
ထက်လျှံ
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇူလိုင် ၁၄ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး။ ။ နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉ တတိယလှိုင်းဖြစ်ပွား နေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင် ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးနဲ့ တွေ့ဆုံမေးမြန်း သွားမှာ ဖြစ်ပါတယ်။
ပထမဆုံးမေးခွန်းအနေနဲ့ ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာနဲ့ ထိတွေ့ခဲ့သူတွေ၊ သံသယရှိသူတွေကို ကျန်းမာရေးစောင့်ရှောက်မှု တွေ ဘယ်လိုစီစဉ်ဆောင်ရွက်နေတယ်ဆိုတာကို သိပါရစေ။
ဒေါက်တာသန်းနိုင်စိုး ။ ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားတာ ရှိပါတယ်။ ကိုဗစ်- ၁၉ အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူတွေ၊ ကိုယ့်ကိုယ်ကိုယ် ရောဂါလက္ခဏာရှိတယ်လို့ သံသယရှိတဲ့သူ ဒီလူတွေကို စီစဉ်ထားမှု အနေနဲ့ ကိုဗစ် - ၁၉ ရောဂါ သံသယ ရှိသူတွေက အရင်ဆုံး သက်ဆိုင်ရာ ဒေသန္တရကျန်းမာရေးဌာနတွေနဲ့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးရုံး တွေကို ဆက်သွယ်ဖို့လိုပါတယ်။
ဒီလိုဆက်သွယ်ပြီး သက်ဆိုင်ရာကျန်းမာရေးဌာနက လိုအပ်တဲ့ ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုတွေကို ဆောင်ရွက်ပေးပါတယ်။ ဒီလိုစစ်ဆေး ပေးတဲ့နေရာမှာလည်း သက်ဆိုင်ရာဒေသန္တရ ကျန်းမာရေးဌာနမှာ စစ်ဆေးပေးတဲ့အပြင် ၎င်းဌာနနဲ့ ချိတ်ဆက်ထားတဲ့ ပုဂ္ဂလိကဓာတ်ခွဲ အတည်ပြုရာဌာနတွေကိုလည်း ရည်ညွှန်းပေးပို့ စစ်ဆေးတာတွေကို ဆောင်ရွက်ပေးပါတယ်။ သက်ဆိုင်ရာက စစ်ဆေးလို့ ပိုးမတွေ့ (Negative) ဖြစ်တယ်ဆိုရင် အိမ်မှာ မိသားစုတွေနဲ့ ခပ်ခွာခွာနေပြီး ရောဂါလက္ခဏာကို ဆက်လက်စောင့်ကြည့်ပါတယ်။
ပိုးတွေ့ (Positive) ဖြစ်တယ်ဆိုရင် သက်ဆိုင်ရာကျန်းမာရေး ဌာနကနေ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ကိုဗစ်ကော်မတီကို သတင်းပေးပို့ပါတယ်။ နောက်လူနာရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး လူနာနဲ့ သင့်တော်တဲ့ဆေးရုံတွေ၊ ကိုဗစ်စင်တာတွေကို ပို့ဆောင်ပေးပါတယ်။ ရောဂါလက္ခဏာ ပြင်းထန်မယ်ဆိုရင် ပြည်သူ့ ဆေးရုံများမှာ လူနာခုတင်တက်ရောက်မှု ကုသနိုင်ရေး စီမံခန့်ခွဲမှု ကော်မတီက သတ်မှတ်ပေးတဲ့ ဆေးရုံနဲ့ ကိုဗစ်ကုသရေးစင်တာတွေကို ပို့ဆောင်ကုသပေးနိုင်ရေး ချိတ်ဆက်စီစဉ်ပေးပါတယ်။
