
ရခိုင်ပြည်နယ် သံတွဲခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ရဲဝင်းထွန်းအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဇူလိုင် ၁၄ ရက်က တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။
မေး။ ။ ကိုဗစ်-၁၉ ရောဂါ သံသယလူနာတွေကို
ရောဂါ ရှိ/မရှိ ဘယ်လိုစစ်ဆေးပေးနေ ပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ ကျန်းမာရေးနှင့် အားကစား
ဝန်ကြီးဌာနနဲ့ WHO က အသိအမှတ်ပြု ထားတဲ့ Rapid Diagnostic Test( R D T Test Kit) တွေနဲ့ စစ်ဆေးပေးနေပါတယ်။
မေး။ ။ ပြည်သူတွေအနေနဲ့ ရောဂါလက္ခဏာတွေ့ရှိ
ရင် ဘယ်လိုဆက်သွယ်ဆောင်ရွက်ရပါမလဲ။
ဖြေ။ ။ ပြည်သူတွေအနေနဲ့ ရောဂါလက္ခဏာတွေ
ရှိလာရင် ကျွန်တော်တို့ သံတွဲမှာရှိတဲ့ဆေးရုံ၊ ဆေးပေးခန်း၊ ကျေးလက်ကျန်းမာရေးဌာန အစရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးတဲ့ နေရာ တိုင်းကို ဆက်သွယ်ဆောင်ရွက်လို့ ရပါတယ်။ ကျန်းမာရေးဝန်ထမ်းအားလုံးက ကူညီဆောင်ရွက်ဖို့ အသင့်ရှိပါတယ်။ အိမ်မှာပဲ ကြိတ်ကုသမနေဘဲ ထိရောက်တဲ့ကုသမှု ခံယူစေချင်ပါတယ်။
မေး။ ။ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရပြီဆိုရင်
ဘယ်လိုဆောင်ရွက်ပေးပါသလဲ။
ဖြေ။ ။ တွေ့ရှိတဲ့ နေရာဒေသပေါ်မှာ မူတည်ပြီး
ကိုဗစ်-၁၉ ကို ထိရောက်စွာ ပြုစုကုသနိုင်တဲ့ နေရာတွေအထိ ပို့ဆောင်ပေးပါတယ်။ ရောဂါအတိမ် အနက်အလိုက် ပြုစုကုသမှုကို လူတန်းစားမရွေး ခံယူစေချင်ပါတယ်။
မေး။ ။ ဘယ်လိုရောဂါလက္ခဏာများပြသရင် စိုးရိမ်
ရတဲ့အခြေအနေလို့ ခေါ်ပါသလဲ။
ဖြေ။ ။ ကိုဗစ်-၁၉ ရောဂါဟာ အသက်ရှူလမ်းကြောင်း
ဆိုင်ရာ ကူးစက်ရောဂါတစ်မျိုးဖြစ်တဲ့ အတွက် လူသားတို့ရဲ့ အသက်ရှူလမ်းကြောင်းကို ပို၍ ဒုက္ခပေးတတ်ပါတယ်။ လူ့အသက်သေဆုံးတဲ့ အထိ ဖြစ်ပွားတတ်တဲ့ ရောဂါတစ်မျိုးဖြစ်တဲ့အတွက် အသက်ရှူမရတာ၊ အသက်ရှူကျပ်တာ၊ မောပန်းတာ၊ သွေးထဲက အောက်ဆီဂျင် ပမာဏကျဆင်းတာတွေ ဟာ စိုးရိမ်ရတဲ့အခြေအနေလို့ ပြောလို့ရပါတယ်။
မေး။ ။ လူနာတွေအတွက် အောက်ဆီဂျင်လိုအပ်ချက်
တွေကို ဘယ်လိုစီစဉ်ထားပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ သံတွဲဆေးရုံမှာ ကိုဗစ်-၁၉
