
ထက်လျှံ
မိမိရဲ့ခန္ဓာကိုယ်ကို ဗိုင်းရပ်စ်ပွားများဖို့၊ ပိုးဗီဇတွေပြောင်းလဲဖို့ အသုံးချခံမဖြစ်ပါစေနဲ့၊ ကာကွယ်ဆေးထိုးထားခြင်းက ကမ္ဘာ့ကပ်ရောဂါကို ကာကွယ်နှိမ်နင်းနိုင်ဖို့ အကောင်းဆုံးလက်နက်တစ်ခုဖြစ်တဲ့အတွက် အမြန်ဆုံးကာကွယ်ဆေးထိုးနှံဖို့ နိုင်ငံတော်အစိုးရက အဘက်ဘက်ကနေ ဆောင်ရွက်နေသလို ပုဂ္ဂလိက ကဏ္ဍကလည်း ဝိုင်းဝန်းဆောင်ရွက်နေပါတယ်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဩဂုတ် ၁၄ ရက် ည ၈ နာရီ သတင်း အပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး ။ ။ နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉ တတိယလှိုင်း ဖြစ်ပွား
နေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ် တွေမှာ စိန်ခေါ်မှုတွေ ဘယ်လောက်ရှိတယ်ဆိုတာကို ပြောပြပေးပါဦး။
ဒေါက်တာခင်ခင်ကြီး ။ ။ လက်ရှိ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်
တိုက်ဖျက်ရေးမှာ စိန်ခေါ်မှုပေါင်း သောင်းခြောက်ထောင်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ် - ၁၉ ရောဂါဟာ ကမ္ဘာကြီးကို ပတ်မွှေနေတာနဲ့အတူ အနောက်ကနေ သတင်းအမှားတွေကလည်း ဗိုင်းရပ်စ်ပိုးကဲ့သို့ ကမ္ဘာကြီးကို ဒုက္ခပေး နေတာ ဖြစ်ပါတယ်။
သတင်းအမှားတွေကြောင့် လူတွေက အယူအဆအမှားတွေကို လိုက်လုပ်ကြတဲ့အခါမှာ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရောဂါကို ကာကွယ်ထိန်းချုပ်ဖို့ ဆောင်ရွက် နေတဲ့အချိန်မှာ သတင်းမှားတွေနဲ့ပတ်သက်ပြီး တစ်ပြိုင်နက်တည်းမှာ ပြည်သူကို အသိပညာပေးရတဲ့ကိစ္စရပ်တွေကလည်း တပေါင်းတစည်းတည်း ပါဝင်ပါတယ်။
ကပ်ရောဂါဆိုတာ အမြဲပဲ လူသားတွေနဲ့ ရင်ဆိုင်တိုက်ခိုက်နေရတာ ဖြစ်ပါတယ်။ ကမ္ဘာကြီးမှာ ကိုဗစ် - ၁၉ ရောဂါနဲ့ပတ်သက်ပြီး တော်တော် များများက ကူးစက်ရောဂါဗေဒရဲ့ သဘောသဘာဝတွေကို တဖြည်းဖြည်း သိရှိလာကြပြီဖြစ်ပါတယ်။ ဒီလို သိရှိလာတာနဲ့အတူ သူတို့က ‘Information’ လို့ခေါ်တဲ့ သတင်းအချက်အလက်တွေကို ပုံသဏ္ဌာန်မျိုးစုံ နဲ့ ပြည်သူတွေကြားထဲမှာ ထုတ်လွှင့်ကြတယ်၊ မျှဝေကြတယ် ဒါမျိုးတွေ ရှိလာပါတယ်။
ဒါကြောင့် လက်ရှိကမ္ဘာကြီးမှာ ‘Information’ ဆိုတဲ့ သတင်းအချက် အလက်တွေက များပြားပြီး ကူးစက်ရောဂါကဲ့သို့ ပျံ့နှံ့လွယ်တယ်ဆိုတဲ့ သဘောနဲ့ ‘Infodemic’ လို့ တင်စားပြီး ခေါ်ဝေါ်နေကြတာ ဖြစ်ပါတယ်။ ဒီ ‘Infodemic’ ကလည်း ကပ်ရောဂါကြီးတစ်ခုလိုဖြစ်ပါတယ်။ ဒီသတင်း ဖောင်းပွတဲ့ ကပ်ရောဂါကြီးကို ပြားသွားအောင်၊ ကျဆင်းသွားအောင်၊ နည်းသွားအောင် ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေကို ကိုးကားပြီး ဆွေးနွေး သွားမှာဖြစ်ပါတယ်။
ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေက နေ့စဉ် အများကြီးထွက်ပေါ် နေပါတယ်။ ဒီလိုထွက်သမျှ သတင်းအချက် အလက်တိုင်းကလည်း အမှန်တွေ မဟုတ်ပါဘူး။ တချို့တွေက အမှား တွေရောညှပ်ပြီး ပါလာပါတယ်။ သတင်းအမှားတွေကို သက်သက် ထုတ်လွှင့်တာရှိသလို၊ သတင်းအမှန်နဲ့အမှားကိုရောပြီး ထုတ်လွှင့်တာ မျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် သတင်းအမှားတွေ မပြန့်ဖို့အတွက် အထူးအရေးကြီးပါတယ်။
ဘာကြောင့် ဒီလိုမျိုး သတင်းအမှားတွေက ပျံ့နှံ့လွယ်တာလဲဆိုရင် လူဆိုတဲ့ လူသားတစ်ယောက်ရဲ့ သဘောသဘာဝအရ ဖြစ်ပါတယ်။ လူဆိုတာ စပ်စုပါတယ်၊ သိချင်ပါတယ်။ မိမိရဲ့ဘေးနားမှာ ဘာတွေ ဖြစ်နေပြီလဲဆိုတာကို သိချင်ပါတယ်။ လက်ရှိမှာ ကမ္ဘာကြီးက ဘာတွေဖြစ်နေသလဲ၊ ကမ္ဘာကြီးမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေတွေက ဘာတွေရှိနေသလဲ၊ စိန်ခေါ်မှုတွေက ဘာတွေလဲ၊ အဲဒါတွေကို ကျော်လွှားဖို့အတွက် ဘယ်လိုလုပ်ရမလဲဆိုတာ ကို သိချင်ကြပါတယ်။ ဒါတွေက လူ့ရဲ့ သဘောသဘာဝတွေ ဖြစ်ပါတယ်။
ဒီလိုမျိုး အခြေအနေမှာဆိုရင် အချက်အလက်တွေကို ရှာကြတယ်။ အချက်အလက်တွေကလည်း အများကြီးရှိတယ်။ သုတေသနပညာရှင် တွေကလည်း ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အသိပညာပေးဖို့၊ ရောဂါဖြစ်ပွားမှုကနေ ကာကွယ်ထိန်းချုပ်နိုင်ဖို့၊ ရောဂါဖြစ်ပွားမှုကနေ ရှောင်တိမ်းနိုင်ဖို့အတွက် နည်းလမ်းတွေ သုတေသနလုပ်တာကနေ ထွက်ပေါ်လာတာရှိပါတယ်။ ကုသရေး ဘက်မှာဆိုရင် ကုသရေးနည်းပညာတွေကို ထုတ်ဖော်စမ်းသပ်နေတာ ရှိပါတယ်။ ရောဂါပိုး ရှိ/မရှိ၊ ကိုယ်ခံအား ရှိ/မရှိ စမ်းသပ်တဲ့နည်း ပညာတွေကို အဘက်ဘက်ကနေပြီး ပညာရှင်တွေက ရှာဖွေဖော်ထုတ် တာရှိပါတယ်။
