ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ  ထားရှိရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်

 

 

နေပြည်တော်   စက်တင်ဘာ   ၁၁


ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ် ဌာနချုပ်နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊   စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး   ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍   ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့်   အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန် သိ ပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ 
ယင်းသို့    ပြင်ဆင်ဆောင်ရွက်ပေးနေမှုများနှင့်   ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးနေမှုများကို   ယနေ့တွင်    တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ   တိုင်းမှူးများနှင့်  တာဝန် ရှိသူများက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြုပစ္စည်းများ၊       အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အလှူငွေများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။  
ထိုသို့    ပြင်ဆင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအထိ နေပြည်တော်စစ်ကြော ရေးနှင့်   တည်းခိုရေးစခန်း၌   သီးသန့်စောင့်ကြည့် ရမည့်သူ အမျိုးသား ၁၁၇ ဦးနှင့် အမျိုးသမီး ၉၃ ဦး စုစုပေါင်း ၂၁၀  အားလည်းကောင်း၊   ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ်စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၃၂ ဦးနှင့် အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၄၄ ဦးအား လည်းကောင်း   အသီးသီး   လက်ခံထားရှိကြောင်း  သိရှိရသည်။
အဆိုပါ   စောင့်ကြည့်လူနာများနှင့်   ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို  သက်ဆိုင်ရာ   တိုင်းစစ်ဌာနချုပ်များရှိ   နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့်     တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း     သတင်း ရရှိသည်။                                        သတင်းစဉ်