့ ပါသည်။
၂။ မြန်မာ့စီးပွားရေးဘဏ်က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ထိ ကုမ္ပဏီ/ လုပ်ငန်း စုစုပေါင်း ၃၂၅ ခု၊ ချေးငွေပမာဏ ကျပ် ၇.၆ ဘီလီယံအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ပေးခြင်းကို ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ပါသဖြင့် အစောဆုံး ထုတ်ပေးခဲ့သည့် ချေးငွေရရှိသူများသည် မကြာမီချေးငွေသက်တမ်းကာလ ပြည့်မြောက်ပြီး ပြန်လည်ပေးဆပ်ရမည့် ကာလစေ့ရောက်တော့မည် ဖြစ်ပါသည်။
၃။ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုများ ထပ်မံရှိနေပြီး ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွေ့စေရေးအတွက် ချေးငွေ ပြန်လည်ပေးဆပ်ရမည့်ကာလကို ချေးငွေပြန်လည်ပေးဆပ်ရန် ကာလစေ့ရောက်သည့် နေ့မှစ၍ နောက်ထပ် (၁) နှစ် သက်တမ်းတိုးမြှင့်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခဲ့ပါသည်။
၄။ သို့ပါ၍ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသည့် နိုင်ငံသားပိုင် ငါး၊ ပုစွန်မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍမှ ကုမ္ပဏီ/ လုပ်ငန်း ၃၂၅ ခု အနေဖြင့် အောက်ပါအခြေအနေများဖြင့် ကိုက်ညီသူများအား ချေးငွေပြန်ဆပ်ရန် ကာလကို ချေးငွေကာလ သက်တမ်း (၁) နှစ် စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် (၁) နှစ် ထပ်မံ တိုးမြှင့်ပေးပါကြောင်း အသိပေးကြေညာအပ်ပါသည်-
(က) အတိုးများအား ကာလစေ့ရောက်သည့်နေ့တွင် ပေးဆပ်ပြီး ဖြစ်ရပါမည်၊
( ခ ) ချေးငွေအား ရည်ရွယ်ချက်အတိုင်း ထိရောက်အောင် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ/ လုပ်ငန်း ဖြစ်ရပါမည်။
၅။ လုပ်ငန်းကော်မတီက ခွင့်ပြုခဲ့သည့် ချေးငွေ ထုတ်ယူခွင့်ပြုကြောင်း အကြောင်းကြားစာတွင် “ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်ခံရမည်ဖြစ်ပါ ကြောင်း” အသိပေးဖော်ပြပါရှိသဖြင့် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းများအနေဖြင့် ချေးငွေ အရင်း၊ အတိုး ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ချေးငွေ သဘောတူ စာချုပ်ပါအတိုင်း ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ တရားမကြောင်းအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် သက်တမ်းတိုးမြှင့်ရန် ခွင့်ပြုထားသည့်ကာလအတွင်း အပြီးသတ်အပြေအကြေပေးဆပ်ရန် အသိပေးကြေညာအပ်ပါသည်။
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး
သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