
နေပြည်တော် ဇူလိုင် ၄
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်၍ ရောဂါကွင်းဆက်များ ဖြတ်တောက်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ပါးစပ်နှင့် နှာခေါင်းစည်း (surgical mask) အရေအတွက် စုစုပေါင်း ၁၂၀၅၀၀၀၀ ခုကို နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများထံသို့ ဇွန်လအတွင်း ဖြန့်ဝေထားရှိပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ပါးစပ်နှင့် နှာခေါင်းစည်း (surgical mask) များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်နှင့် မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနများသည် ရောဂါကူးစက်နိုင်ခြေမြင့်မားသော လူစည်ကားရာနေရာများဖြစ်သည့် မြို့နယ်အသီးသီးရှိ ဈေး၊ ဘဏ်၊ လမ်းဆုံ၊ ကားဂိတ်၊ မြို့အဝင်အထွက်ဂိတ် စသည့်နေရာများတွင် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ ရောဂါကာကွယ်ရေး ကျန်းမာရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှင့် နှာခေါင်းစည်း အခမဲ့ဖြန့်ဝေပေးခြင်း (Mask Campaign)များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်