သုတေသနပညာရှင်တွေက ရှာဖွေဖော်ထုတ်တွေ့ရှိချက်တွေကို မျှဝေတာက တစ်နေ့ကို ထောင်ပေါင်းများစွာ ထွက်ရှိပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာအစိုးရ၊ ကျန်းမာရေးဌာနတွေကနေပြီး လက်ရှိလုပ်ဆောင် နေတဲ့အချက်တွေ၊ ပြည်သူလူထု သိသင့်တဲ့အချက်တွေနဲ့ ဘယ်လို နေထိုင်စားသောက်ရမယ်ဆိုတာတွေကိုလည်း မျှဝေပါတယ်။ နောက် တစ်ခုက ဆိုရှယ်မီဒီယာတွေမှာ ‘ဘလော့ကာ’ တွေ၊ စာရေးသားသူတွေ ကလည်း မျှဝေပါတယ်။ Social Influencer လို့ခေါ်တဲ့ Follower အများကြီးရှိတဲ့ လူသိများတဲ့သူတွေကနေပြီး မျှဝေတာတွေရှိပါတယ်။ သူငယ်ချင်းတွေ၊ မိသားစုဝင်အချင်းချင်းတွေကနေ မျှဝေတာလည်း ရှိပါတယ်။ နောက်တစ်ခုက Messenger ကနေ ဖြန့်ဝေတာရှိသလို၊ Group တွေကနေ ဖြန့်ဝေတာတွေလည်း ရှိပါတယ်။ ဒီလို မျှဝေတာ တွေက နေ့စဉ်ဖြစ်ပျက်နေပါတယ်။
ဒီလို သတင်းအချက်အလက်တွေကို မျှဝေတာက များပြားတဲ့ အတွက် သတင်းအချက်အလက်က လှိုင်းလုံးကြီးတစ်ခုလိုဖြစ်နေပြီး ဒီလှိုင်းလုံးကြီးရဲ့အောက်မှာ နစ်မြုပ်မသွားဖို့၊ ဝါးမျိုမခံရဖို့နဲ့ အလိုက် သင့် စီးမျောနိုင်ဖို့ဆိုတာက အရေးကြီးပါတယ်။ ဒီလိုသတင်းအချက် အလက် လှိုင်းလုံးကြီးတွေအောက် နစ်မြုပ်မသွားနိုင်ဖို့အတွက် ဘာတွေဆောင်ရွက်ရမလဲဆိုတဲ့ အချက် ၇ ချက် ရှိပါတယ်။
ဒီအချက် ၇ ချက်က နံပါတ် (၁) မိမိအနေနဲ့ သတင်းတစ်ခုတွေ့ပြီဆိုရင် ဒီသတင်းအချက်အလက်က ဘယ်အရင်းအမြစ်ကနေ ရရှိတာလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။ ဥပမာ - ဒီသတင်း အချက်အလက်က ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ ထုတ်ပြန်ချက်လား၊ အမေရိကန်ရောဂါ ထိန်းချုပ်ရေး နှင့် ကာကွယ်ရေးဗဟိုဌာန (CDC) ရဲ့ ထုတ်ပြန်ချက်လား၊ သုတေသနပညာ ရှင်တွေရဲ့ တွေ့ရှိချက်လား၊ အစိုးရ၊ ကျန်းမာရေးဌာနက ထုတ်ပြန်တာလား စသဖြင့် ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက် ဟုတ်/ မဟုတ် ဆိုတာကို ကြည့်ရပါမယ်။
နံပါတ် (၂) သတင်းသမားတွေက သတင်းစာနဲ့ စာစောင်တွေမှာ သူတို့ သတင်းကို လူစိတ်ဝင်စား စေချင်လွန်းလို့ တစ်ခါတလေမှာ သတင်းခေါင်းစဉ်ကို ဟိုလိုလို၊ ဒီလိုလို အမျိုးမျိုးထင်မြင်ယူဆလို့ရစေတဲ့ ခေါင်းစဉ်မျိုးနဲ့ တင်လိုက်တယ်။ ဒီလိုတင်လိုက်တဲ့ အခါမှာ တချို့တွေက သတင်းထဲကစာသားတွေကို ဆက်မဖတ်ဘဲနဲ့ သတင်းခေါင်းစဉ်ကို ကြည့်ပြီး ဒါက အမှန်လို့ယူဆပြီး မျှဝေတာတွေရှိပါတယ်။ ဒါကြောင့် သတင်းခေါင်းစဉ်ကိုပဲ မကြည့်ပါနဲ့ သတင်းစာသား ထဲက အချက်အလက်တွေကို သေချာဖတ်ကြည့်ဖို့ လိုပါတယ်။
နံပါတ်(၃)က ဘယ်သူရေးတာလဲ။ ဒီစာက စိတ်ချရတဲ့သူ ရေးတာ လား၊ ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်ကမှ ဟုတ်ရဲ့လား၊ အခုမှ ဆိုရှယ်မီဒီယာမှာ အကောင့်အသစ်ဖွင့်ပြီး ရေးတဲ့သူလား၊ ဒီစာကို မျှဝေထားတဲ့ ဆိုရှယ်မီဒီယာအကောင့်က အစစ်အမှန်လား/အတုလား စသဖြင့် ဒါတွေကို ကြည့်ဖို့လိုပါတယ်။ မိမိတို့အနေနဲ့ မိမိရဲ့ပိုက်ဆံကို စိတ်ချယုံကြည်ရတဲ့နေရာမှာ သိမ်းဆည်းကြပါတယ်။ ဒီထက်အရေးကြီး တဲ့ မိမိရဲ့အသက်ကို ဘယ်လိုစိတ်ချယုံကြည်ရတဲ့သူဆီမှာ အပ်မလဲ ဆိုတာ ဒါတွေကလည်း အရေးကြီးတဲ့အချက်တွေ ဖြစ်ပါတယ်။ ဘယ်သူမှန်း မသိတဲ့သူကို မိမိရဲ့အသက်ကို အပ်သင့်သလား။ ဒါကြောင့် သတင်းအချက်တွေ့ပြီဆိုရင် ဘယ်သူကရေးသားတာလဲ၊ ရေးသားသူ ကလည်း စိတ်ချယုံကြည်ရရဲ့လား။ ဥပမာ - ဆရာဝန်၊ ပညာရှင် ကျွမ်းကျင်သူ မဟုတ်ဘဲ သာမန်လူတွေကနေ ရေးသားတယ်ဆိုရင် ဒါကို ယုံကြည်စိတ်ချရမှု ရှိ/ မရှိ ဆိုတာကို အကဲဖြတ်နိုင်မှာ ဖြစ်ပါတယ်။
နံပါတ် (၄) ရက်စွဲကို ကြည့်ပါ။ တစ်ခါတလေကျရင် ဘယ်မှာတော့ ရောဂါဖြစ်ပွားမှုတွေက များလွန်းလို့ အလောင်းတွေ ထပ်နေတာပဲလို့ ပြောကြတယ်။ ဆိုလိုတာက ဒီအကြောင်းအရာသည် ပြီးခဲ့တဲ့နှစ်က လည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ ဒါ့ကြောင့် အကြောင်းအရာဖြစ်တဲ့ ရက်စွဲကိုလည်း သိဖို့၊ ကြည့်ဖို့လိုပါတယ်။ တချို့ သတင်းအချက်အလက် တွေက တစ်နှစ်ကျော်အကြာက သတင်းအချက်အလက်ကို ထပ်မံမျှဝေ တဲ့အခါ အခုပဲဖြစ်နေသလိုလို ထင်မြင်တတ်ကြပါတယ်။ ဒါကြောင့် ရက်စွဲကို စစ်ဆေးဖို့က အရေးကြီးပါတယ်။
