
ဆောင်းပါး
=====
ကိုဗစ်-၁၉ ရောဂါကို မကြောက်သူ
======================
သိန်းလွင်(လဝက)
==========
ဩဂုတ်လကုန်လောက်က ရခိုင်ပြည်နယ်တွင် လျင်မြန်စွာ ပျံ့နှံ့ကူးစက်နေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် မိတ်ဆွေ ဖြစ်သူ တရားလွှတ်တော်ရှေ့နေကြီးအား တယ်လီဖုန်းဖြင့် ဆက်သွယ်၍ ကျွန်တော်တို့ ခင်ဗျားတို့ အသက် ၇၀ ကျော် သက်ကြီးရွယ်အိုတွေ၊ ရောဂါအခံရှိသူတွေဟာ ကိုဗစ်ရောဂါ ရဲ့ ပစ်မှတ်ဖြစ်နေကြောင်း၊ လူအများကြား တရားရုံးသို့ သွားနေရသူဖြစ်၍ အထူးသတိထားသင့်ကြောင်း၊ ရောဂါ ကူးစက်မှုမှာ အလွန်လျင်မြန်နေကြောင်း၊ ရောဂါကူးစက် ခံရပြီဆိုလျှင် မိမိသာမက မိသားစုအပါအဝင် ပတ်ဝန်းကျင် အသိုင်းအဝိုင်း၏ စားဝတ်နေရေးပါ ထိခိုက်နိုင်သဖြင့် အထူးသတိထားသင့်ကြောင်းပြောရာ ၎င်းက အားရပါးရ ရယ်ပြီး ခင်ဗျားအားပေးစကားပြောတာ ကျေးဇူးတင်ပါ တယ်ဗျာ။ ဒါပေမဲ့ ခင်ဗျားပြောတာက ရောဂါကူးစက်ခံရ မှာကို ကြောက်တာထက် စိုးရိမ်စိတ်က ပိုများနေတယ်။ စိုးရိမ်စိတ်များရင် ဒုက္ခရောက်တတ်တယ်။ ကျွန်တော်က တော့ မကြောက်ဘူးဗျ၊ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျား စဉ်းစားကြည့်လေ၊ ကမ္ဘာ့နိုင်ငံတွေနဲ့ယှဉ်ကြည့်ဗျာ၊ အဲဒီ နိုင်ငံတွေရဲ့ ကူးစက်ပျံ့နှံ့မှုတွေ၊ သေဆုံးမှုတွေကြည့်ရင် ကျွန်တော်တို့ နိုင်ငံမှာဖြစ်ပွားပါတယ်ဆိုတဲ့ အခြေအနေ ဟာ မဆိုးရွားဘူးလို့ ပြောလို့ရပါတယ်။
အဲဒါ ဘာကြောင့်လဲ ခင်ဗျားစဉ်းစားကြည့်၊ ကျွန်တော်တို့နိုင်ငံဟာ မချမ်းသာဘူး။ နည်းပညာလည်း အားနည်းတယ်၊ ဒါပေမဲ့ ပြည်သူတွေ က ပရဟိတစိတ်နဲ့ တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီ ပူးပေါင်းပါဝင်ကြတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ဦးစီးဦးဆောင် ပြုပြီး၊ နိုင်ငံတကာမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို လေ့လာပြီး လိုအပ်ရင် လိုအပ်သလို အချိန်နဲ့တစ်ပြေးညီ သက်ဆိုင်ရာဝန်ကြီးတွေနဲ့ ဆွေးနွေးပြီး လိုအပ်တဲ့ လမ်းညွှန်မှုတွေလုပ်နေတာ ခင်ဗျားလည်း အသိပဲဗျာ။
အထက်မှာ ပြောခဲ့သလို ကျွန်တော်မကြောက်ဘူး ဆိုတာက အကြောင်းရှိတယ်ဗျ၊ (၁)အချက်က ကိုယ့်ကိုယ် ကိုယ် ယုံကြည်လို့၊ (၂) အချက်က အစိုးရရဲ့ အကောင် အထည်ဖော်ဆောင်နိုင်မှု၊ (၃)အချက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ မိမိတို့ရဲ့ အသက်ကို ပဓာနမထားဘဲ တာဝန်ထမ်းဆောင်ကြတဲ့ အဆင့်ဆင့်သော ကျန်းမာရေးဝန်ထမ်းတွေ၊ (၄)အချက်က စေတနာ့ဝန်ထမ်းပရဟိတ အဖွဲ့ဝင်တွေ၊ (၅)အချက်က မိမိပိုင်ဆိုင်တဲ့ ဥစ္စာဓနတွေကို ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ရက်ရက်ရောရော လှူဒါန်းကြတဲ့ စေတနာရှင်တွေ ရှိနေတာကြောင့် လုံးဝမကြောက်ဘူးလို့ ပြောတာပါ။
