ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးသည် နိုင်ငံ့အရေးကိစ္စ၊ လူမှုရေးကိစ္စ၊ အမျိုးသားရေးကိစ္စ ဖြစ်သဖြင့် ကျန်းမာရေးဝန်ထမ်းများသာမက ပြည်သူတစ်ရပ်လုံးမှ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်

 

နေပြည်တော်  ဇူလိုင်  ၂၃


ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ဗဟိုမှ အင်တိုက်အားတိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့်လည်း စိုးရိမ်လွန်ကဲမှုမဖြစ်စေရန် အသိသတိဖြင့် ထိန်းသိမ်း ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရောဂါလက္ခဏာဖြစ်ပေါ်လာသူများအနေဖြင့် ဒေသန္တရဆေးခန်း၊ ဆေးပေးခန်းများရှိ ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်နှင့်အညီ သက်ဆိုင်ရာ ဆေးရုံများ၊ စောင့်ကြည့် လူနာ လက်ခံစင်တာများ၊   အတည်ပြုလူနာလက်ခံစင်တာများသို့  သွားရောက်ပြသကြရန်  လိုအပ်မည် ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည့်  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။


အစည်းအဝေးသို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ် ကြီး  တင်အောင်စန်း၊  ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဒေါက်တာသက်ခိုင်ဝင်း၊  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊    ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့်   တာဝန်ရှိသူများ တက်ရောက်ကြပြီး  တိုင်းဒေသကြီးနှင့်   ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ က  Video Conferencing ဖြင့် တက်ရောက်ကြသည်။


အသိသတိဖြင့် ထိန်းသိမ်း


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က    အဖွင့်အမှာစကားပြောကြား ရာ၌    လက်ရှိအချိန်တွင်    ကိုဗစ်-၁၉   ရောဂါ တတိယလှိုင်း  ကူးစက်မှုသည်    မြင့်မားလာသည့် အနေအထားတွင်ရှိပြီး ရောဂါဗီဇ ၂ မျိုး၊ ၃ မျိုးကွဲပြား လျက်ရှိသည်ကို တွေ့ရှိနေရကြောင်း၊ ကူးစက်ပြန့်ပွားမှုနှုန်းအနေဖြင့်လည်း ၂ ဆမှ ၄ ဆ၊ ၄ ဆမှ ၈ ဆ အထိ  မြန်ဆန်မှုရှိနေသည်ကို   တွေ့ရှိရကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများကို ဗဟိုမှ ဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်လည်း အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊     လူဦးရေ ထူထပ်သိပ်သည်းသည့် ဒေသများတွင် အထူးဂရုပြု အလေးထား  ဆောင်ရွက်ကြရန်  လိုအပ်မည်ဖြစ် သော်လည်း အစိုးရိမ်လွန်ကဲမှုမဖြစ်စေရန် အသိသတိ ဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။


တစ်နိုင်ငံလုံးရှိ   ရောဂါကူးစက်ဖြစ်ပွားမှုများ၊ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း  ဆောင်ရွက် နေမှုများကို နေ့စဉ်သတင်းထုတ်ပြန်ပေးလျက်ရှိပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လည်း   ရောဂါကူးစက်ဖြစ်ပွားမှု၊  ကူးစက်ခံရမှု၊ သေဆုံးမှု၊ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို ဖြစ်စဉ်အမှန်အတိုင်း ဒေသခံလူထုသိရှိအောင်     အချိန်နှင့်တစ်ပြေးညီ   ပြန်ကြားပေးနိုင်ရမည်ဖြစ်ကာ သတင်းအမှန်များကို သိရှိရခြင်းဖြင့် စိုးရိမ်ကြောင့်ကြမှုများကို လျှော့ချပေးနိုင်ရမည်ဖြစ်ကြောင်း။


သုတေသနလုပ်ငန်းများ ဆောင်ရွက်


ပြည်သူလူထုအနေဖြင့်       အောက်ဆီဂျင်နှင့် ပတ်သက်၍   စိုးရိမ်ပူပန်မှုများရှိနေပြီး   ဒေသန္တရ ဆေးခန်းများ၊   ဆေးပေးခန်းများ၊  ဆေးရုံများသို့ မသွားရောက်ဘဲ မိမိတို့၏ အိမ်တွင်း၌ပင် ကျိတ်၍ ကုသမှုများပင် ရှိနေကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းသည် ရောဂါ၏  အတိမ်အနက်ကိုမသိရှိနိုင်ဘဲ အန္တရာယ် ဖြစ်ပေါ်လာနိုင်သည့်အတွက်   ဒေသန္တရဆေးခန်း၊ ဆေးပေးခန်းများမှ   ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်နှင့်အညီ သက်ဆိုင်ရာ ဆေးရုံများ၊ စောင့်ကြည့်လူနာလက်ခံစင်တာများ၊ အတည်ပြု လူနာလက်ခံစင်တာများသို့ သွားရောက်ပြသကြရန် လိုအပ်မည်ဖြစ်ကြောင်း၊   ကိုဗစ်ရောဂါပိုးသည် တစ်နေရာနှင့်တစ်နေရာ ရောဂါဖြစ်ပွားပုံခြင်း တူညီမှု ရှိမည်မဟုတ်ဘဲ အကင်းသေမည့်  ရောဂါမဟုတ် ကြောင်းသိရှိရသဖြင့်    သုတေသနလုပ်ငန်းများ ဆောင်ရွက်ပြီး   ရေရှည်စဉ်းစားဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ သုတေသနပြုလုပ်ရာတွင် လည်း  ကျန်းမာရေးနှင့်   အားကစားဝန်ကြီးဌာန၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တို့ရှိ   သုတေသန ဌာနများမှသာလျှင် research လုပ်နိုင်မည်မဟုတ်ဘဲ ဆေးရုံအသီးသီးများမှလည်း ဖြစ်ပေါ်ပုံအဆင့်ဆင့်ကို စနစ်တကျ     မှတ်တမ်းတင်ထားရန်  လိုအပ်ပြီး လုပ်ဆောင်နိုင်သည့် နယ်ပယ်မှတစ်ဆင့် တတ်နိုင် သရွေ့ ဝိုင်းဝန်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။


