
ဘန်ကောက် စက်တင်ဘာ ၂၄
ထိုင်းနိုင်ငံအာဏာပိုင်များသည် ၂၀၂၀ ပြည့်နှစ် မတ်လနောက်ပိုင်း အရေးပေါ်အခြေအနေထုတ်ပြန်ခြင်း အပါအဝင် လာမည့်အောက်တိုဘာ ၁ ရက်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်အများစုကို ပယ်ဖျက်ပေးတော့မည်ဖြစ်ကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။
ထိုင်းနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှုန်း မြင့်တက်လာမှုနှင့် အဆိုပါရောဂါကြောင့် ပြင်းထန်သောရောဂါဖြစ်ပွား သူအရေအတွက် ကျဆင်းလာမှုတို့ကို အခြေခံ၍ တာဝန်ရှိသူများက ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက် အများစု ပယ်ဖျက်ပေးရေးထုတ်ပြန်ချက်ကို စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။ နိုင်ငံရပ်ခြားမှ ရောက်ရှိလာသောသူများ အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားသည့် အထောက်အထား သို့မဟုတ် ရောဂါပိုးမရှိကြောင်း စစ်ဆေးထားသည့် စာရွက်စာတမ်းများ ပြသရန် မလိုအပ်ကြောင်း ပြောသည်။
ထို့အပြင် ဂျပန်နိုင်ငံအပါအဝင် နိုင်ငံများနှင့် နယ်မြေများမှ ဗီဇာကင်းလွတ်နေထိုင်ခွင့်ကာလကို ၃၀ ရက်မှ ၄၅ ရက်အထိ တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်းလည်း ပြောသည်။ ထိုင်းနိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီကာလက နိုင်ငံ တွင်းသို့ တစ်နှစ်လျှင် နိုင်ငံခြားခရီးသွားဧည့်သည် သန်း ၄၀ ခန့် လာရောက်လည်ပတ်ကြောင်း သိရ သည်။
ကျန်းမာရေးအာဏာပိုင်များသည် လူစုလူဝေး နေရာများတွင် ပါးစပ်နှာခေါင်းစည်းများကို တပ်ဆင် ကြရန် ပြည်သူများကို တိုက်တွန်းထားသည်။
အင်န်အိတ်ချ်ကေ