ရှောင်ရန်၊ ဆောင်ရန်တွေ အပြည့်အစုံပါ
ခင်ဗျားနဲ့ ကျွန်တော်နဲ့က အတွင်းသိတွေဆိုတော့ ပြောရဦးမယ်၊ ခင်ဗျားက သတင်းစာဖတ်ရင် နာရေး လောက်ပဲဖတ်ပြီး ချထားတာဆိုတော့ သတင်းတွေ၊ ဆောင်းပါးတွေလည်း ဖတ်သင့်တယ်လို့ စကားစပ်မိတုန်း၊ အခြေအနေတိုက်ဆိုင်တုန်း ပြောရဦးမယ်။ သတင်းစာရဲ့ တန်ဖိုးဟာ ခေါင်းကြီးပိုင်း သတင်း၊ တစ်နည်းအားဖြင့် မျက်နှာဖုံးသတင်းပေါ့ဗျာ၊ နောက်ပြီး ဆောင်းပါးဗျ၊ ဆောင်းပါးဆိုတာ ဝတ္ထုတို့၊ ကဗျာတို့နဲ့မတူဘူး တိကျ တယ်၊ အချက်အလက်စုံရတယ်။ ဥပမာဗျာ နိုင်ငံတော် အစိုးရ ဘာတွေလုပ်နေသလဲဆိုတာမျိုးပေါ့၊ ဟိုတုန်းက တော့ အခုအချိန်မှာ နာရေးဖတ်ပြီး သတင်းစာချထားတာ မှန်ပေမယ့် ပြောင်းလဲသွားတဲ့ အခုချိန်အခါမှာ နာရေးနဲ့ တင် မလုံလောက်တော့ဘူးဗျ။ အခု ခင်ဗျားစိုးရိမ်ကြောက် လန့်နေတဲ့ ကိုဗစ်-၁၉ ဟာ အစိုးရိမ်ကြီးလောက်အောင် မဟုတ်တော့ဘူးဆိုတာ သတင်းစာဖတ်ရင် ခင်ဗျားသိလာ လိမ့်မယ်။ အဲဒီအထဲမှာ ရှောင်ရန်၊ ဆောင်ရန်တွေ အပြည့် အစုံပါတယ်ဗျ။ နောက်ပြီး ရုပ်မြင်သံကြား ကြည့်ရင်လည်း ဇာတ်လမ်းနဲ့ ဘောလုံးပွဲတွေချည်းပဲ မကြည့်ပါနဲ့ဗျာ။ သတင်းလည်း နားထောင်သင့်တယ်ဗျ။
ဒါနဲ့ စကားဆက်ရဦးမယ်။ ကျွန်တော်ပြောခဲ့တဲ့ အချက်ငါးချက်ကို ပြန်ကောက်ရရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်ဆိုတာ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး ဗျာ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားတဲ့ ညွှန်ကြားချက်ထဲမှာပါတဲ့ အိမ်ပြင်ထွက်ရင် နှာခေါင်းစည်းတပ်ရမယ်၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေ ရမယ်၊ အိပ်ရေးဝအောင် အိပ်ရမယ်၊ အာဟာရပြည့်ဝတဲ့ အစားအစာကို စားရမယ်၊ မကြာခဏလက်ဆေးရမယ်၊ လူထူထပ်တဲ့၊ လူစုလူဝေးရှိတဲ့နေရာကို ရှောင်ရမယ်ဆိုတဲ့ အချက်တွေထဲမှာ ခင်ဗျားပထမဆုံး ကျွန်တော့်ကို သတိပေးစကားဆိုတဲ့ အထဲမှာပါတဲ့ အချက်နဲ့ ပတ်သက်လို့ လူစုလူဝေးရှိတဲ့နေရာကိုရှောင်ပြီး ကိုယ့်အမှုသည်နဲ့ မဖြစ်မနေ ပြောရမယ့် စကားလောက်ပဲ ပြောဆိုဆွေးနွေး တယ်။ ဖြစ်နိုင်ရင် တယ်လီဖုန်းကိုပဲ အသုံးပြုတယ်။ ဆိုလို တာက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန် တဲ့ လမ်းညွှန်ချက်၊ စည်းကမ်းတွေကို လိုက်နာနိုင်တယ် ဆိုတဲ့ ကိုယ့်အပေါ်ကိုယ်ယုံကြည်တာကို ပြောတာပါ။
ကြောက်စရာ မလို