ကိုဗစ်ရောဂါသည်  ရေရှည်ဖြစ်ပေါ်နေနိုင်သည့် ရောဂါဖြစ်သဖြင့်  ရောဂါကာကွယ်ဆေးကို  မိမိတို့ နိုင်ငံတွင် ထုတ်လုပ်နိုင်ရေး လုပ်ဆောင်နေခြင်းဖြစ်ပြီး မိမိ၏ ရုရှားခရီးစဉ်၌ ဆွေးနွေးခဲ့ကြောင်း၊ ယခင်က ဖြစ်ပေါ်ခဲ့သည့် အသည်းရောင်အသားဝါပိုး၊ ငှက်ဖျား ရောဂါပိုးတို့ကို မိမိတို့နိုင်ငံ၌ ကာကွယ်ဆေးထုတ်လုပ် ဆောင်ရွက်နိုင်ခဲ့သကဲ့သို့ ယခုလည်း လုပ်ဆောင်နိုင် ရမည်ဖြစ်ကြောင်း၊  မိမိတို့နိုင်ငံနှင့်  ကိုက်ညီသည့် ကာကွယ်ကုသဆေးများကို    သုတေသနပြုလုပ် ထုတ်လုပ်နိုင်ရေး   ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဆေးရုံများသည် ကိုဗစ်ရောဂါကိုသာမက အခြားရောဂါများကိုလည်း ကုသနေကြရကြောင်း၊ ကိုဗစ်ရောဂါသည် အရေးကြီးသည်ဖြစ်သော်လည်း အခြားရေရှည်ကုသပေးရမည့်ရောဂါများ    ကုသ ရာတွင် လစ်ဟင်းမှုမရှိစေရေးအတွက်လည်း စဉ်းစား လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း  ပြောကြားသည်။


အမျိုးသားရေးကိစ္စရပ်ဖြစ်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကိုဗစ်-၁၉  ရောဂါ   ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း များသည်       အမျိုးသားရေးကိစ္စရပ်ဖြစ်သဖြင့် အကြောင်းအမျိုးမျိုးကြောင့်  လုပ်ငန်းခွင်များမှ ပျက်ကွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပတ်သက်၍  ပြောကြားရာတွင်   “တစ်ဖက်က ကျန်းမာရေးဆိုင်ရာ  ပုဂ္ဂိုလ်တချို့ကလည်း  CDM လုပ်ထားတဲ့အတွက်ကြောင့် မလာကြဘူး၊ ကျွန်တော် လည်း အကြိမ်ကြိမ်အခါခါ ဖိတ်ခေါ်တယ်၊ ခင်ဗျားတို့ လာကြပါ။ ဒါ လူမှုရေးကိစ္စဖြစ်တယ်၊ နိုင်ငံ့အရေးကိစ္စ ဖြစ်တယ်၊ အမျိုးသားရေးကိစ္စဖြစ်တယ်၊ ကူညီရ အောင်ပြောတယ်၊ တချို့လည်း လာကြတာရှိတယ်၊ တချို့လည်း အကြောင်းအမျိုးမျိုးကြောင့် မလာနိုင် တာလည်းရှိပါတယ်၊ ကျွန်တော် ထပ်ပြီး မေတ္တာရပ်ခံ ပါတယ်…. ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျန်းမာရေး ဆိုင်ရာ ပုဂ္ဂိုလ်အားလုံး တစ်နိုင်ငံလုံး ပူးပေါင်းဆောင် ရွက်ကြဖို့ ပြောလိုတယ်၊ ဆေးရုံတွေမှာ ကျန်းမာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကြဖို့ ကျွန်တော် ပြောလိုပါတယ်” ဟု ပြောကြားသည်။