ဒီနေရာမှာ ကိုဗစ် - ၁၉ ရောဂါသံသယရှိပြီး အိမ်ပြန်သွားတဲ့သူတွေမှာ နဲ့ ရုတ်တရက် အိမ်မှာနေရင်း အောက်ဆီဂျင် ထိုးကျတာမျိုးတွေဖြစ်တဲ့ လူနာတွေစတဲ့ အရေးပေါ်လူနာတွေကို သက်ဆိုင်ရာ ပြည်သူ့ဆေးရုံ တွေကနေ လက်ခံပေးဖို့ဝန်ကြီးဌာနကနေ ကုသရေးဦးစီးဌာနသို့တစ်ဆင့် ညွှန်ကြားထားပါတယ်။ ဒါကြောင့် အရေးပေါ် လူနာတွေအနေနဲ့ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံတွေကို သွားရောက်နိုင်ကြောင်းကို သတင်းကောင်းပေးလိုပါတယ်။ အရေးပေါ်ဖြစ်လာချိန်မှာ ဘယ်သွားရ မှန်းမသိတဲ့ လူနာတွေအနေနဲ့ ယခုအချိန်မှာ နီးစပ်ရာဆေးရုံကို သွားလို့ရပြီး ဆေးရုံတွေမှာလည်း အရေးပေါ်ကုသမှုပေးဖို့အတွက် စီစဉ်ဆောင်ရွက်ထားကြောင်းကို ကျွန်တော့်အနေနဲ့ အသိပေးတင်ပြ လိုပါတယ်။
အတိုချုပ်ပြန်ပြောရရင်တော့ လူနာတွေအတွက် ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စစ်ဆေးမှုကို ခံယူရမယ့်နေရာတွေ ဒါကို ကျန်းမာရေးစောင့်ရှောက်မှုစနစ်ရဲ့ အောက်မှာ ထည့်သွင်းထားပါ တယ်။ အရေးပေါ်ဖြစ်လာရင်လည်း အရေးပေါ်ကျန်းမာရေးစောင့်ရှောက် မှု ခံယူရမယ့်လမ်းကြောင်းတွေကို ဖွင့်လှစ်ထားတယ်ဆိုတာကို ကျွန်တော့်အနေနဲ့ ဒီနေရာကနေ အသိပေးပြောကြားလိုပါတယ်။
အစီအစဉ်မှူး။ ။ ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူတွေ ကွာရန်တင်းစင်တာကို ရောက်တဲ့ အခါ ဘယ်လိုမျိုး နေထိုင်စားသောက်သင့်တယ်ဆိုတာကို ကျန်းမာရေး အမြင်အရ ဖြေကြားပေးပါဦး။
ဒေါက်တာသန်းနိုင်စိုး ။ ။ ကျွန်တော်တို့ ကွာရန်တင်းစင်တာတွေ အနေနဲ့ လိုက်နာဆောင်ရွက်ရမယ့် လုပ်ငန်း လမ်းညွှန်ဗားရှင်း (၃ ဒသမ ၀)ကို ဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် ဇူလိုင် လ ၅ ရက်မှာ ထုတ်ပြန်ပေးထားပြီးဖြစ်ပါတယ်။ အဲဒီမှာ အသွားအလာ ကန့်သတ်ထားတဲ့ Community Based Facility Quarantine Center တစ်ခု ပြင်ဆင်တဲ့အပိုင်းပါတယ်။ ဒီစင်တာကို ဝင်ရောက်တဲ့သူတွေ အနေနဲ့ လိုက်နာရမယ့် စည်းကမ်းတွေ ပါပါတယ်။
ကျွန်တော့်အနေနဲ့ ဒီနေရာမှာ ဝင်ရောက်သူတွေ လိုက်နာရမယ့် အချက်တွေကို ပြောသွားပါမယ်။ စင်တာကို ရောက်ရှိပြီဆိုရင် ကိုယ့် အတွက် သတ်မှတ်ထားတဲ့နေရာမှာပဲ နေရပါမယ်။ စင်တာမှာရှိတဲ့ တခြားအခန်းတွေကို သွားရောက်ခြင်း၊ တခြားသူတွေနဲ့အတူတကွ စားသောက်ခြင်း၊ ဝိုင်းဖွဲ့ပြီးစကားပြောခြင်း၊ ပြင်ပကို ခိုးထွက်ခြင်းတွေကို လုံးဝ(လုံးဝ) မလုပ်ရပါဘူးဆိုတာ နံပါတ် (၁) အနေနဲ့ ပြောကြားထား ပါတယ်။