နံပါတ် (၅) သတင်းတစ်ခုဖော်ပြရာမှာ သူ့ကို ထောက်ပံ့နိုင်တဲ့ အချက်အလက်တွေ ဘာတွေရှိသလဲဆိုတာကို စစ်ဆေးရမှာဖြစ်ပါတယ်။ ယခုတွေ့ရှိရတဲ့ သတင်းအချက်အလက်တွေသည် သေသေချာချာ ခွဲခြမ်းစိတ်ဖြာပြီးမှ တွေ့ရှိရတဲ့ တွေ့ရှိချက်တွေ ဟုတ်ရဲ့လား၊ သုတေသန ပြုလုပ်မှုတွေကနေ တွေ့ရှိတာဟုတ်ရဲ့လား ဒီအချက်တွေကို အထောက် အပံ့ပြုနိုင်တဲ့ သူ့ရဲ့ နောက်ခံအချက်အလက်တွေကိုလည်း စစ်ဆေးရမှာ ဖြစ်ပါတယ်။ ဒါက အရေးကြီးပါတယ်။ ဒီနေရာမှာ တချို့တွေက ခုနကပြောတဲ့ ဒါတော့ဒီလိုတွေ့တယ်၊ ဘယ်သူကပြောတယ်၊ ဘယ်မှာ တွေ့တယ်၊ WHO ကပြောတယ်၊ ဘယ်မှာပြောတယ်။ ဒါမှမဟုတ် သုတေသနတွေကပြောတယ်၊ CDC ကပြောတယ် အဲဒီလို တိကျစွာ ရေးမှသာ စိတ်ချရပါတယ်။ ဒီလိုအချက်အလက်ခိုင်မာမှုမရှိဘဲ ရေးတာကို ယုံကြည်လို့ မရပါဘူး။ မည်သူမဆိုရေးချင်သလို ရေးလို့ ရနိုင်ပါတယ်။ ဒါ့ကြောင့် သတင်းတစ်ခုမှာ သူ့ကို ထောက်ခံတဲ့အချက်တွေ ကိုလည်း ကြည့်ရမှာ ဖြစ်ပါတယ်။
နံပါတ် (၆) ဘက်လိုက်မှုလို့ခေါ်တဲ့ Bias ပါ။ ဒီလိုဘက်လိုက်မှု တွေကိုလည်း စစ်ဆေးရမှာ ဖြစ်ပါတယ်။ ရေးသားတဲ့သူတွေက သူတို့ရဲ့ စိတ်ခံစားမှုအပေါ်မူတည်ပြီး သူတို့ယူဆစေချင်တဲ့ အကြောင်းအရာကို ဇောင်းပေးပြီး တင်ပြတာမျိုးတွေရှိပါတယ်။ ဒီလိုတင်ပြမှုတွေတွေ့ရင် မိမိရဲ့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့၊ သုံးသပ်ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဉာဏ်ပညာနဲ့ ဒါဟာ ဖြစ်နိုင်ခြေ ရှိ/ မရှိ ဆိုတာကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဘယ်ဟာကအမှား၊ ဘယ်ဟာက အမှန်ဆိုတာကို မိမိရဲ့ ဦးနှောက်ကိုအသုံးပြုပြီး ဖြစ်နိုင်ခြေ ရှိ/ မရှိ ဆိုတာ စဉ်းစားဖို့ လိုပါတယ်။
နံပါတ် (၇) ဖော်ပြထားတဲ့အချက်အလက်တွေက တကယ်မှဟုတ်ရဲ့ လားဆိုတာကို စစ်ဆေးလို့ရပါတယ်။ ဒါကို စစ်ဆေးတဲ့ Fact-Checking Network ဆိုတာ ရှိပါတယ်။ တစ်ခါတလေ တခြားနိုင်ငံမှာ ဖြစ်တဲ့ အကြောင်းအရာတွေကို ဒီနိုင်ငံမှာဖြစ်သလိုမျိုး ပုံမှားရိုက်ပြီး ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ သတင်းအချက်အလက်တွေက လာနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်တွေကိုလည်း ကြည့်ဖို့လိုပါတယ်။ ဒါဆိုရင် လက်ရှိစိန်ခေါ်မှုတွေ က ဘာရှိသလဲဆိုရင် ရောဂါပိုး ကာကွယ်တားဆီးရေး၊ ရောဂါဖြစ်ပွား လာရင် ကုသရေး၊ ရောဂါကိုထိန်းချုပ်နိုင်ဖို့အတွက် ကာကွယ်ဆေးထိုးတဲ့ နေရာမှာ ဘက်ပေါင်းစုံက စိန်ခေါ်မှုတွေ ရှိနေတယ်ဆိုတာကို ပထမ ဦးဆုံးအနေနဲ့ ပြောလိုပါတယ်။
အစီအစဉ်မှူး ။ ။ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ကိုဗစ် - ၁၉
ရောဂါနဲ့ ပတ်သက်ပြီး သတင်းအမှားတွေ ရေးသားနေတာရှိပါတယ်။ ဘယ်အရွက်ကို သောက်ရင်ပျောက်တယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
ဒေါက်တာခင်ခင်ကြီး ။ ။ လက်ရှိအနေအထားမှာ သတင်းအချက်
အလက်တွေ ဆိုရှယ်မီဒီယာမှာ အများ ကြီး ထွက်ပေါ်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ၃ ပိုင်းခွဲပြောရမှာ ဖြစ်ပါတယ်။ နံပါတ် (၁) ‘Information’ ဆိုတဲ့ သတင်းအချက်အလက်၊ နံပါတ် (၂) ‘Misinformation’ သတင်းမှား၊ နံပါတ်(၃) ‘Disinformation’ ဆိုတဲ့ လုံးဝမှားယွင်းတဲ့၊ ရည်ရွယ်ချက်ဆိုးနဲ့ ထုတ်လိုက်တဲ့ သတင်းမှား ဖြစ်ပါတယ်။
‘Information’ ဆိုတာက သုတေသနပညာရှင်တွေရဲ့တွေ့ရှိချက်၊ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန(CDC)နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွေရဲ့ ပြောကြားချက်တွေ၊ ရောဂါမကူးစက် အောင် လက်ဆေးပါ၊ လူထပ်ထပ်တဲ့နေရာတွေမသွားနဲ့၊ ပြတင်းပေါက် တွေ ဖွင့်ထားပါ၊ ချောင်းဆိုးနှာချေရင် အုပ်ပြီးဆိုးပါ စသဖြင့် ဒါမျိုးတွေ က သတင်းအချက်အလက်တွေ ပေးတာဖြစ်ပါတယ်။ မှန်ကန်တဲ့ သတင်းအချက်အလက်တွေဖြစ်တဲ့အတွက် အများကြီးအကျိုးရှိပါတယ်။ ဒါတွေကို လိုက်နာဆောင်ရွက်ဖို့လိုပါတယ်။ တစ်ခါတစ်ရံမှာ အပ်နဲ့ ထွင်းရမှာကို တချို့နေရာတွေမှာ ပုဆိန်နဲ့ ပေါက်သလိုဖြစ်နေတယ်လို့ ကျွန်မအနေနဲ့မြင်ပါတယ်။ ကိုဗစ် - ၁၉ စည်းကမ်းတွေကို လိုက်နာမယ် ဆိုရင် ရောဂါက ကိုယ့်ဆီကိုဝင်ရောက်ဖို့ နည်းသွားပါတယ်။ မလိုက်နာ ဘူးဆိုရင် ကိုယ့်ဆီကို ဝင်ရောက်နိုင်ပါတယ်။