အောက်ဆီဂျင်လုံလောက်စွာရရှိရေး


ယင်းနောက်   အရေးပေါ်လူနာများကို  အချိန်မီ ပို့ဆောင်နိုင်ရေး လိုအပ်မည်ဖြစ်သဖြင့် လူနာတင် ယာဉ်များ၏ ကြံ့ခိုင်မှုကိုလည်း တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်နေရန် လိုအပ်မည်ဖြစ်ကြောင်း နှင့်  တာဝန်ကို  ခွဲဝေပေးထားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အောက်ဆီဂျင်လုံလောက်စွာရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်ပမှ လည်း  အထူးအစီအစဉ်တစ်ရပ်အနေဖြင့်  မှာယူ တင်သွင်းလျက်ရှိသဖြင့်   စနစ်တကျသုံးစွဲရန်နှင့် သိုလှောင်မှုနှင့်   ပတ်သက်၍လည်း    ထိန်းသိမ်း ဆောင်ရွက်ကြရန်       လိုအပ်မည်ဖြစ်ကြောင်း၊ မြောက်ဥက္ကလာပဆေးရုံတွင်    အောက်ဆီဂျင် ပိုက်လိုင်းများ   ဖျက်ဆီးခံရသည်ဟု ကြားသိရပြီး ဟုမ္မလင်းဆေးရုံတွင်လည်း အကြောင်းမဲ့လုပ်ငန်းခွင် ပျက်ကွက်ခဲ့သည့်   ကျန်းမာရေးဝန်ထမ်းအချို့က အောက်ဆီဂျင်အိုးများကို   သိုဝှက်ထားခဲ့သည်ဟု သိရှိရကြောင်း၊ ထိုကဲ့သို့ လုပ်ရပ်များသည် အတွေး အခေါ်မဲ့ပြီး   စာနာမှုကင်းမဲ့သည့်  လုပ်ရပ်များပင် ဖြစ်ပြီး  ဆေးရုံများအနေဖြင့်လည်း   လူနာများ၏ ကျန်းမာရေးအတွက်     လုံခြုံရေးတင်းကျပ်စွာ လုပ်ဆောင်ကြရန် လိုအပ်မည်ဖြစ်ကြောင်း။


ကျန်းမာရေးအသိပညာပေး


ရောဂါဖြစ်ပွားမှုလက္ခဏာသည်    တစ်ဦးနှင့် တစ်ဦးတူညီမှုမရှိသဖြင့်    ကျန်းမာရေးဆိုင်ရာ ပညာပေးမှုများကို   ရုပ်မြင်သံကြား၊  ရေဒီယိုတို့မှ ထုတ်လွှင့်သည်သာမက    ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဟောပြောမှုများ၊ လက်ကမ်းစာစောင်များဖြင့်လည်း   ကျန်းမာရေး အသိပညာပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့   အသိပညာပေး ဆောင်ရွက်မှုများကြောင့် ပြည်သူလူထုအနေဖြင့် လိုက်နာမှုအားကောင်းလာ သည်ကို   တွေ့ရှိရပြီး  ၁၇  ရက်နေ့အထိ အများနှင့် သက်ဆိုင်သည့်  နေရာများ၊  လုပ်ငန်းခွင်များသို့ သွားလာမှုများ သိသိသာသာ လျော့ကျလာသည်ကို လေ့လာတွေ့ရှိရမည်ဖြစ်ကြောင်း၊     တစ်ဦးချင်း အသိစိတ်ဖြင့် သွားလာလှုပ်ရှား နေထိုင်ကြစေရေး ပညာပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လွန်ခဲ့ သည့် ရက်ပိုင်းတွင် ဆေးပညာရှင်တစ်ဦးက ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ထောက်ပြမှုများကို တွေ့ရှိ ရပြီး ကူးစက်မှုမှာ လူမှတစ်ဆင့်သာ ကူးစက်ခြင်းရှိပြီး ၎င်း၏ပြောကြားချက် သတင်းစကားကို တိုင်းဒေသ ကြီးနှင့် ပြည်နယ်များသို့ ထပ်ဆင့်ဖြန့်ဝေပေးသွား မည်ဖြစ်ကြောင်း၊   မှန်ကန်သည့်  အသိပညာများ ရရှိစေလိုခြင်းဖြစ်ပြီး စိုးရိမ်ပူပန်မှုကို လျော့ကျစေလို ခြင်းကြောင့်ဖြစ်ပါကြောင်း၊  အသက်အန္တရာယ်နှင့် ဆိုင်သည့်   ကိစ္စရပ်များဖြစ်သဖြင့်  ကောလာဟလ ရေးသားခြင်းများ မပြုလုပ်ကြရန် မည်သို့ပင် မေတ္တာ ရပ်ခံလျက်ရှိသော်လည်း ကောလာဟလသတင်းများ ဆက်လက်ပြန့်ပွားလျက်ရှိသဖြင့် အခြေအနေမှန် များကို သိရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ အောက်ခြေ သတင်းအမှန်၊   အခြေအနေမှန်များကို  အချိန်နှင့် တစ်ပြေးညီ တင်ပြမှသာလျှင် ဗဟိုမှ ဖြေရှင်းဆောင် ရွက်နိုင်မည်ဖြစ်သောကြောင့်   တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဖြစ်ပေါ်နေသည့် အခြေအနေမှန် များကို  သိရှိအောင်ဆောင်ရွက်ပြီး  တင်ပြကြရန် လိုအပ်မည်ဖြစ်ကြောင်း၊  မိမိတို့အနေဖြင့်  အခြား လိုအပ်ချက်မှန်သမျှကို  တတ်စွမ်းသရွေ့  ကြိုးပမ်း ဖြည့်ဆည်း     ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။


