ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသူများအနေဖြင့် ချေးငွေကာလ သက်တမ်း (၂) နှစ် စေ့ရောက်သည့် နေ့မှစ၍ နောက်ထပ် (၁) နှစ် ထပ်မံ သက်တမ်းတိုးမြှင့်ပေးပါကြောင်း အသိပေးကြေညာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ 
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ
သတင်းထုတ်ပြန်ချက်(၃/၂၀၂၂)
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ  ၄   ရက်
 

 

၁။    ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့်  စီးပွားရေးသက်ရောက်မှုများအပေါ်  ကုစားရေးလုပ်ငန်း ကော်မတီ၏ တာဝန်များအနက် ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုများကို ပြန်လည်ကုစားနိုင်ရေးအတွက် ထိခိုက်မှုအများဆုံးဖြစ်သည့် လုပ်ငန်းများအား  ဦးစားပေးကဏ္ဍအလိုက်  ကိုဗစ်-၁၉ ရန်ပုံငွေ ကျပ် ၂၀၀ ဘီလီယံမှ ကုမ္ပဏီ/ လုပ်ငန်းစုစုပေါင်း ၅,၉၉၀ ခု၊ ချေးငွေပမာဏ ကျပ် ၁၅၈.၄၄၃၈ ဘီလီယံကို ချေးငွေ သက်တမ်း တစ်နှစ် (အတိုးနှုန်း ၁ %) သတ်မှတ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၉ ရက်နေ့မှစ၍ အောက်ပါ လုပ်ငန်းများအား ဦးစားပေးချေးငွေများ ခွင့်ပြုထုတ်ချေးပေးခဲ့ပါသည်- 


    (က)    CMP လုပ်ငန်းများ၊ 
    (ခ )    ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၊ 
    (ဂ )    အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ၊ 
    (ဃ)    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ၊ 
    (င )    ပြည်ပပို့ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ 
    (စ )    သွင်းကုန် အစားထိုးပစ္စည်းထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊
    (ဆ)    ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက် ပါဝင်ဆောင်ရွက်သည့် လုပ်ငန်းများ၊
    (ဇ )    စားသောက်ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ 
    (ဈ )    ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းများ၊ 
    (ည)    အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများ။

 

၂။    နိုင်ငံတော်အနေဖြင့် အဆိုပါ ချေးငွေထုတ်ပေးခဲ့သည့် ကုမ္ပဏီ/ လုပ်ငန်း ၅,၉၉၀ ခုကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် ချေးငွေပြန်ဆပ်ရန် ကာလအား ချေးငွေကာလ သက်တမ်းတစ်နှစ် စေ့ရောက်သည့်နေ့မှစ၍ ပထမအကြိမ်အဖြစ် (၆) လ သက်တမ်းတိုးမြှင့်ပေးပါကြောင်းနှင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ  ၁၁ ရက်နေ့တွင်  ချေးငွေပြန်ဆပ်ရန် ကာလကို ချေးငွေကာလ သက်တမ်း (၁) နှစ် (၆) လ စေ့ရောက်သည့်နေ့မှစ၍ ဒုတိယအကြိမ်အဖြစ် နောက်ထပ် (၆) လ ထပ်မံ သက်တမ်းတိုးမြှင့်ပေးပါကြောင်း  သတင်းထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်သဖြင့် စုစုပေါင်း သက်တမ်း (၁) နှစ် တိုးပေးခဲ့ပြီး ဖြစ်ပါသည်။

 

၃။    ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်  စီးပွားရေးလုပ်ငန်းများ   ထိခိုက်မှုများ  ထပ်မံရှိနေပြီး ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ  ငွေကြေးလည်ပတ်မှု  အဆင်ပြေချောမွေ့စေရေးအတွက် ချေးငွေ ပြန်လည်ပေးဆပ်ရမည့်ကာလကို   ချေးငွေပြန်လည်ပေးဆပ်ရန်   ကာလစေ့ရောက်သည့်  နေ့မှစ၍ နောက်ထပ် (၁) နှစ် ထပ်မံ သက်တမ်းတိုးမြှင့်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခဲ့ပါ သည်။

 

၄။    သို့ပါ၍ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ ရယူထားသည့် ကုမ္ပဏီ/ လုပ်ငန်း ၅,၉၉၀ ခု အနေဖြင့် အောက်ပါ အခြေအနေများဖြင့် ကိုက်ညီသူများအား ချေးငွေပြန်ဆပ်ရန် ကာလကို ချေးငွေကာလ သက်တမ်း (၂) နှစ် စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် (၁) နှစ် ထပ်မံ သက်တမ်းတိုးမြှင့်ပေးပါကြောင်း  အသိပေး ကြေညာအပ်ပါသည်-
    (က)    ပထမနှစ်အတွက် ပထမအကြိမ် အတိုးများအား ပေးဆပ်ပြီး ဖြစ်ရပါမည်၊ 
    (ခ )    ဒုတိယနှစ်အတွက် ဒုတိယအကြိမ် အတိုးများအား ကာလပြည့်မီက ပေးဆပ်ပြီး ဖြစ်ရပါမည်၊
    (ဂ )    ချေးငွေအား ရည်ရွယ်ချက်အတိုင်း ထိရောက်အောင် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ/ လုပ်ငန်း ဖြစ်ရပါမည်။

 

၅။    လုပ်ငန်းကော်မတီက    ခွင့်ပြုခဲ့သည့်   ချေးငွေထုတ်ယူခွင့်ပြုကြောင်း   အကြောင်းကြားစာတွင် “ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်ခံရမည်ဖြစ်ပါ ကြောင်း” အသိပေးဖော်ပြပါရှိသဖြင့် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းများအနေဖြင့် ချေးငွေ အရင်း၊ အတိုး ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ချေးငွေ သဘောတူ စာချုပ်ပါအတိုင်း ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ  တရားမကြောင်းအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် သက်တမ်းတိုးမြှင့်ရန် ခွင့်ပြုထားသည့်ကာလအတွင်း အပြီးသတ်အပြေအကျေပေးဆပ်ရန် အသိပေးကြေညာအပ်ပါသည်။


ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး 
သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