‘Misinformation’ သည် သတင်းအမှားပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ ပြောကြားချက်အရ အများစုသော ‘Misinformation’ တွေက အပြစ်ကင်းတယ်လို့ ဆိုပါတယ်။ သူများကို ထိခိုက်စေလိုတဲ့ ဆန္ဒမရှိဘူး။ သူပျောက်ကင်းသွားတာမို့ အများပြည်သူကို သူပျောက် သလို ပျောက်စေချင်တယ်။ သူများကို ကောင်းစေချင်တယ်။ ဒီလိုနဲ့ သတင်းတွေကို ‘Misinformation’ မှန်းမသိလိုက်ဘဲ (Share) ဖြန့်ဝေ လိုက်တာဖြစ်ပါတယ်။
ဒီနေရာမှာ ကိုဗစ် - ၁၉ ရောဂါ ဖြစ်တယ်ဆိုရင် ၈၀ ရာခိုင်နှုန်းကျော် က ဘာမှမလုပ်လည်း ပြန်ကောင်းသွားပါတယ်။ အသက်ကလည်း ငယ်မယ်။ နောက်ခံရောဂါလည်းမရှိဘူး။ ကိုယ်ခံအားလည်း ကောင်း နေမယ်ဆိုရင် သိပ်ပြီးဆိုးဆိုးရွားရွားမခံစားရဘဲ ကောင်းသွားပါတယ်။ ယခုလက်ရှိ ဖြစ်နေတာတွေက အနံ့ပြန်ရအောင် ပရုတ်ဆီပြင်းပြင်း ရှူလိုက်တယ်။ နှာခေါင်းထဲကို ဆေးတွေထည့်လိုက်တယ်။ ဘာဆေး တွေဖြင့် သောက်လိုက်လို့ နှာခေါင်းအနံ့ပြန်ရပြီ ဒီလိုမျိုးတွေ (Share) ဖြန့်ဝေကြပါတယ်။ သူတို့ထင်တာက အနံ့ပြန်ရရင် ဗိုင်းရပ်စ်က မရှိတော့ဘူး၊ လူကောင်းဖြစ်သွားပြီလို့ ထင်တတ်ကြတယ်။ ကြက်သွန်နီ ကိုပိုင်းပြီးရှူလိုက်တာ ကောင်းသွားတယ်။ ပင်စိမ်းဝါးစားလိုက်တာ ကောင်းသွားတယ်။ ခွေးတောက်ရွက်ကိုခြေပြီး ဒီရေနွေးငွေ့ရှူလိုက်တာ အောက်ဆီဂျင်တွေတက်တယ် စသဖြင့် သူတို့ရဲ့အတွေ့အကြုံနဲ့ ကောင်းသွားတယ်လို့ပြောကြတယ်။ တကယ်က သူတို့က ဘာမှမလုပ် လည်း ကောင်းသွားမယ့်သူတွေ၊ သို့သော် သူတို့သက်သာသလို သူများကိုလည်း သက်သာစေချင်တော့ အမှားမှန်းမသိဘဲ Share ကြတယ်။
ဒီလို Share တာ အပြစ်မရှိဘူးဆိုပေမယ့် တချို့အရာတွေက ပြည်သူလူထုကို အန္တရာယ်ရှိစေတတ်ပါတယ်။ သူကတော့ ကောင်းစေချင်လို့ သူခံစားရတဲ့အတိုင်းပြောတာ၊ သို့သော် တကယ် ကုသမှုခံယူသင့်တဲ့သူက ဒီလိုပေါက်ကရတွေ လျှောက်လုပ်နေရင် ကုသမှုမှာ နောက်ကျသွားသလို၊ အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သတင်းအမှားတွေကိုလည်း အခြားသူကို မဖြန့်ဝေသင့်ပါဘူး။
ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းတစ်ခု ပြန့်သွားခဲ့ပါတယ်။ သုံးခွမြို့မှာ ရှိတဲ့ ရေကန်က ရေကိုသောက်ရင် ကိုဗစ် - ၁၉ ကို ပျောက်စေတယ်ဆိုပြီး ရေလာယူတဲ့သူတွေနဲ့ အုန်းအုန်းကျွက်ကျွက် ဖြစ်သွားတယ်။ တကယ် တော့ ရေသောက်လို့ ရောဂါပျောက်တာ မဟုတ်ပါဘူး။ မိမိရဲ့စိတ်ပါပဲ။ ကျွန်မ ခုနက ပြောသလိုပါပဲ ဘာမှမလုပ်တောင် သက်သာသွားမယ့် သူတွေက ဒီရေကိုသောက်ပြီး ကောင်းသွားတော့၊ ဒီရေသောက်ရင် ကောင်းသွားမယ်လို့ Share လိုက်တော့ လာယူကြတယ်။ လာယူကြတဲ့ သူတွေက လက်ရှိ ကိုဗစ် - ၁၉ ရောဂါခံစားရတဲ့သူတွေ ဖြစ်နိုင်သလို သူတို့တွေရဲ့ မိသားစုဝင်တွေလည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ လူအုပ်စု ကြီးတွေဖြစ်၊ မဖြစ်သေးတဲ့သူကို လက်ရှိ ရောဂါခံစားနေရတဲ့သူ၊ ကိုဗစ်ပိုးရှိနေတဲ့သူတွေကနေ ရောဂါပိုးကူးပြီးတော့ ဒုက္ခများစေနိုင်ပါ တယ်။ ဒါကြောင့် ‘Misinformation’လို့ခေါ်တဲ့ သတင်းအမှားတွေက Innocent ဖြစ်တယ်၊ အပြစ်မရှိနိုင်ဘူးဆိုပေမယ့်လို့ အခြားသူတွေကို ရောဂါကူးစက်စေပြီး၊ ဒုက္ခများစေနိုင်တဲ့အတွက် ဒီလို ‘Misinformation’ တွေကလည်း အန္တရာယ်ရှိပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောထားပါတယ်။
နံပါတ်(၃)က ‘Disinformation’ ပါ။ ‘Disinformation’ ဆိုတာ ‘Misinformation’ နဲ့မတူပါဘူး။ သူ့မှာက ရည်ရွယ်ချက်ဆိုးရှိပါတယ်။ ‘Disinformation’ ဆိုကတည်းက ဒီသတင်းအချက်အလက်က မှားယွင်းနေပြီဆိုတာ သိနိုင်ပါတယ်။ သတင်းအမှားတွေကို ထုတ်လွှင့် တာဖြစ်ပါတယ်။ ဒီသတင်းအမှားတွေကို ဖန်တီးတဲ့သူက သူ့အကျိုး အမြတ်ရဖို့ ရည်ရွယ်ထုတ်လုပ်တာ ဖြစ်ပါတယ်။ တစ်ခါတလေ သူက သူများကို အန္တရာယ်ဖြစ်စေချင်လို့ ထုတ်လွှင့်တာဖြစ်ပါတယ်။ သူများ ဆိုတာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ လူတစ်စုအတွက်ဖြစ်နိုင်သလို အဖွဲ့အစည်းတစ်ခုအတွက်လည်း ဖြစ်နိုင်ပါတယ်။ တိုင်းပြည်ပျက်စီးအောင်ရည်ရွယ်ပြီး ထုတ်လွှင့်တာလည်း ဖြစ်နိုင်ပါတယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ဒီလိုပဲပြောထားပါတယ်။
