
နေပြည်တော် ဇူလိုင် ၂၂
ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေး နှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင် လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း ၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ပြင်ဆင်ဆောင်ရွက်ပေးနေမှုများနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနေမှုများကို ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြုပစ္စည်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အလှူငွေများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုသို့ ပြင်ဆင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ ည ၇ နာရီ ထိ နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့် စောင့်ကြည့်ရမည့်သူ အမျိုးသား ၈၈ ဦးနှင့် အမျိုးသမီး ၉၃ ဦး စုစုပေါင်း ၁၈၁ ဦးကိုလည်းကောင်း၊ ဥတ္တရသီရိမြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၆ ဦး စုစုပေါင်း ၂၅ ဦးကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် စစ်ကြော ရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာအမျိုးသား ၂၂၃ ဦးနှင့် အမျိုးသမီး ၁၉၀ စုစုပေါင်း ၄၁၃ ဦးကိုလည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၆၁ ဦးနှင့် အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၇၃ ဦးကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာအမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၃၆ ဦးကိုလည်းကောင်း အသီးသီးလက်ခံထားရှိကြောင်းနှင့် ယနေ့တွင် ကျန်းမာရေးကောင်းမွန်လာသည့် စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း အမျိုးသား ၁၀၈ ဦး၊ အမျိုးသမီး ၆၉ ဦး စုစုပေါင်း ၁၇၇ ဦးတို့ကို သက်ဆိုင်ရာ ရပ်ကွက်များသို့ ပို့ဆောင်ပေး နိုင်ခဲ့ကြောင်း သိရှိရသည်။
အထက်ပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်