ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့်  သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက်  ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်

 

 

နေပြည်တော် စက်တင်ဘာ ၇


ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်     တိုင်းစစ်ဌာနချုပ်       နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေး နှင့်   တည်းခိုရေးစခန်းများ၌    ကြိုတင်ပြင်ဆင်မှုများ     လုပ်ဆောင် လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ    ဆောင်ရွက်ပေးလျက်ရှိသည်။   ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့်    အခြားဌာနဆိုင်ရာ   တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင် ဆောင်ရွက်လျက် ရှိသည်။ 
ယင်းသို့    ပြင်ဆင်ဆောင်ရွက်ပေးနေမှုများနှင့်  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနေမှုများကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြု ပစ္စည်းများ၊ အာဟာရ ဖြည့်စားသောက်ဖွယ်ရာများနှင့် အလှူငွေများပေးအပ်ကာ လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ 
ထိုသို့ ပြင်ဆင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီ ထိ နေပြည်တော်စစ်ကြောရေးနှင့်   တည်းခိုရေးစခန်း၌  သီးသန့် စောင့်ကြည့်ရမည့်သူ  အမျိုးသား ၁၄၂ ဦးနှင့် အမျိုးသမီး ၁၂၂ ဦး စုစုပေါင်း ၂၆၄ ဦးကို  လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင် မြို့နယ်စစ်ကြောရေးနှင့်   တည်းခိုရေးစခန်း၌    ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၃၆ ဦးနှင့် အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၅၃ဦး ကို လည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ   နယ်မြေခံတပ်၌   ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာအမျိုးသား ၁၅ ဦး ၊ အမျိုးသမီး ကိုးဦး စုစုပေါင်း ၂၄ ဦး ကိုလည်းကောင်း  လက်ခံထားရှိကြောင်း  သိရသည်။
အဆိုပါ စောင့်ကြည့်လူနာများနှင့်  ဓာတ်ခွဲအတည်ပြု   ပိုးတွေ့ လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို   သက်ဆိုင်ရာ    တိုင်းစစ်ဌာနချုပ်များရှိ    နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်