ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအား တားဆီး၊ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် အသွားအလာကန့်သတ်နေသည့်ကာလအတွင်းကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်စေရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအား တားဆီး၊ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် အသွားအလာကန့်သတ်နေသည့်ကာလအတွင်းကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်စေရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

==============================================================================================================================================================

 

နေပြည်တော် စက်တင်ဘာ ၁၄

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအား တားဆီး၊ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွင်း အသွားအလာကန့်သတ်နေသည့် ကာလအတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်စေရေးအတွက် ဆောင်ရွက်မည့် အစီ အစဉ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။

 

ကျော်လွှားနိုင်ရန်ဆောင်ရွက်

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ကိုဗစ်-၁၉ ပထမလှိုင်းကို အောင်မြင်စွာ ဖြတ်ကျော်ခဲ့ပြီး ကိုဗစ်-၁၉ ဒုတိယလှိုင်း ရိုက်ခတ်မှုပြင်းထန် လာမှုအပေါ် ပြည်သူ၊ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများအနေဖြင့် တုံ့ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ရှိသကဲ့သို့ စားဝတ်နေရေးနှင့် စီးပွားရေးကိစ္စများကို ကျော်လွှားနိုင်ရန်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှု၊ ရောင်းဝယ်မှုများကို ရပ်တန့်မှုမရှိရေး အတွက် ဆောင်ရွက်မည့်နည်းလမ်းများအား ညှိနှိုင်း ဆောင်ရွက်ရန် ယခုအစည်းအဝေးအား ကျင်းပရခြင်းဖြစ် ကြောင်း၊ ပြည်သူ့ကျန်းမာရေး ထိခိုက်မှုအနည်းဆုံးဖြစ် အောင် ထိန်းချုပ်ကာကွယ်ပြီး ကုန်သွယ်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးနှင့် ရေတိုအတွင်း၌ ကုန်စည်စီးဆင်းမှုများအပေါ် ထိခိုက်မှုရှိလာသည်ကို လွယ်ကူလျင်မြန်ချောမွေ့အောင် ဆောင်ရွက်သင့်သည့် အစီအစဉ်များကိုလည်း ဆွေးနွေးပြောကြားပေးရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် လူဦးရေထူထပ်ပါက အမြန်ဆုံးပြန့်ပွားတတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားသည့်အတွေ့အကြုံအရ သိရှိရပြီး မိမိတို့ဝန်ထမ်းများအနေဖြင့်လည်း မည်ကဲ့သို့ ပါဝင်ဆောင်ရွက်နိုင်မည်၊ ကုန်စည်စီးဆင်းမှုလုပ်ငန်းများတွင် အထောက်အကူပြုရေးအတွက် ဆောင်ရွက်သင့်သည် များကိုလည်း ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေး အကြံပြု ပေးကြရန် ပြောကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထူးက အရေးကြီးသည့်အချိန်ကို ရောက်နေသဖြင့် Supply Chain မပြတ်တောက် စေရေး၊ ခရီးသွားကန့်သတ်ချက်များကြောင့် ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရေး၊ ဆေးဝါးပစ္စည်း များ ပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

 

ရှင်းလင်းဆွေးနွေး

 

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးအေးမောင်စိန်က ကိုဗစ်-၁၉ အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ ကျန်းမာရေး စစ်ဆေးဆောင်ရွက်နေမှုများ၊ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ် ဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြပြီး ရန်ကုန်မြို့တော်ဝန်က ကုန်စည်စီးဆင်းမှုမှန်ကန်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆောင်ရွက်နေမှုနှင့် စီစဉ်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြ သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင် အသင်းအဖွဲ့များ၊ ရန်ကုန်တိုင်းဒေသကြီး ကုန်သည်စက်မှု အသင်းချုပ်၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်စက်မှု အသင်းချုပ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်စက်မှု အသင်းချုပ်တို့မှ တာဝန်ရှိသူများက ကုန်စည်စီးဆင်းမှုများ နှင့်ပတ်သက်၍ တင်ပြဆွေးနွေးပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်