(Third Wave) မဖြစ်ပွားမီကတည်းက အောက်ဆီဂျင် ဆလင်ဒါအချို့ကို စုဆောင်းထားပြီး ဖြစ်ပါတယ်။ သို့သော်လည်း ထင်ထားတာထက် လူနာအရေအတွက်နဲ့ အသုံးပြုမှုများလာတဲ့အတွက် အောက်ဆီဂျင်ရနိုင်မယ့်နေရာတွေက သွားရောက် ဝယ်ယူတာ တစ်မျိုး၊ အကူအညီတောင်းတာကို ရဟန်းသံဃာတွေ၊ စေတနာရှင်တွေ၊ ပရဟိတသမား တွေနဲ့ ဝိုင်းဝန်းဆောင်ရွက်နေတဲ့အတွက် အခက်အခဲ မရှိပါဘူး။ သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနဲ့ သက်ဆိုင်ရာဌာနအကြီးအကဲတွေကိုလည်း ကျေးဇူး တင်ကြောင်း ပြောလိုပါတယ်။ လက်ရှိမှာ အောက် ဆီဂျင် အလုံးကြီး ၂ဝ နဲ့ ၂၅ လုံးကြား ကျန်ရှိနေပြီး လိုအပ်ချက်များကို အချိန်မီဖြည့်တင်းနိုင်အောင် လည်း လုပ်ဆောင်ပေးလျက်ရှိပါတယ်။
မေး။ ။ ပိုးတွေ့လူနာတွေ Quarantine ဝင်ရောက်
နိုင်ဖို့ စီစဉ်ထားရှိမှုအခြေအနေကို သိလို ပါတယ်။
ဖြေ။ ။ ပိုးတွေ့လူနာတွေထဲမှာတော့ Quarantine
ထားရှိကုသမှုကတော့ နှစ်ပိုင်းရှိပါတယ်။ ရောဂါပိုမိုပြင်းထန်လူနာနဲ့ သာမန်လူနာဆိုပြီး ခွဲခြား ထားပါတယ်။ သာမန်လူနာတွေကိုတော့ ငပလီမှာ ရှိတဲ့ ၂၅ ခုတင်ဆံ့ဆေးရုံမှာ ထားရှိကုသပေးနေပြီး ရောဂါပိုမိုပြင်းထန်တဲ့ လူနာတွေကို သံတွဲခရိုင် ခုတင် ၁၀၀ ဆေးရုံရဲ့ ကိုဗစ်-၁၉ ကုသဆောင်၊ အထူး ကုသကြပ်မတ်ဆောင်တွေမှာ ကုသစောင့်ရှောက်ပေး လျက်ရှိနေပါတယ်။
မေး။ ။ ကိုဗစ်-၁၉ ရောဂါဖြစ်လာရင် ဘယ်လို
နေထိုင်စားသောက်သင့်ပါသလဲ။
ဖြေ။ ။ ကိုဗစ်-၁၉ ရောဂါ ဖြစ်လာပြီဆိုရင်တော့
ပထမဆုံးအနေနဲ့ ကိုယ်ခံစွမ်းအား မြင့်တက် နေဖို့ လိုပါတယ်။ ဒါကြောင့် ကိုယ်ခံစွမ်းအား မြင့်တက်စေမယ့် အားရှိမယ့်အစားအသောက်တွေ ကို ရွေးချယ်စားသုံးဖို့ လိုပါတယ်။ လိုအပ်တဲ့ရေနဲ့ အာဟာရ၊ ဓာတ်ဆား စသည်တို့ကို ဆောင်ထားဖို့ လိုပါတယ်။ ဆေးလိပ်၊ အရက်၊ ကွမ်း စားတာတွေကို ရှောင်ရှားဖို့ လိုပါတယ်။
မေး။ ။ ရောဂါကူးစက်ပြန့်ပွားမှုမရှိအောင် အသိ
ပညာပေးလုပ်ငန်းများကို ဘယ်လိုဆောင် ရွက်ထားပါသလဲ။
ဖြေ။ ။ အသိပညာပေးလုပ်ငန်းအနေနဲ့ လူနေထူထပ်
ပြီး လူသွားလူလာများတဲ့နေရာတွေမှာ နှာခေါင်းစည်း လှုပ်ရှားမှုများကို အပတ်စဉ် ဆောင်ရွက်ပြီးတော့ ဗီနိုင်းပိုစတာ စိုက်ထူခြင်း၊ အသံချဲ့စက်ဖြင့် လှည့်လည်ဆော်ဩခြင်းများကို ရောဂါ ကာကွယ် ထိန်းချုပ်ရေးအဖွဲ့ဝင်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