ထို့နောက် ရောဂါကာကွယ်ဆေးများ ရောက်ရှိမှု နှင့် အခြားဆေးရုံသုံးပစ္စည်းများ ရောက်ရှိမှု၊ ထိုးနှံ ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု အခြေအနေ များနှင့်ပတ်သက်၍ ပြောကြားရာတွင် “တရုတ်နိုင်ငံ ကနေ လှူဒါန်းတဲ့ဆေး ၇၃၆၀၀၀ မနေ့က ရောက်လာ ပါတယ်၊ အဲ့ဒါကို ဒီနေ့ကစပြီး ဖြန့်ပြီးတော့ ဆေးထိုး ဖို့ ဆောင်ရွက်နေပါတယ်၊ ဒီနေ့လည်း ရောက်ပါမယ်။ မနက်ဖြန်လည်း ရောက်ပါမယ်။ ဩဂုတ်လ ပထမ ပတ်အထိ  ၄  သန်းရောက်ဖို့ရှိပါတယ်၊ တောက် လျှောက် ကျွန်တော်တို့ပေးပါမယ်၊ အဓိကလက်ဝယ် ရောက်လာလို့ရှိရင်  ဒါတွေကို  အမြန်ဆုံးထိုးနိုင်ဖို့ အတွက်   ကြိုးစားပေးပါမယ်၊   ကျွန်တော်တို့က နှစ်ပတ်ခြားပြီးမှ        ထိုးရတဲ့အတွက်ကြောင့် နောက်ထပ်နှစ်ပတ်ခြားတဲ့အချိန်မှာ ဆေးရအောင် ကျွန်တော်ကြိုးစားပါမယ်၊ လက်ထဲမှာ  Risk ယူပြီး တော့မှ အရန်ချန်ထားတာတွေဘာတွေ သိပ်မလုပ်ဘဲ နဲ့ များများ First Dose  ကို ထိုးနိုင်ဖို့လိုတယ်၊ ဒါလေး တွေလည်း ဥက္ကဋ္ဌများကို ကျွန်တော်ပြောလိုပါတယ်၊ ကျွန်တော်တို့အနေနဲ့ ကိုဗစ်နဲ့ ပတ်သက်လို့ရှိရင် ငွေရေးကြေးရေးကိစ္စရပ်ကအစ ဘာကန့်သတ်ချက်မှ မထားပါဘူး၊  ဆိုလို တာက  ဆေးရုံတက်ကုသဖို့အတွက် ဆေးတို့ဘာတို့ဝယ်တာအပြင်ကို   ဆေးရုံအတွက် လိုအပ်တဲ့ အခြားပစ္စည်းတွေပါတယ်၊ ဥပမာအားဖြင့် Mask လိုဟာမျိုးတွေ၊ လက်အိတ်လိုဟာမျိုးတွေ၊ PPE လိုဟာမျိုးတွေ၊ နောက်ဆုံးစားစရာ သောက်စရာ တွေကအစ  လူနာကို   စိတ်အားငယ်စေရအောင် ဘာမှမဖြစ်ပါစေနဲ့၊ သူတို့ အတတ်နိုင်ဆုံး တစ်နေ့ တစ်နေ့မှာတော့  သူတို့အပေါ်မှာ  ကိုယ့်ကိုယ်ကို စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ဆေးဝါးကုသတာကို ခံဖို့အတွက် မျှော်မှန်းပြီး ဆောင်ရွက်ဖို့လိုပါတယ်၊ အဲ့ဒီတော့  ဒါနဲ့ပတ်သက်ပြီး ဘာကန့်သတ်ချက်မှ ကျွန်တော်တို့   မထားဘူးဆိုတာကို  အားလုံးကို အသိပေးလိုပါတယ်”  ဟု ပြောကြားသည်။


