
နေပြည်တော် ဇူလိုင် ၁၇
ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများထားရှိရန်အတွက် တိုင်းစစ် ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့် နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အခြား ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်း များ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များ ကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ပြင်ဆင်ဆောင်ရွက်ပေးနေမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးနေမှုများကို ယနေ့တွင် သက်ဆိုင်ရာ တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက် အကူပြုပစ္စည်းများ၊ အာဟာရဖြည့်စားသောက် ဖွယ်ရာများနှင့် အလှူငွေများ ပေးအပ်ကာ လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုသို့ ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအထိ နေပြည်တော်စစ်ကြော ရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့် သူ အမျိုးသား ၉၅ ဦးနှင့် အမျိုးသမီး ၇၀ စုစုပေါင်း ၁၆၅ ဦးကို လည်းကောင်း၊ ဥတ္တရသီရိမြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၂၃ ဦးကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၃၉၁ ဦးနှင့် အမျိုးသမီး ၂၄၂ ဦး စုစုပေါင်း ၆၃၃ ဦးကို လည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာအမျိုးသား ၁၆၂ ဦး နှင့် အမျိုးသမီး ၅၀ စုစုပေါင်း ၂၁၂ ဦးကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံ သင်တန်းကျောင်း၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၂၆ ဦး၊ အမျိုးသမီးငါးဦး စုစုပေါင်း ၃၁ ဦးကို လည်းကောင်း လက်ခံထားရှိကြောင်း သိရှိရ သည်။
အထက်ပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာများမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်