မေး။ ။ ပိုးတွေ့လူနာများအတွက် ဆေးရုံကဆောင်
ရွက်ပေးမှုအခြေအနေကို သိချင်ပါတယ်။
ဖြေ။ ။ ပိုးတွေ့လူနာတွေထဲမှာ ရောဂါမပြင်းထန်၊
ရောဂါလက္ခဏာမပြတဲ့ လူနာတွေကိုတော့ ငပလီဆေးရုံမှာ ထားရှိကုသပေးနေပါတယ်။ သူတို့ရဲ့ အခြေခံကျန်းမာရေးကို အထူးအလေး ထား စောင့်ရှောက်ပြီး နေ့စဉ်သွေးပေါင်ချိန်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးအတွင်း အောက် ဆီဂျင် ကောင်းမကောင်း တိုင်းတာခြင်းတွေကို ဆရာဝန်၊ ဆရာမ လုံလောက်စွာနဲ့ စောင့်ကြည့်ကုသ ပေးနေပါတယ်။ ရောဂါပြင်းထန်တဲ့ လူနာတွေကို တော့ သံတွဲခရိုင်ဆေးရုံမှာပဲထားရှိပြီး အထူး ကြပ်မတ်ကုသပေးလျက်ရှိပါတယ်။
မေး။ ။ လက်ရှိဆေးရုံတက်နေတဲ့ လူနာဦးရေ၊
ရောဂါပျောက်ကင်းလို့ ဆေးရုံကနေဆင်းခွင့် ရသူဦးရေ (ပြန်လည်ကျန်းမာလာမှုအခြေအနေ)ကို သိချင်ပါတယ်။
ဖြေ။ ။ လက်ရှိဆေးရုံမှာ ဆေးရုံတက်ရောက်ကုသခံ
လူနာ ၆၉ ဦးကို ကုသပေးလျက်ရှိပြီး ဆေးရုံ ကနေ ကျန်းမာရေးပြန်လည်ကောင်းမွန်သွားလို့ ဆေးရုံကနေ ဆင်းခွင့်ရရှိသူ ၄၉ ဦးကျော်ရှိပါတယ်။
မေး။ ။ ကာကွယ်ဆေးထိုးဖို့ ကျန်ရှိနေသူများကို
ထိုးနှံနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေ အနေကို သိချင်ပါတယ်။
ဖြေ။ ။ ကာကွယ်ဆေးအချို့ကတော့ ကျွန်တော်
တို့ဆီမှာ ရောက်ရှိနေပါပြီ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားတဲ့ ဦးတည် အုပ်စုများကို အဓိကထိုးနှံပေးသွားဖို့ ဆောင်ရွက်နေ ပါတယ်။
မေး။ ။ အခြားဖြည့်စွက် ပြောကြားလိုမှု ရှိပါက
ပြောကြားစေလိုပါတယ်။
ဖြေ။ ။ ဒီ ကိုဗစ်-၁၉ ရောဂါဟာ ကျွန်တော်တို့
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်း လုပ်ဆောင်လို့မရပါဘူး။ သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီးတို့က ပေါင်းစပ်ဆောင်ရွက် ရသလို ပြည်သူတစ်ရပ်လုံးကလည်း ပူးပေါင်းဆောင် ရွက်ပေးနိုင်ပါမှသာ ဒီရောဂါဆိုးကြီးကို အမြန် တိုက်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော် တို့အားလုံး ကျန်းမာရေး အသိ၊ သတိနဲ့ ပူးပေါင်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်းချင်ပါတယ်။
ကျေးဇူးတင်ပါတယ် ဆရာကြီးခင်ဗျာ။
နေမျိုးအောင်၊ ညီနိုင်းထက်(သံတွဲခရိုင် ပြန်/ဆက်)