
နေပြည်တော် ဩဂုတ် ၂၀
ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများထားရှိရန်အတွက် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိရာ ပြီးစီးသည့် နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ပြင်ဆင်ဆောင်ရွက်ပေးနေမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးနေမှုများကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြုပစ္စည်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အလှူငွေများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုသို့ ပြင်ဆင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအထိ နေပြည်တော်စစ်ကြောရေး နှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၁၉၀ နှင့် အမျိုးသမီး ၁၂၇ ဦး စုစုပေါင်း ၃၁၇ ဦးကို လည်းကောင်း၊ ဥတ္တရသီရိမြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း ၁၂ ဦးတို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၁၁၁ ဦး နှင့် အမျိုးသမီး ၁၀၃ ဦး စုစုပေါင်း ၂၁၄ ဦး ကို လည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာအမျိုးသား ၄၆ ဦး နှင့် အမျိုးသမီး ၂၃ ဦး၊ စုစုပေါင်း ၆၉ ဦးကို လည်းကောင်း အသီးသီး လက်ခံထားရှိကြောင်း သိရသည်။
အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာများ၏ နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိရာ ရဲမွန်တပ်မြို့ရှိ ကိုဗစ်ကုသရေးစင်တာရှိ ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများ၏ နေထိုင်စားသောက်ရေး စီစဉ်ဆောင်ရွက် ပေးနေမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆောင် ရွက်ပေးနေမှုများကို ယနေ့တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက လည်းကောင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်မြို့ ဝိန်းနေရပ်ကွက်၌ အသစ် ထပ်မံပြုလုပ်မည့် Quarantine Center အတွက် ပြင်ဆင်နေမှုများကို ဩဂုတ် ၁၉ ရက်တွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက လည်းကောင်း သွားရောက်ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်