ဦးစားပေးအုပ်စုခွဲ၍ ထိုးနှံပေးမည်


ယင်းနောက်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်     ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ကောင်စီအဖွဲ့ဝင်များ၊    ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တက်ရောက်လာကြ သူများက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအနေဖြင့် စတင် ဖြစ်ပွားချိန်မှ လက်ရှိအချိန်အထိ ၂ သိန်း ၅ သောင်း ကျော်ရှိပြီဖြစ်ပြီး သေဆုံးသူ  ၆၁၀၀  ကျော်   ရှိပြီ  ဖြစ်သည့်   အခြေအနေ၊   ကျန်းမာရေးဝန်ထမ်းများ၊စေတနာ့ဝန်ထမ်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး ပြည်သူလူထုမှလည်း ပိုမိုပူးပေါင်းဆောင်ရွက် လာသည့်အတွက် နောက်ရက်သတ္တပတ် နှစ်ပတ် အကြာတွင် ရောဂါကူးစက်မှုနှုန်း လျော့ကျလာနိုင် မည့်   အခြေအနေ၊  ကာကွယ်ရေးလုပ်ငန်းတွင် မရှိမဖြစ်လိုအပ်သည့်   ကာကွယ်ဆေးထိုးနှံမှုကို စနစ်တကျဖြစ်စေရေးအတွက် အိုင်တီနည်းပညာဖြင့် စာရင်းသွင်းပြုစုနိုင်ရေးအတွက်   တပ်မတော်မှ ကွန်ပျူတာပညာရှင်များဖြင့် ဆော့ဝဲပြုလုပ်လျက် ရှိပြီး လွယ်လွယ်ကူကူဖြင့် သုံးစွဲနိုင်ရေး လုပ်ဆောင် ထားရှိကာ ပြည်နယ်နှင့် တိုင်းများရှိ ရောဂါတုံ့ပြန် ရေးအဖွဲ့များသို့လည်း ဆက်လက်ဖြန့်ဝေပေးသွား မည့် အခြေအနေ၊ ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် သေဆုံးမှုကို လျှော့ချနိုင်ရေး ဦးစားပေးအုပ်စု၊ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရေးအတွက် လိုအပ် သည့် အုပ်စု၊ ကိုဗစ်ကြောင့် နိုင်ငံ့စီးပွားရေးထိခိုက်မှု ကို ဖြစ်ပွားစေနိုင်မည့် ဦးစားပေးအုပ်စုဟူ၍ ခွဲခြား၍ ဦးစားပေးထိုးနှံပေးသွားမည့်   အခြေအနေ၊  ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးအတွက် စောင့်ကြည့် လူနာထားရှိရေး စင်တာများနှင့် အတည်ပြုလူနာ ထားရှိရေး စင်တာများကို ထပ်မံတိုးချဲ့ လက်ခံကုသ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေ အနေ၊  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ကုသထိန်းချုပ် ရေးလုပ်ငန်းများတွင်  အသုံးပြုနိုင်ရေး ရန်ပုံငွေမှ သုံးစွဲထားရှိမှု အခြေအနေ၊  လေကြောင်းလိုင်းများ၊ နယ်စပ်ဒေသများ၊ ဆိပ်ကမ်းများ၊ နယ်စပ်ဂိတ်များမှ တစ်ဆင့် ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ပစ္စည်းများကို  တင်သွင်းလျက်ရှိသည့် အခြေအနေ နှင့်   လူ့ကျန်းမာရေးနှင့်  သက်ဆိုင်သော  ပစ္စည်း များဖြစ်၍ အချို့သော  FDA  ခွင့်ပြုချက်မရှိသည့် ပစ္စည်းများကို  စိစစ်ရန်လိုအပ်သည့်   အခြေအနေ၊ အိမ်နီးချင်းနိုင်ငံများတွင်လည်း ကူးစက်ပြန့်ပွားမှုနှင့် အောက်ဆီဂျင်လိုအပ်ချက်    မြင့်တက်လာသည့် အတွက် ပြည်တွင်းရှိ Oxygen plant များတွင် တိုးချဲ့ ထုတ်လုပ်နိုင်မည့်  အခြေအနေ၊  ဝေးလံခေါင်ဖျား ဒေသများတွင်   အောက်ဆီဂျင်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှု  အခြေအနေ၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ပတ်သက်၍ လေကြောင်း လိုင်း၊   ရေကြောင်းလိုင်း၊   မီးရထားနှင့်  ကုန်းလမ်း ပို့ဆောင်ရေးတို့ကို    ပုံမှန်ပြေးဆွဲပေးလျက်ရှိပြီး ခရီးသည်လျော့ပါးမှုအပေါ်မူတည်၍   အခေါက်ရေ လျှော့ချပြေးဆွဲလျက်ရှိသည့်       အခြေအနေ၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများကို နိုင်ငံပိုင် ရုပ်မြင်သံကြား၊ ရေဒီယိုတို့အပြင် ပုဂ္ဂလိက ရုပ်သံ လိုင်းများမှလည်း   အသိပညာပေးလျက်ရှိသည့် အခြေအနေ၊    မီဒီယာအချို့၏   ကိုဗစ်ရောဂါကို အသုံးချ၍ သတင်းမှား ထုတ်လွှင့်နေမှုနှင့် သတင်းမှန် ပြန်ကြားနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နေ မှုအခြေအနေ၊   ထပ်မံရောက်ရှိလာသည့်  ကာကွယ် ဆေးများ ထိုးနှံရေးအတွက် လူထုအား အသိပညာပေး လှုံ့ဆော်ဆောင်ရွက်သွားမည့်           အခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေး     လုပ်ငန်းများတွင် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များ ပါဝင်ထမ်းဆောင် နေမှု  အခြေအနေ၊   ကာကွယ်ဆေးထုတ်လုပ်နိုင် ရေးနှင့်ပတ်သက်၍      ရုရှားနိုင်ငံနှင့်   ပူးပေါင်း ဆောင်ရွက်နေမှု   အခြေအနေ၊    တိုင်းဒေသကြီးနှင့် ပြည်နယ်ကောင်စီများအနေဖြင့် အောက်ခြေတွင် ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေမှန်များကို အချိန် နှင့်တစ်ပြေးညီ တင်ပြရန်၊ သတင်းအချက်အလက်များ မှန်ကန်စွာရရှိစေရေးအတွက် သက်ဆိုင်ရာ ဌာနများ နှင့်  ပူးပေါင်းဆွေးနွေးဆောင်ရွက်ကြရန် လိုအပ်သည့် အခြေအနေ၊   ဒေသအလိုက်   ဖွင့်လှစ်ထားသည့် စောင့်ကြည့်လူနာလက်ခံစင်တာများနှင့် အတည်ပြု လူနာလက်ခံစင်တာများ၏     လိုအပ်ချက်များကို စောင့်ကြည့်ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ် သည့်   အခြေအနေ၊   ကျန်းမာရေးနှင့်  စေတနာ့ ဝန်ထမ်းများ၏ လိုအပ်ချက်များအား ဖြည့်ဆည်း ပေးနိုင်မည့်အခြေအနေများနှင့် ပတ်သက်၍ အကျယ် တဝင့် ရှင်းလင်းတင်ပြကြသည်။