အသွား/အလာ ကန့်သတ်ခြင်းခံရသည့်သူ တစ်ဦးချင်းသည် ရောဂါ လက္ခဏာမပြသော ရောဂါပိုးသယ်ဆောင်သူဖြစ်နိုင်တဲ့အတွက် တစ်ဦး နဲ့တစ်ဦး အနည်းဆုံး(၆)ပေအကွာ ခပ်ခွာခွာနေရပါမယ်။ ပါးစပ်နဲ့ နှာခေါင်းစည်း (Mask)ကို စားသောက်ချိန်နဲ့ အိပ်ချိန်မှအပ အချိန်ပြည့် တပ်ဆင်ထားဖို့ လိုပါတယ်။ ဒါမှသာလျှင် ကွာရန်တင်းစင်တာအတွင်း နေထိုင်ကြသူ အချင်းချင်းရောဂါပိုး မကူးစက်မှာ ဖြစ်ပါတယ်။
နောက်တစ်ခုက လက်ကို ဆပ်ပြာနဲ့ရေ (သို့မဟုတ်) အနည်းဆုံး အယ်ကိုဟောလ် (၆၀) ရာခိုင်နှုန်းပါသော ရေမလိုလက်သန့်စင် ဆေးရည်ကို အသုံးပြု၍ စက္ကန့်(၂၀)ကြာအောင် မကြာခဏ စနစ်တကျ ဆေးကြောရပါမယ်။ အများသုံးပစ္စည်းများ မကိုင်တွယ်မီနဲ့ ကိုင်တွယ် ပြီးတိုင်း၊ အိမ်သာအသုံးပြုပြီးတိုင်း၊ အစာ မစားမီတိုင်း၊ နှာချေ၊ ချောင်း ဆိုး၊ နှာရည်ညှစ်တဲ့အခါတိုင်း၊ ပါးစပ်နဲ့ နှာခေါင်းစည်း(Mask)ကို မကိုင်တွယ်မီနဲ့ ကိုင်တွယ်ပြီးတိုင်း လက်ကိုစနစ်တကျ ဆေးကြော ရမယ်။ နှာချေ၊ ချောင်းဆိုးတဲ့အခါတိုင်း တစ်ရှူး (သို့မဟုတ်) တံတောင် ကွေးနဲ့ ပါးစပ်နဲ့ နှာခေါင်းကို လုံခြုံစွာဖုံးအုပ်ရမယ်။ အသုံးပြုပြီးတစ်ရှူးကို အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ရမယ်။ လက်ကို စနစ်တကျပြန်လည် ဆေးကြောရမယ်။ ကိုယ်အပူချိန်တိုင်းခြင်းနဲ့ ကျန်းမာရေးအခြေအနေ စစ်ဆေးခြင်းတို့ကို မပျက်မကွက် ပါဝင်ဆောင်ရွက်ရမယ်။ တစ်နေ့ (၂)ကြိမ်ခံယူရမယ်။ ဖြစ်နိုင်ပါက ကိုယ်အပူချိန်တိုင်းတာခြင်းနဲ့ သွေးတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်းကို မိမိကိုယ်တိုင် ဆောင်ရွက်ပြီး တာဝန်ရှိသူတွေထံ သတင်းပို့ရပါမယ်။ ဖျားနာခြင်း (ကိုယ်အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် (သို့မဟုတ်) ၁၀၀ ဒသမ ၄ ဒီဂရီဖာရင်ဟိုက် အထက် ရှိခြင်း)၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ရုတ်တရက်အနံ့ အရသာ ပျောက်ဆုံးခြင်း၊ အသက်ရှူရ ခက်ခဲခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပမာဏ (၉၂ ရာခိုင်နှုန်း) အောက်ကျဆင်းခြင်းစတဲ့ လက္ခဏာတွေဖြစ်ပေါ်ပါက သက်ဆိုင်ရာစင်တာက တာဝန်ရှိသူထံ ချက်ချင်းဆက်သွယ် အကြောင်းကြားပြီး ဆေးကုသမှုခံယူရပါမယ်။ စည်းကမ်းမဲ့တံတွေးထွေးခြင်း၊ စည်းကမ်းမဲ့အမှိုက်ပစ်ခြင်း၊ ကွမ်းယာ စားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းတွေကို လုံးဝ ရှောင်ကြဉ်ရပါမယ်။