ဒီလို ရည်ရွယ်ချက်ရှိရှိ မှားယွင်းတဲ့အကြောင်းအရာတွေ၊ အန္တရာယ် ရှိတဲ့အကြောင်းအရာတွေကို စနစ်တကျ၊ အကွက်ကျကျ ဖန်တီး ထုတ်လွှင့်တာဟာ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေအပေါ် ပြည်သူလူထုတွေရဲ့ ယုံကြည်မှုတွေပျက်ပြားအောင်၊ ယုတ်လျော့အောင် တမင်ဖန်တီးတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Disinformation က အလွန်ကြောက်စရာ ကောင်းတယ်ဆိုတာ ပြည်သူလူထုကို သိစေချင်ပါတယ်။
အခု ကိုဗစ် - ၁၉ ကာကွယ်ဆေးတွေ ပြည်သူလူထုတွေကို ဦးတည် လူအုပ်စုအလိုက် ထိုးနှံပေးနေပါတယ်။ တစ်နေ့ကို ပျမ်းမျှအားဖြင့် တစ်သိန်းခွဲ ထိုးနှံပေးပါတယ်။ အဓိက ရောဂါကြောင့် ဖြစ်ပွားသေဆုံးမှုကို လျော့ကျပြီး နည်းနိုင်သမျှနည်းစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
ဒီနေရာမှာ တချို့တွေက သတင်းအမှားတွေကို ဖြန့်ဖြူးတာ ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာကို နမူနာပြောရရင် ဒီကာကွယ်ဆေးက သူ့ရဲ့ အအေးလမ်းကြောင်းစနစ်တွေနဲ့ သေချာ ထားသိုတာမဟုတ်ပါဘူးဆိုပြီး ပြောကြတယ်။ တကယ်တော့ ကာကွယ် ဆေးတစ်ခုရဲ့ ထုတ်လုပ်တဲ့အဆင့်က ထိုးနှံတဲ့ပြည်သူလူထုဆီ ရောက်ရှိဖို့အထိ အဆင့်တိုင်းမှာ ကာကွယ်ဆေးရဲ့ အအေးလမ်းကြောင်း အတိုင်း စနစ်တကျ သိုလှောင်ထိန်းသိမ်း ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒါက အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ အအေးလမ်းကြောင်း သေချာစွာ ဆောင်ရွက်နိုင်မှသာ ကာကွယ်ဆေးက အာနိသင်ထိရောက်မယ်။ အန္တရာယ်ကင်းမယ်။ အကျိုးသက်ရောက်မှုလည်း များမှာဖြစ်ပါတယ်။ စွပ်စွဲသလို၊ သတင်းအမှားထုတ်လွှင့်သလို မဟုတ်ပါဘူး။
ကာကွယ်ဆေးကို ထိုးနှံတဲ့အခါမှာလည်း အကြိမ်ပြည့်ထိုးနှံရမှာ ဖြစ်ပါတယ်။ တစ်ကြိမ် ထိုးနှံလိုက်ရင် ခန္ဓာကိုယ်ထဲမှာ ကိုယ်ခံအားတွေ တက်လာမယ်။ ဒါပေမယ့် သိပ်ပြီးများပြား ရှည်ကြာခြင်းမရှိပါဘူး။ မြန်မြန်ကုန်ဆုံးသွားနိုင်ပါတယ်။ သူ့ရဲ့ သတ်မှတ်ချက်အတိုင်း နှစ်ကြိမ် ထိုးနှံလိုက်ရင် ကိုယ်ခံအားအတိုင်းအတာပမာဏ များလာမယ်။ နှစ်ပေါင်းဆယ်နဲ့ချီပြီး ရောဂါပိုးရန်သူကို မှတ်မိနိုင်တဲ့ CD4, CD8, Memory Cell တွေကို တက်စေပါတယ်။
ဒါကြောင့် ပထမတစ်ကြိမ် ကာကွယ်ဆေးထိုးလိုက်တာကို ကိုယ်ခံအားစနစ်နဲ့ မိတ်ဆက်တယ်လို့ ခေါ်ပါတယ်။ ဒုတိယ ကာကွယ် ဆေးထိုးတာကို သူရဲ့နဂိုကိုယ်ခံအားကို မြှင့်တင်ပေးတာဖြစ်ပါတယ်။ ဒီနေရာမှာ တချို့တွေက ပြောတယ်။ ကာကွယ်ဆေး နှစ်ကြိမ်ပြည့် မထိုးလည်း ဘာမှမဖြစ်ဘူး။ ထိုးစရာတောင်မလိုဘူး။ သူတို့ရဲ့ ကိုယ်ခံ အားစနစ်က ဒီရောဂါကို တိုက်ထုတ်နိုင်တယ် စသဖြင့် ဒီလိုသတင်းအမှား တွေ ပေးတာတွေလည်းရှိပါတယ်။ ဒီလိုသတင်းအမှားတွေက အလွန် အန္တရာယ်များပါတယ်။
ကျွန်မတို့ ထိုးနှံပေးနေတဲ့ကာကွယ်ဆေးတွေဟာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အရေးပေါ်အသုံးပြုခွင့်ပေးထားတဲ့ ကာကွယ်ဆေးတွေ ဖြစ်ပါတယ်။ ဒီလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးတွေကို ဒါဟာ WHO က အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးတွေ မဟုတ်ဘူး၊ စမ်းသပ်တဲ့သတ္တဝါတွေအဖြစ် တမင် ရည်ရွယ်ပြီး ထိုးပေးနေတာ၊ မထိုးကြနဲ့ဆိုပြီး တမင်ဝါဒဖြန့် ပြောဆို နေတာတွေလည်း ရှိပါတယ်။
လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးတွေဟာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အသုံးပြုခွင့်ပေးထားတဲ့ ကာကွယ်ဆေးတွေဖြစ်ပါတယ်။ ကာကွယ်ဆေးရဲ့စိတ်ချရမှု၊ ထိရောက်မှု၊ ဘေးကင်းလုံခြုံမှုက အံ့မခန်း ဖြစ်ပါတယ်။ ကာကွယ်ဆေးတွေဟာ ရောဂါလက္ခဏာပြတဲ့ ရောဂါပိုး ကူးစက်မှုတွေကနေ ၇၀ ကနေ ၉၀ ရာခိုင်နှုန်း ကာကွယ်မှုတွေ ပေးပါတယ်။ ဒယ်လ်တာဗိုင်းရပ်စ်အပါအဝင် အခြားမျိုးဗီဇကွဲတွေ ကိုလည်း ၆၀ ရာခိုင်နှုန်းနဲ့အထက် ကာကွယ်နိုင်ပါတယ်။ ဆေးရုံ တက်ရောက်ရမှု၊ ပြင်းထန်စွာခံစားရမှု၊ အထူးကြပ်မတ်ကုသဆောင်(ICU) ထဲရောက်ရှိမှု၊ သေဆုံးမှုတွေကို ၉၀ ရာခိုင်နှုန်းကျော် ကာကွယ်တဲ့အတွက် ထိုးနှံသင့်တဲ့ ကာကွယ်ဆေးတွေဖြစ်ပါတယ်။