Oxygen  များ  စနစ်တကျထိန်းသိမ်း


ရှင်းလင်းတင်ပြမှုများအပေါ်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပို့ဆောင်ဆက်သွယ်ရေးနှင့် ပတ်သက်၍ ရပ်တန့်၍မရဘဲ ပြတ်တောက်မှုမရှိစေရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်း မှုနှင့်     ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများတွင် ပါဝင်နေသည့် အခြေခံဝန်ထမ်းများ၏ ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များကိုလည်း ဦးစားပေးဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ကောလာဟလသတင်းများထုတ်လွှင့်နေမှုများကို သတင်းမှန်ပြန်ကြားရုံသာမက သတင်းမှားထုတ်လွှင့်သည့် သတင်းဌာနများကိုပါ ပြင်းထန်စွာ  တုံ့ပြန်ကန့်ကွက်သွားရန်  လိုအပ်မည် ဖြစ်ကြောင်း၊  ဈေးကွက်အတွင်း  ဆေးဝါးများအား ပုံမှန်ထက် ပိုမို၍ဈေးတင်ရောင်းချနေသည့် အခြေ အနေများကို ထိန်းချုပ်ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ပမှ   ဝင်ရောက်လာသည့်   Oxygen  များကို စနစ်တကျ ထိန်းသိမ်း၍ ဖြန့်ဝေပေးနိုင်ရေးအတွက် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊   ရခိုင် ပြည်နယ်၊     မြောက်ဦးမြို့တွင်   လိုအပ်နေသည့် Test   kit   များကို   တပ်မတော်ရဟတ်ယာဉ်ဖြင့် အမြန်ဆုံးပို့ဆောင်ပေးသွားရန်လိုကြောင်း၊ ဟိုတယ် Quarantine များအတွက် လိုအပ်သည့် SOP ကို တိတိကျကျ ထုတ်ပြန်ပေးသွားရန်နှင့် လုံလောက် သည့် ဆေးအကာအကွယ်နှင့် အောက်ဆီဂျင်ရရှိရေး အတွက်  ဌာနများအချင်းချင်း ပေါင်းစပ်ဆောင်ရွက် ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရောက်ရှိလာသည့် ကာကွယ်ဆေးများ   ထိုးနှံရေးဆောင်ရွက်ရာတွင် First Dose ကို အမြန်ဆုံးထိုးနှံပြီး ထပ်မံရောက်ရှိ လာမည့် ကာကွယ်ဆေးများကိုလည်း အချိန်မီထိုးနှံ ပေးနိုင်ရေး စီမံဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ထိုးနှံပေးနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိသော်လည်း ၇၀   ရာခိုင်နှုန်းအထိ  တိုးမြှင့်ထိုးနှံနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဖြင့် ဖြည့်စွက်ဆွေးနွေးပြောကြားသည်။