ဒီလိုရှောင်ကြဉ်တာတွေက အပြင်မှာရှိတဲ့ လူတွေအတွက်လည်း တော်တော်အရေးကြီးပါတယ်။ ကွမ်းယာစား မယ်ဆိုရင် ကွမ်းယာစားတဲ့ အချိန်မှာ မက်စ်ကချွတ်ရပြီ။ ကွမ်းယာကို ငုံရပြီ အဲဒီအခါ မက်စ်က မရှိတော့ဘူး။ ကွမ်းသွေးထွေးမယ်ဆိုရင်လည်း မက်စ်ကို ချွတ်ရတယ်။ ချွတ်တဲ့၊ တပ်တဲ့အချိန်နဲ့နောက်ပြီး ကိုယ့်မှာ ပိုးရှိနေတယ်ဆိုရင် တံတွေးထွေးတဲ့အခါ ပိုးတွေပါသွားပြီး ကိုယ့်တံတွေးထဲမှာ ပိုးကရှိနေ မယ်။ အဲဒီလိုပဲ ဆေးလိပ်သောက်တဲ့လူက ပိုပြီးအန္တရာယ်များပါတယ်။ ဆေးလိပ်သောက်တဲ့အခါ ဆေးလိပ်ငွေ့က အဆုတ်ကိုထိတယ်။ သောက် နေတဲ့အချိန်မှာလည်း မက်စ်ကတပ်လို့ မရဘူး။ အဆုတ်ကိုထိပြီး အဆုတ်က ဆေးလိပ်ငွေ့တွေနဲ့ ဒဏ်ရာရနေတဲ့ အချိန်မှာ ပိုးကထပ်ဝင် မယ်ဆိုရင် ပိုပြီးဆေးလိပ်သောက်တဲ့ သက်တမ်းရင့်လေလေ ရောဂါကို ပိုပြီး ပြင်းပြင်းထန်ထန်ခံစားရလေလေ ဖြစ်ပါတယ်။ ဒီကိစ္စကလည်း ရှောင်ကြဉ်သင့်တဲ့ကိစ္စ ဖြစ်ပါတယ်။ တံတွေးထွေးတာ၊ ကွမ်းစားတာ၊ ဆေးလိပ်သောက်တာတွေကို စင်တာမှာ နေတဲ့အချိန်ပဲဖြစ်ဖြစ်၊ အပြင်မှာဖြစ်ဖြစ် အခုလို ကိုဗစ်ရောဂါဖြစ်ပွားစဉ်ကာလမှာ အထူး သတိပြုပြီး ရှောင်ကြဉ်ရမယ့် အချက်တွေဖြစ်ပါတယ်။
အစီအစဉ်မှူး။ ။ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အတွက် ကျန်းမာရေး ဝန်ထမ်းတွေ၊ စေတနာ့ ဝန်ထမ်းတွေကို Volunteer အနေနဲ့ ဖိတ်ခေါ်ထားတာရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ဖြေကြားပေးပါဦး။
ဒေါက်တာသန်းနိုင်စိုး။ ။ ကျွန်တော်တို့မှာလည်း လူနာတွေကို ကုသစောင့်ရှောက်တဲ့နေရာမှာ၊ ရောဂါ ထိန်းချုပ်တဲ့နေရာမှာ လူ့စွမ်းအားအရင်းအမြစ်တွေ အများကြီး လိုပါတယ်။ ဆေးရုံတွေမှာ ကုသတဲ့နေရာမှာ အခုဆိုရင် လူဦးရေက ၅၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်းနဲ့ လုပ်နေရတဲ့ နေရာတွေလည်း အများ ကြီးပါ။ အဲဒီအခါ လူနာတွေများလာတာနဲ့အမျှ တစ်ဖက်က လက်ရှိ လုပ်ငန်းမှာ တာဝန်ထမ်းဆောင်နေတဲ့လူတွေက တော်တော်ကို ဝန်ပိပါ တယ်။ အလုပ်များပါတယ်။ လက်ရှိတာဝန် ထမ်းဆောင်နေတဲ့လူတွေကို ဒီနေရာကနေ လေးစားပါတယ်၊ ချီးကျူးဂုဏ်ပြုတဲ့ အကြောင်းကို ဒီနေရာကနေ တင်ပြလိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရောဂါကာကွယ် ထိန်းချုပ်ကုသတဲ့လုပ်ငန်းစဉ်မှာ ကာကွယ်တဲ့အပိုင်းမှာ အရေးကြီးတဲ့အချက်က လူတိုင်းလူတိုင်းက ကိုဗစ် - ၁၉ တတိယလှိုင်းဖြစ်ပွားနေပြီဆိုရင် ဒီရောဂါကြီးကို