နောက်တစ်ခု သတင်းအမှားတွေထုတ်လွှင့်တာက ဒီကာကွယ်ဆေး တွေက အသက် ၁၈ နှစ်မှ ၆၀ အထိပဲ ကာကွယ်ပေးနိုင်တာ၊ ထိုးနှံလို့ ရတာ၊ အခု ၆၅ နှစ်အထက်တွေ စထိုးနေတာ မရိုးသားဘူး။ ဒါဟာ မသမာမှုပဲ။ မိဘဘိုးဘွားတွေကို စမ်းသပ်တာလို့ ပြောကြပါတယ်။ ဒီသတင်းဟာ မဟုတ်ပါဘူး။ ကာကွယ်ဆေးရဲ့ ကာကွယ်နိုင်မှုက ကောင်းမွန်ပါတယ်။ ကာကွယ်ဆေး စတင်စမ်းသပ်စဉ်အခါက အသက် ၆၀ နှစ်အထက် လူကြီးတွေပါဝင်မှုက နည်းပါတယ်။ သို့သော် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ကမ္ဘာအရပ်ရပ်က ကာကွယ်ဆေးတွေနဲ့ ပတ်သက် တဲ့ သုတေသနပြုလုပ်ချက်တွေကိုစုစည်းပြီး ကာကွယ်ဆေးတစ်ခုချင်း အလိုက် လမ်းညွှန်ချက်တွေထုတ်ပါတယ်။ အခု ထိုးပေးနေတဲ့ Sinopharm နဲ့ Sinovac က အသက် ၁၈ နှစ်နဲ့အထက် မည်သူမဆို ထိုးနှံနိုင်တယ်လို့ ပြောထားပါတယ်။ ဒါကြောင့် စိတ်ချယုံကြည်စွာ ထိုးနှံနိုင်ပါတယ်။
နောက်တစ်ခုက တရုတ်နိုင်ငံအစိုးရကလှူတာသည် Sinopharm (Beijing) ဖြစ်ပါတယ်။ ကျွန်မတို့ဝယ်တာကလည်း Sinopharm (Beijing) ဖြစ်ပါတယ်။ Sinopharm (Beijing)သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုဆေးဖြစ်ပါတယ်။ ဒါကို Sinopharm (Beijing) မဟုတ်ဘဲ ဝူဟန်ကထုတ်တဲ့ ဆေးတွေထိုးပေးနေတာ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်အသုံးပြုခွင့်ပေးတဲ့အထဲမှာမပါသေးတဲ့ ဆေးဆိုပြီး တစ်ဖက် က ကာကွယ်ဆေးထိုးနှံဖို့ကို အနှောင့်အယှက်ပေးနေတာ တွေရှိပါတယ်။ Sinopharm (Beijing)က ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်အသုံး ပြုခွင့်ပေးထားတဲ့၊ ထိုးနှံလို့ရတဲ့ ကာကွယ်ဆေးဖြစ်တယ်ဆိုတာကိုလည်း ထပ်ပြီးပြောချင်ပါတယ်။
တချို့တွေက ကာကွယ်ဆေးထိုးထားလည်း ပြန်ဖြစ်တဲ့သူတွေ ရှိနေတာပဲ။ ဘာဖြစ်လို့ အသားအနာခံပြီးထိုးမှာလဲဆိုပြီး ပြောကြပါ တယ်။ ကာကွယ်ဆေးထိုးပြီးသူနဲ့ မထိုးရသေးသူက အများကြီးကွာခြား ပါတယ်။ ကာကွယ်ဆေးထိုးထားရင် ရောဂါဖြစ်ပွားမှုတွေကို ၃ ဆ လျော့ပါတယ်။ ဆေးရုံတက်ရောက်ရမှု ၁၀ ဆ လျော့ပါတယ်။ ကာကွယ် ဆေး နှစ်ကြိမ်ပြည့်ထိုးထားရင် ပြန်ပြီးကူးစက်ခံရတယ်ဆိုရင်တောင် တချို့တွေ လက္ခဏာမပေါ်ပါဘူး။ တချို့တွေဆိုရင် သာမန်လက္ခဏာ လောက်ပဲဖြစ်ပြီး ပြန်ပြီးပျောက်ကင်းသွားပါတယ်။ ဒါကို သိစေချင် ပါတယ်။ ကာကွယ်ဆေးထိုးသူနဲ့ မထိုးထားသူ အကျိုးဆက်က မတူပါဘူး။
ကာကွယ်ဆေးထိုးထားရင် ရောဂါပိုးဝင်လာရင် ကာကွယ်နိုင်ဖို့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က အဆင်သင့်ထုတ်လုပ်ထားပြီး ဖြစ်ပါတယ်။ ရောဂါပိုးဝင်လာရင် အမြန်သိပြီး အမြန်တိုက်ထုတ်နိုင် လိုက်တဲ့အတွက် ခန္ဓာကိုယ်မှာ ဒုက္ခပေးလို့မရတော့ဘဲ ရောဂါပိုးက ထွက်ပြေးသွားရပါတယ်။ သူ့ကို လက်မခံဘူး။ သူ့အတွက် ရေခံမြေခံ ကောင်းလည်း မဟုတ်ဘူး။ ဆက်နေရင် သူမရှင်သန်နိုင်ဘူး။ ဒါကြောင့် သူကလည်း မနေပါဘူး။ ကာကွယ်ဆေးထိုးပြီးသားလူကို သူက ကြောက်ပါတယ်။ ဒီတော့ သူရှင်သန်နိုင်ဖို့ ကာကွယ်ဆေးမထိုးထားသူဆီ အခွင့်ကောင်းချောင်းပြီး ကူးစက်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေး ထိုးပြီးရင် ရောဂါဖြစ်တယ်ဆိုတာ ရာခိုင်နှုန်းအားဖြင့်က ၀ ဒသမ ၀၂ ရာခိုင်နှုန်းမှ ၀ ဒသမ ၀၅ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ အလွန်နည်း ပါတယ်။
သို့သော် ဒယ်လ်တာဆိုတဲ့ ဗီဇပြောင်းပိုးတွေအပါအဝင် ဗီဇပြောင်း ပိုးတွေ ဖြစ်ပွားမှုတွေ တွေ့ရှိလာရတယ်။ ကမ္ဘာပေါ်မှာဆိုရင်လည်း ဒယ်လ်တာက ဗီဇပြောင်းပိုးထဲမှာ ဦးဆောင်သူအနေနဲ့ ရောဂါဖြစ်ပွားမှု တွေကို များစေတယ်။ သာမန်ထက်စာရင် ဗိုင်းရပ်စ်ပိုးကောင်ရေ များများ သယ်ဆောင်တယ်။ နှာခေါင်းနဲ့ပါးစပ်၊ လည်ချောင်းတွေမှာ များများရှိတဲ့အတွက် များများထုတ်တယ်။ ချောင်းဆိုးတယ်၊ နှာချေ တယ်၊ စကားပြောရင် များများထုတ်တယ်ဆိုတော့ ပိုပြီးကူးစက် နိုင်ပါတယ်။
ဒီအခါ ကူးစက်နိုင်ခြေက ကာကွယ်ဆေးထိုးပြီးတဲ့သူတွေအနေနဲ့ ယခင်ကထက် နည်းနည်းပိုလာနိုင်ပါတယ်။ သေချာတာတစ်ခုက ကာကွယ်ဆေးထိုးပြီးသူမှာ ဆေးရုံတက်ရောက်ရမှု၊ အောက်ဆီဂျင် လိုအပ်မှု၊ ICU ထဲရောက်မှု၊ သေဆုံးမှုက တကယ်ကို နည်းပါတယ်။ ဒါကြောင့် ကာကွယ်ဆေး မဖြစ်မနေထိုးဖို့ လိုအပ်တယ်ဆိုတာကို ဒီနေရာကနေ အသိပေးလိုပါတယ်။