ပရဟိတစိတ်ဓာတ်ဖြင့် ပါဝင်ကူညီ


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ကာကွယ် ကုသထိန်းချုပ်ရေးလုပ်ငန်းများတွင် လူမှုရေးအဖွဲ့ အစည်းများ၊   နိုင်ငံရေးပါတီများသည်  လူထုနှင့် ထိတွေ့သည့်  အဖွဲ့အစည်းများဖြစ်သဖြင့်   နိုင်ငံရေး ရည်မှန်းချက်မပါဘဲ ပရဟိတစိတ်ဓာတ်ဖြင့် ပါဝင် ကူညီဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပြီး အခြား လူမှုရေးအဖွဲ့အစည်းများအနေဖြင့်လည်း  ရောဂါ ကာကွယ်ရေးဆိုင်ရာများ၊ အသိပညာပေးမှုဆိုင်ရာ များတွင် ဝိုင်းဝန်းပါဝင်ဆောင်ရွက်မည်ဆိုပါက ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ရောဂါ ကာကွယ်ကုသရေးနှင့် ပတ်သက်၍ အချို့သောကုသ ရေးစင်တာများ၊ ဆေးရုံဆေးခန်းများနှင့် ဆက်သွယ် နိုင်ရေး  ကြေညာထားသည့်  ဖုန်းနံပါတ်များသည် အကြောင်းအမျိုးမျိုးကြောင့် အကူအညီလိုအပ်၍ ဆက်သွယ်ပါက ဆက်သွယ်၍မရကြောင်း သိရှိရ သဖြင့် တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက် ကြရန် လိုအပ်မည်ဖြစ်ကြောင်း။


တာဝန်ရှိသူများက လမ်းညွှန်ပေးနေရန်လို


Quarantine   စင်တာများနှင့်  ပတ်သက်၍ တပ်မတော်နှင့် အရပ်ဘက်တို့တွင် စုစုပေါင်း ၂၃၂၇ နေရာဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ထပ်မံ၍လည်း တိုးချဲ့လုပ်ဆောင်လျက်ရှိကြောင်း၊ အဆိုပါ Quara-ntine စင်တာများတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ  ကျန်းမာရေးဝန်ထမ်းများသာမက တပ်မတော်မှ   ဆေးမှူး    ပါရဂူများအပါအဝင် ကျန်းမာရေးဝန်ထမ်း စုစုပေါင်း အင်အား ၃၀၀၀၀ ကျော်ဖြင့် ဆေးအကာအကွယ်ပေး ဆောင်ရွက်လျက် ရှိကြောင်း၊ ဒေသအလိုက် Quarantine စင်တာများ ထပ်မံဖွင့်လှစ်ရန် လိုအပ်ပါကလည်း ဗဟိုသို့ တင်ပြ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အတည်ပြုလူနာ များ ထားရှိသည့်နေရာများကိုလည်း ပြည်သူများမှ အလွယ်တကူသိရှိစေရန်အတွက် တာဝန်ရှိသူများက လမ်းညွှန်ပေးနေရန် လိုအပ်ကြောင်း၊ ကိုဗစ် ပထမ လှိုင်းနှင့်   ဒုတိယလှိုင်း  ကူးစက်ဖြစ်ပွားမှုတို့တွင် လူသေဆုံးမှု ၂ ရာခိုင်နှုန်းကျော်ခန့်သာရှိခဲ့ပြီး လက်ရှိ ဖြစ်ပွားလျက်ရှိသည့် တတိယလှိုင်းတွင် ၂ ဒသမ ၃၄၆ ရာခိုင်နှုန်းမျှသာရှိသည်ကို တွေ့ရှိရပါကြောင်း၊ ရောဂါကြောင့်    ကွယ်လွန်သွားသူများကိုလည်း စနစ်တကျ   သင်္ဂြုဟ်ပေးသွားရန်  လိုအပ်ကြောင်း၊ သင်္ဂြုဟ်ရေးလုပ်ဆောင်ရသည့်       ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊   စေတနာ့ဝန်ထမ်းများ အနေဖြင့်လည်း ကာကွယ်ရေးပစ္စည်းများကို ပြည့်စုံ စွာ  ဝတ်ဆင်၍   ရောဂါထပ်မံကူးစက်ပြန့်ပွားမှု မရှိစေရေး       အလေးထားဆောင်ရွက်သွားရန် လိုကြောင်း။


လူမှုကွန်ရက်စာမျက်နှာများတွင် ကိုဗစ်ကြောင့် ဖြစ်ပေါ်နေမှုများကို  နိုင်ငံရေးအရ  အသုံးချမှုများ ရှိနေသည့်အတွက်           သင့်လျော်မှုမရှိသည်ကို ပြောကြားလိုကြောင်း၊ ဆေးရုံအသီးသီးတွင် အောက် ဆီဂျင်လုံလောက်မှုရှိနေရန်    လိုအပ်မည်ဖြစ်ပြီး အောက်ဆီဂျင်များ အမြဲပေးဝေနိုင်ရေး လည်ပတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဆေးရုံအသီးသီး ရှိ အောက်ဆီဂျင်အိုးများ၊  Oxygen  plant  များ၏ system   များကိုလည်း   အမြဲမပြတ်  စစ်ဆေး ဆောင်ရွက်နေရန်   လိုအပ်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။


