
နေပြည်တော် ဇူလိုင် ၂၇
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး ဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်ပမှတင်သွင်းခြင်း၊ ပြည်တွင်းသယ်ယူဖြန့်ဖြူးခြင်းဆိုင်ရာကိစ္စရပ်များ အဆင်ပြေ ချောမွေ့စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာ နိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ပမှ တင်သွင်းမည့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ကုသရေးဆေးဝါးနှင့် ဆေးပစ္စည်းများ အခက်အခဲမရှိ တင်သွင်းနိုင်ရေး၊ အစားအသောက်နှင့် ဆေးဝါးများကွပ်ကဲရေးဦးစီးဌာန (FDA) မှ အရေးပေါ်ကာလအတွင်း ဖြေလျှော့ဆောင်ရွက် ပေးမည့်အခြေအနေ၊ ဆေးဝါးများတင်သွင်းရာတွင် လိုအပ်သော Air Cargo ၊ Shipping Line များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမှု၊ နယ်စပ်များမှ တင်သွင်း မည့်ဆေးဝါးနှင့် ဆေးပစ္စည်းများ လွယ်ကူလျင်မြန် စွာတင်သွင်းနိုင်ရေး၊ အကောက်ခွန်ဦးစီးဌာနမှ တင်သွင်းလာသည့် ဆေးဝါးများအပေါ် အခွန်ကောက် ခံမှု လျှော့ချရေးစီစဉ်မှုများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်း ရှင်များအသင်းတို့မှ တာဝန်ရှိသူများက ဝိုင်းဝန်း ဆွေးနွေးအကြံပြုကြသည်။
ပြည်ပမှ ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်း ရာတွင် အခက်အခဲမရှိစေရေး၊ ဈေးကွက်အတွင်း ဆေးဝါးများ မပြတ်လပ်စေရေး၊ အရည်အသွေး ဈေးနှုန်းမှန်ကန်စေရေးတို့အတွက် ရန်ကုန်မြို့တွင် “ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး ဆေးနှင့် ဆေးပစ္စည်းများ ပြည်ပမှတင်သွင်းမှု လွယ်ကူလျင်မြန်ချောမွေ့စေရေးလုပ်ငန်းအဖွဲ့ (Task Force)” ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အခက် အခဲတစ်စုံတစ်ရာရှိပါက ရန်ကုန်လုပ်ငန်းအဖွဲ့ (Task Force) ဖုန်း- ၀၉၆၆၄၀၇၅၆၈၃၊ ၀၉၆၆၄၅၉၆၃၂၇ နှင့် ကုန်စည်ကူးသန်းရေးတွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွား မှု ထိန်းချုပ်ရေးလုပ်ငန်းကော်မတီရုံး ဖုန်း-၀၆၇၄၀၈၄၁၉၊ ၀၉၄၂၀၇၀၃၆၁၆ သို့ဆက်သွယ်အကူအညီတောင်းခံ နိုင်ကြောင်း သိရသည်။
သတင်းစဉ်