နောက်ထပ် သတင်းအမှားတစ်ခုက ကိုဗစ် - ၁၉ ကာကွယ်ဆေး ထုတ်တဲ့လူကိုယ်တိုင် ကိုဗစ် - ၁၉ ကြောင့် သေသွားတယ်ဆိုတဲ့ သတင်း အမှားပဲဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကာကွယ်ဆေး ကို နိုင်ငံတိုင်းက သက်ဆိုင်ရာ Clinical Tiral တွေ လုပ်နေကြပါတယ်။ တရုတ်က ထုတ်လုပ်လိုက်တဲ့ ကာကွယ်ဆေးကို အင်ဒိုနီးရှားနိုင်ငံက လည်း Clinical Tiral တွေမှာပါဝင်ပြီး စမ်းသပ်မှုတွေ ပြုလုပ်ပါတယ်။ ဒါတွေက တစ်ယောက်တည်းနဲ့ လုပ်ဆောင်တာမဟုတ်ပါဘူး။ အဖွဲ့လိုက် လုပ်ဆောင်ရတာဖြစ်ပါတယ်။
ဒီကမှ သက်ဆိုင်ရာနိုင်ငံရဲ့ FDA က ပြန်ပြီး Approved ပေးတာ ဖြစ်ပါတယ်။ ဒါကို သိစေချင်တာ ဖြစ်ပါတယ်။ Clinical Tiral လုပ်နေတဲ့ လူအုပ်စုထဲမှ၊ အဖွဲ့အစည်းထဲမှ တစ်ယောက်က သူ့ရဲ့ရောဂါနောက်ခံ ကြီးကြီးမားမားရှိမယ်။ အသက်ကြီးမယ်စသဖြင့် အခြားသော ရောဂါ တွေနဲ့လည်း သေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ် - ၁၉ ကာကွယ်ဆေးက မသေဆေးမဟုတ်ပါဘူး။ ဒါကို အချို့တွေက ဘယ်လို ဖွသလဲဆိုရင် ကာကွယ်ဆေး ထုတ်လုပ်တဲ့သူသေတယ်။ ဒီကာကွယ်ဆေး က ယုံကြည်ဖို့ သင့်သလား ဒါမျိုးတွေလည်း ရှိပါတယ်။ ဒါဟာ လုံးဝ သတင်းအမှားပဲ ဖြစ်ပါတယ်။
တချို့တွေက နိုင်ငံရေးအရ၊ အကျိုးအမြတ်အရ ယှဉ်ပြိုင်မှုတွေ ကလည်း ကာကွယ်ဆေးမှာ ရှိနေပါတယ်။ ဒီအခါမှာ အချို့နိုင်ငံတွေက ကာကွယ်ဆေးထိုးထားပေမယ့် သူတို့လက်ခံထားတဲ့ ကာကွယ်ဆေး မဟုတ်ရင် ကာကွယ်ဆေးထိုးပြီးသူအနေနဲ့ မရေတွက်ဘူးစသဖြင့် ဒါမျိုးတွေလည်း ရှိပါတယ်။ ဒါကတော့ သူတို့နိုင်ငံ၊ သူတို့လူမျိုးရဲ့ ပေါ်လစီအရဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနောက်နိုင်ငံတွေက သူတို့ထုတ်တဲ့ ကာကွယ်ဆေးတွေကို ဝယ်လိုအားများစေချင်တယ်။ ထိုးနှံစေချင်တယ်။ ဒီအခါ ပရိုမိုးရှင်း ဆင်းတဲ့သဘောမျိုးတွေလည်း ပါပါတယ်။
စင်ကာပူနိုင်ငံမှာဆိုရင် တရုတ်နိုင်ငံက ထုတ်တဲ့ကာကွယ်ဆေးကို ထိုးချင်တဲ့ လူတွေလည်း အများကြီးရှိပါတယ်။ ဒီကာကွယ်ဆေးကို ထိုးနှံဖို့ စောင့်တာတွေလည်း ရှိပါတယ်။ စင်ကာပူအစိုးရကလည်း တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ ကာကွယ်ဆေးထိုးနှံနိုင်ဖို့ စုရပ် ၃၀ ကျော် ဖွင့်လှစ်ပြီး ထိုးနှံခွင့်ပေးလျက်ရှိပါတယ်။ စင်ကာပူနိုင်ငံမှာ ဩဂုတ် ၁၀ ရက်ကစပြီး WHO က အရေးပေါ်အသုံးပြုခွင့်ပေးထားတဲ့ တရုတ်နိုင်ငံ ကထုတ်လုပ်တဲ့ ကာကွယ်ဆေးထိုးနှံထားသူတွေကိုလည်း ကာကွယ် ဆေးထိုးနှံပြီးသူစာရင်းမှာ ထည့်သွင်းရေတွက်မယ်လို့ စင်ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးက ပြောကြားထားပါတယ်။
ကာကွယ်ဆေးနဲ့ ပတ်သက်လို့လည်း Disinformation လို့ခေါ်တဲ့ သတင်းအမှားတွေ အမျိုးစုံထွက်ပါတယ်။ ဒုတိယလှိုင်းမှာ ကာကွယ် ဆေးတွေရဲ့ အအေးလမ်းကြောင်းတွေကို ဖျက်ဆီးလိုက်ပြီ။ ဒီကာကွယ် ဆေးတွေကို ထိုးနှံပေးရင်လည်း ထိရောက်တော့မှာ မဟုတ်ပါဘူး။ အသားနာရုံပဲဆိုပြီး ပြောဆိုကြတဲ့အတွက် အသက်အရွယ်ကြီးသူ၊ အချို့ဆိုရင် ပညာတတ်အသိုင်းအဝိုင်းက ဒါကို ယုံစားပြီး သူတို့မိဘတွေ ကို ထိုးနှံမပေးတာမျိုးတွေ ဖြစ်သွားတာလည်း ရှိပါတယ်။ အခု တတိယ လှိုင်းမှာ ကိုဗစ်-၁၉ ရောဂါခံစားရပြီး သေဆုံးကြရတဲ့အခါ ဒီလို သတင်း အမှားတွေကို ယုံစားမိပြီး မိဘတွေကို မထိုးနှံပေးလိုက်ရတဲ့အတွက် သူတို့မိဘတွေ အသက်နဲ့ရင်းပြီး ခံစားလိုက်ရတယ်ဆိုတဲ့ ပြောဆိုမှုမျိုး တွေလည်း ကြားသိခဲ့ရပါတယ်။
ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးတဲ့ မိဘ၊ ဘိုးဘွားတွေ ကာကွယ် ဆေး ထိုးထားလျက်နဲ့ ကိုဗစ် - ၁၉ ကြောင့် သေဆုံးရတယ်ဆိုတာမျိုးတွေ ဆိုရှယ်မီဒီယာမှာ တက်လာတာတွေ့မိပါသလား။ မတွေ့မိဘူးဆို ကတည်းက ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးခြင်းက ဘယ်လောက်အထိ ထိရောက်မှုရှိသလဲဆိုတာ သိနိုင်ပါတယ်။ နောက်ပြီး အရေးကြီးတဲ့ အချက်က အချို့တွေက ပညာတတ်ပေမယ့် သူတို့ရဲ့ဘက်လိုက်မှု တွေကြောင့် ကာကွယ်ဆေးကို မထိုးနှံကြဖို့ဇောင်းပေးပြီး ပြည်သူ တွေကို အသိမှားတွေ ပေးတာရှိပါတယ်။ ဒါမျိုးတွေကို မလုပ်သင့် ပါဘူး။