ထို့နောက် ကျန်းမာရေးဝန်ထမ်းများ၏ တာဝန် ထမ်းဆောင်မှု  အခြေအနေများနှင့်  ပတ်သက်၍ ပြောကြားရာတွင် “ဒီမှာရှိနေတဲ့ ဆရာဝန်တွေနဲ့ ပတ်သက်ပြီးတော့ သူတို့လည်း စိတ်ဓာတ်ချမ်းမြေ့စွာ လုပ်နိုင်ဖို့လည်းလိုပါတယ်၊ သူတို့ကိုလည်း အားပေး ပါတယ်၊  အသိအမှတ်လည်း   ပြုပါတယ်၊   တချို့ ဆေးရုံတွေမှာကြတော့   ဆရာဝန်တစ်ယောက်စ နှစ်ယောက်စရှိတယ်၊ တချို့ဆေးရုံတွေမှာကြတော့ ဆရာဝန် လေးငါးခြောက်ယောက်ရှိတယ်၊ ဒီဘက် ဆေးရုံကမဟုတ်တော့     ဟိုဘက်ဆေးရုံကဆိုပြီး ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး      သွားလုပ်လို့မရဘူး၊  သက်ဆိုင်ရာ   ပြည်နယ်နှင့်   တိုင်း   ကျန်းမာရေး မှူးတွေနဲ့ ညှိနှိုင်းပြီးတော့မှ သူတို့ကို ဒီဆေးရုံတော့ သွားလုပ်ပေးပါ၊ သွားလုပ်လို့ရပါတယ်၊ မလုပ်နိုင်  စရာ အကြောင်းလည်းမရှိဘူး၊ ငြင်းမှာလည်း မဟုတ် ဘူး၊ ကျွန်တော်တို့ စီမံပေးဖို့ပဲ လိုပါတယ်၊ တချို့ ဆေးရုံတွေမှာ လူနာများပြီး ဆရာဝန်က နည်းနေ တယ်၊ ဆရာဝန်မရှိဘူး မဟုတ်ဘူးရှိတယ်၊ နည်းနေ တယ်၊ အဲ့ဒီတော့ ဆရာဝန်များနေတဲ့ နေရာကနေပြီး တော့ မျှပြီးတော့ ထည့်ပေးတတ်ဖို့အတွက် စီမံခန့်ခွဲ ရေးနည်းလမ်းအရ  ဆောင်ရွက်ရမှာ ဖြစ်ပါတယ်၊ အရေးကြီးဆုံးကတော့ စီမံခန့်ခွဲမှုကောင်းမွန်ခြင်းပါ၊   စီမံခန့်ခွဲမှုကောင်းလို့ရှိရင်  လုပ်ငန်းတစ်ခုကို အဆင်ပြေပြေဆောင်ရွက်နိုင်မယ်၊     စီမံခန့်ခွဲမှု ကောင်းအောင် လုပ်နိုင်ခြင်းဆိုတာလည်း စုပေါင်း တိုင်ပင်ပြီး လုပ်တာကောင်းပါတယ်၊ တစ်ယောက်ထဲ လုပ်နေလို့မရဘူး၊  စုပေါင်းတိုင်ပင်ပြီး လုပ်တာပဲ ကောင်းတယ်၊   ဒီကိစ္စသည်လည်း  စီမံခန့်ခွဲမှု ကောင်းအောင် စုပေါင်းလုပ်ရုံတင်မဟုတ်ဘဲ ပြည်သူ လူထုနဲ့     ပူးပေါင်းဆောင်ရွက်ဖို့လည်း  လိုတယ်၊ ဒီကြားထဲမှာလည်း ကြားဖြတ်လုပ်ရမယ့် ဆက်သွယ် ရမယ့် အဖွဲ့အစည်းက  ဘာလဲဆိုတော့  စောစောက ကျွန်တော်ပြောတဲ့ လူမှုရေးအဖွဲ့အစည်းနဲ့ နိုင်ငံရေး ပါတီတွေပဲ၊ သူတို့ကနေပြီးတော့ ပြည်သူနဲ့အုပ်ချုပ် ရေးအဖွဲ့အစည်းတွေကြားထဲမှာ ပေါင်းစပ်ပေးဖို့ လိုတယ်၊ ဒီလိုပေါင်းစပ်ပေးမယ်ဆိုရင် လုပ်ငန်းက များများ Function   ဖြစ်ပါတယ်၊  ဒါကိုလည်း အားပေးဆောင်ရွက်ကြဖို့   ပြောလိုပါတယ်”   ဟု ပြောကြားသည်။


ဆက်လက်ပြီး   ယနေ့မှစ၍   ဝါတွင်းကာလသို့ ရောက်ရှိပြီဖြစ်သဖြင့်  ဘုန်းတော်ကြီးကျောင်းများ၊   သာသနာ့နွယ်ဝင်     သီလရှင်ကျောင်းများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်  တာဝန်ရှိသူများ က  သွားရောက်ကြည့်ရှု၍  ဆွမ်း၊  ကွမ်းမှအစ  အဆင်ပြေအောင် ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်  လိုအပ်ကြောင်း၊  မိမိတို့၏ ဘာသာသာသနာအား အဆက်မပြတ်အောင် အလေးထား ဆောင်ရွက်ပေး ရန်   လိုအပ်သကဲ့သို့  အခြားဘာသာရေးကျောင်းများ၏ လိုအပ်ချက်များကိုလည်း ကြည့်ရှုဆောင်ရွက်ပေး သွားရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့်   ပြောကြား ခဲ့ကြောင်း    သတင်းရရှိသည်။


သတင်းစဉ်