ကျွန်တော်တို့၊ ခင်ဗျားတို့ငယ်ငယ်ကလေး ဘဝတုန်းက ဖျားနာတဲ့အခါ ကျွန်တော်တို့က နှစ်နှစ်ခြိုက် ခြိုက် အိပ်နေတဲ့အချိန်မှာ မိဘဖြစ်တဲ့သူတွေက ချွေးသုတ် ပေးလိုက်၊ ကိုယ်ပူနေသေးလား စမ်းလိုက်နဲ့ တစ်ညလုံး မအိပ်ဘဲ ဂရုစိုက်နေသလိုပေါ့၊ အခုလည်း အဲဒီလိုအဖြစ်မျိုးပဲ ကျွန်တော်တို့၊ ခင်ဗျားတို့ နေသာထိုင်သာရှိရအောင် နေ့မအား၊ ညမနားနိုင်ဘဲ ကူးစက်ရောဂါကြီး မခံစားရ အောင်၊ နိုင်ငံတကာအဖြစ်အပျက်သတင်းတွေ နားထောင် လိုက်၊ ထူးခြားရင် သက်ဆိုင်ရာဝန်ကြီးတွေနဲ့ ညှိနှိုင်း ဆွေးနွေးလိုက်ကြနဲ့ ပြည်သူလူထုအပေါ်မှာ စေတနာ၊ မေတ္တာထားတဲ့ အစိုးရနဲ့ ခေါင်းဆောင်ရှိနေတော့ ကြောက် စရာ မလိုဘူးပေါ့ဗျာ။
အဲဒါတင် ဘယ်ကမလဲ၊ ကျန်းမာရေးဝန်ထမ်းအဆင့် ဆင့်ကလည်း ပြည်သူ့အတွက်ဆို အသက်ပဲပေးရပေးရ၊ ရောဂါကူးစက်မှာ မကြောက်ဘဲ ရှေ့တန်းထွက်လာကြတဲ့ နိုင်ငံ့ဝန်ထမ်း သူရဲကောင်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ နဲ့အတူ ဆင်းရဲဒုက္ခမကြောက်တဲ့၊ အသက်အန္တရာယ်ဖြစ်မှာ မစိုးရိမ်တဲ့ စေတနာရှင် ပရဟိတသမားတွေ၊ ရက်ရက် ရောရောနဲ့ မယုံနိုင်လောက်အောင် ဝိုင်းဝန်းလှူဒါန်း ထောက်ပံ့ကြတဲ့ အလှူရှင်တွေစတဲ့ အဘက်ဘက်က လိုလေသေးမရှိအောင် ကူညီထောက်ပံ့ကြလို့ ပြီးပြည့်စုံ တယ်လို့ မဆိုနိုင်ပေမယ့် အနေအထားအရ လုံလုံလောက် လောက်ရှိနေတယ်ဆိုတာကို သတင်းစာတွေထဲမှာ ပါနေတာပဲဗျာ၊ သိပ်ပြီး အစိုးရိမ်မကြီးနဲ့ဗျ၊ သတင်းစာကို နာရေးပဲ မဖတ်ဘဲ သတင်းနဲ့ ဆောင်းပါးတွေကိုလည်း အလေးထားဖတ်ရင် ခင်ဗျားကြောက်ရွံ့စိုးရိမ်နေတဲ့ ကိုဗစ် ရောဂါကြီး မဖြစ်နိုင်ပါဘူးဗျာ...ဟု ပြောရင်း ဖုန်းချသွား ပါသည်။
ပြန်စဉ်းစားကြည့်ခြင်း
မိတ်ဆွေ တရားလွှတ်တော်ရှေ့နေကြီးနှင့် တယ်လီ ဖုန်းဆက်သွယ်ပြီးနောက် ၎င်းပြောစကားများကို ပြန် တွေးကြည့်သောအခါ မိမိ၏လွန်ကဲသော စိုးရိမ်စိတ်များကို ရှေးဦးစွာတွေ့လာရသည်။ သတင်းစာတွင် နေ့စဉ် ကိုဗစ်ရောဂါနှင့် ပတ်သက်သော သတင်းအချက်အလက် များ အပြည့်အစုံပါရှိကြောင်း၊ ပြည်သူများအနေဖြင့် စည်းကမ်းလိုက်နာရမည့် အခြေအနေ၊ လုပ်ဆောင်ရမည့် တာဝန်၊ ဥပမာအားဖြင့် မိမိအနီးဝန်းကျင်တွင် ရောဂါ ဖြစ်ပွားသူများ၊ အခြားအရပ်ဒေသမှ သူစိမ်းများ ရောက်ရှိ လာပါက သက်ဆိုင်ရာသို့ အသိပေးအကြောင်းကြား ရမည်ကအစ သိလာရသည်။
ထို့ပြင် ရပ်ကွက်အတွင်း ပြောဆိုနေသော မသေချာ မရေရာသော သတင်းစကားများအစား သတင်းနားထောင် ခြင်း၊ သတင်းစာဖတ်ခြင်းဖြင့် တိကျသေချာသော သတင်း အချက်များကို သိရှိနိုင်ကြောင်း၊ အဓိကကတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာပါက မိတ်ဆွေ တရားလွှတ်တော်ရှေ့နေကြီးပြောသလို ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါမှာ ကြောက်စရာမလိုကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
- Log in to post comments