ကိုဗစ် - ၁၉ ရောဂါက အသက်နဲ့ရင်းပြီး သက်သေပြရတဲ့ ကိစ္စရပ် တွေ ဖြစ်ပါတယ်။ ဒီအခါမှာ မိမိရဲ့ကျော်ကြားမှု၊ မကျေနပ်မှုတွေကို အခြားနည်းလမ်းနဲ့ပြကြပါ။ ကိုဗစ် - ၁၉ ရောဂါသည် တကယ်ကို သေစေနိုင်ပါတယ်။ တကယ်ကို ဆိုးဆိုးရွားရွား ပြင်းပြင်းထန်ထန် ဝေဒနာတွေ ခံစားရတာဖြစ်ပြီး ရောဂါဖြစ်ပွားပြီးတဲ့သူ ၃ ပုံ ၁ ပုံ လောက်ကလည်း နောက်ဆက်တွဲဝေဒနာတွေ ခံစားနေရတာဖြစ်တဲ့ အတွက် ကိုယ်တိုင်ရော၊ ကိုယ့်မိသားစုရော၊ သူငယ်ချင်း၊ အပေါင်းအသင်း၊ မိတ်ဆွေတွေမှာရော မဖြစ်ပေါ်စေဖို့ အားလုံးမှာတာဝန်ရှိပါတယ်။
ကုသဆေးနဲ့ပတ်သက်ရင်လည်း ဒီကုသဆေးက ကောင်းတယ်။ ဘယ်လောက်ဆိုပြီး ဝိသမလောဘသားတွေက ဈေးတင်ရောင်းချတယ်။ ဝယ်တဲ့သူကလည်း ဈေးပြိုင်စနစ်နဲ့ ဝယ်တယ်။ အဆများစွာ ဈေးတင် ထားတဲ့အတွက် ရောဂါခံစားနေရသူကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ အချို့တွေမှာ မလိုအပ်ဘဲ ပေးမိတာမျိုးဆိုရင်လည်း ဆိုးကျိုးတွေ ဖြစ်စေ နိုင်ပါတယ်။ အချို့သောက်ဆေးတွေဆိုရင် FDA က အသိအမှတ်ပြု ထားခြင်းလည်းမရှိပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကုသဆေးအဖြစ် သတ်မှတ်ထားခြင်းလည်း မရှိပါဘူး။ အချို့ဆေးတွေသည် အသည်းကို ထိခိုက်ပါတယ်။ ကျောက်ကပ်ကို ထိခိုက်ပါတယ်။ ဒါကို သောက်ရင် ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကလည်း အရေးကြီးတဲ့အတွက် သတင်းအမှားတွေကို မဖန်တီးပါနဲ့၊ သတင်းအမှားတွေကို Share မလုပ်ကြပါနဲ့လို့ ပြောလိုပါတယ်။
အစီအစဉ်မှူး ။ ။ ဖြည့်စွက်ပြောကြားလိုတာရှိရင်လည်း ပြောကြား
ပေးပါ။
ဒေါက်တာခင်ခင်ကြီး ။ ။ သတင်းအမှားတွေက ဗိုင်းရပ်စ်လိုပဲ
ကြောက်စရာကောင်းပါတယ်။ ကိုဗစ်- ၁၉ ရောဂါကို ဖြစ်စေတဲ့ SAR - COV2 ဗိုင်းရပ်စ်ကို နှိမ်နင်းနေရတဲ့အချိန်မှာ တစ်ဖက်ကလည်း သတင်းအမှားတွေကို နှိမ်နင်းနေရရင် ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေးကို များစွာနှောင့်နှေးသွားစေနိုင်ပါတယ်။ အချိန် လည်း ပိုယူရနိုင်ပါတယ်။
ဘယ်မှာကာကွယ်ဆေးထိုးပြီးလို့ သေသွားတယ်ဆိုတဲ့ သတင်း အမှားတွေ ထုတ်လွှင့်တာလည်းရှိပါတယ်။ ဒါလည်း မဟုတ်ပါဘူး။ ယခုလက်ရှိလည်း မရှိသေးပါဘူး။ ဒုတိယလှိုင်းမှာ ကာကွယ်ဆေး ၃ ဒသမ ၅ သန်း ထိုးတုန်းကလည်း မရှိခဲ့ဘူးဆိုတာကို ပြောချင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးခြင်းသည်သာ ကိုယ်ခံအားရရှိစေဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်ဖို့ အဓိကအခန်းကဏ္ဍက ပါဝင်ပါတယ်။ ကာကွယ် ဆေးကို အကြိမ်ပြည့်ထိုးကြပါ။ ပုဂ္ဂလိကကဏ္ဍကလည်း ကာကွယ်ဆေး တွေကို တင်သွင်းဖြန့်ချိတဲ့အခါ သတ်မှတ်စည်းကမ်းအတိုင်း တင်သွင်း ဖြန့်ချိပြီး အကျိုးရှိတဲ့၊ အာနိသင်ကောင်းမွန်တဲ့ ကာကွယ်ဆေးတွေကို သာ ပြည်သူတွေကို ထိုးနှံပေးကြပါ။
အချုပ်အားဖြင့်ပြောရမယ်ဆိုရင် မိမိရဲ့ခန္ဓာကိုယ်ကို ဗိုင်းရပ်စ်ပွား များဖို့၊ ပိုးဗီဇတွေပြောင်းလဲဖို့ အသုံးချခံမဖြစ်ပါစေနဲ့၊ ကာကွယ်ဆေးထိုး ထားခြင်းက ကမ္ဘာ့ကပ်ရောဂါကို ကာကွယ်နှိမ်နင်းနိုင်ဖို့ အကောင်းဆုံး လက်နက်တစ်ခုဖြစ်တဲ့အတွက် အမြန်ဆုံးကာကွယ်ဆေးထိုးနှံဖို့ နိုင်ငံ တော်အစိုးရက အဘက်ဘက်ကနေ ဆောင်ရွက်နေသလို ပုဂ္ဂလိက ကဏ္ဍကလည်း ဝိုင်းဝန်းဆောင်ရွက်နေပါတယ်။
ပြည်သူတွေအကုန်လုံးကလည်း ဝိုင်းဝန်းကူညီကြပါ။ ဒီနေရာမှာ သတင်းအမှားတွေကို မိမိကသိလို့ အခြားပြည်သူတွေသိအောင် Share လိုက်ဦးမယ်ဆိုတာမျိုး မလုပ်ပါနဲ့။ ဒီလို Share ခြင်းက သတင်းအမှားကို ပိုမိုပျံ့နှံ့အောင် လုပ်ဆောင်တာဖြစ်ပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောထားပါတယ်။ ဒါကြောင့် ဘာအကြောင်းနဲ့မှ သတင်းအမှားကို Share မလုပ်ပါနဲ့။ သတင်းအမှားကို သတင်းအမှန်နဲ့ တိုက်ဆိုင်ချိန် ထိုးကြည့်ပါ။
သတင်းအမှန်တွေကို ကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက် www.mohs.gov.mm မှာ ကြည့်ရှုနိုင်သလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန(CDC) တို့ရဲ့ ထုတ်ပြန်ချက်တွေမှာလည်း ကြည့်ရှုနိုင်ပါတယ်လို့ ပြောကြား လိုပါတယ်။ သတင်းအမှန်တွေကို များများ Share ခြင်းဖြင့် သတင်း အမှားတွေကို အနိုင်ယူကြပါစို့လို့ ပြောလိုပါတယ်။ ကျေးဇူးတင် ပါတယ်။