ကာကွယ် ထိန်းချုပ်ချင်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာကိုယ်နဲ့လည်း ဆိုင်တယ်။ ကိုယ့်မိသားစုနဲ့လည်း ဆိုင်တယ်။ ကိုယ့်မြို့၊ ကိုယ့်တိုင်းနဲ့ ပြည်နယ်၊ ကိုယ့်နိုင်ငံနဲ့လည်း ဆိုင်တယ်။ အဲဒီတော့ ကာကွယ်ချင်တဲ့ စိတ်က လူတိုင်းမှာ ရှိကြတယ်။ နံပါတ်တစ် ကိုယ့်ကိုယ်ကိုယ် စပြီး ကာကွယ်လိုက်ကတည်းက ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်ထဲမှာပါပြီ။ ပထမဦးဆုံးအောင်မှတ် စရပြီ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ။ မိသားစုကို ကာကွယ်ပေးပါ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်တာနဲ့ ကာကွယ်ရေးလုပ်ငန်းစဉ်ထဲမှာ ပါဝင်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။
ဒီထက်ပိုပြီး ကာကွယ်ဖို့က ကိုယ့်လို မကာကွယ်နိုင်တဲ့လူတွေ၊ ကံမကောင်းအကြောင်းမလှလို့ ရောဂါဖြစ်ပွားတဲ့ လူတွေရှိမယ်။ ရောဂါ ဖြစ်ပွားတဲ့လူတွေ အရေအတွက်နည်းအောင်က ထိန်းချုပ်တဲ့ လုပ်ငန်း စဉ်တွေရှိပါတယ်။ ကိုယ်က ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်တတ် တယ်။ တစ်ဖက်က အခြားလူတွေ ဖြစ်နေတာကိုလည်း ကျွန်တော်တို့ နိုင်ငံမှာ စေတနာ့ဝန်ထမ်းရှိတဲ့ လူတွေ မရှားပါဘူး။ တစ်ဖက်သားကို ကူညီချင်တယ်။ ကိုယ့်မှာ ပိုနေရင်လည်းသူများကို လှူတယ်။ ဝေမျှစား သောက်တယ်။ ကျွန်တော်တို့လူမျိုးက အတော့်ကို စေတနာကောင်းတဲ့ လူမျိုးဖြစ်ပါတယ်။ ကိုယ်က ကာကွယ်ရေးနည်းလမ်းတွေ နားလည် တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်တတ်လို့ ရောဂါမဖြစ်ဘူး။ အဲဒီလို အနေအထားမျိုးမှာ တခြားလူတွေ ခံစားနေရတာတွေကို လည်း တတ်နိုင်သမျှ လျော့ပါးစေဖို့ ရောဂါထိန်းချုပ်တဲ့အပိုင်းမှာ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။
နောက်တစ်ခုက ကိုယ်က ဆေးပညာ၊ လူနာပြုစုမှု ပညာတွေ တတ်ကျွမ်းတယ်ဆိုရင် တစ်ဖက်က ကိုယ့်လုပ်ဖော်ကိုင်ဖက် ညီအစ်ကို မောင်နှမတွေက ဆေးရုံတွေမှာ လူနာတွေများလို့ မနိုင်ဝန်ထမ်းနေရတဲ့ အချိန်မှာ ကိုယ်ကလည်း တစ်တပ်တစ်အား ကိုယ်တတ်ထားတဲ့ ဆေးပညာနဲ့ ဝင်ရောက်ကူညီမယ်ဆိုရင် ကာကွယ်တဲ့ လုပ်ငန်းရော၊ ထိန်းချုပ်တဲ့ လုပ်ငန်းရော၊ ကုသတဲ့လုပ်ငန်းပါ အချိန်တိုအတွင်းမှာ အောင်မြင်မှာ ဖြစ်ပါတယ်။
အဲဒီအခါကျတော့ ကျွန်တော်တို့အနေနဲ့ ပြည်သူတွေ ကိုယ့်ကိုယ် ကိုယ်စပြီး ကာကွယ်ကြတယ်ဆိုကတည်းကိုက အောင်မှတ်အပြည့်ပေး လိုက်ပါပြီ။ ခုနပြောတဲ့ ထပ်ပြီးဂုဏ်ထူးအမှတ်ရဖို့ ဆိုတာက အခြားလူ တွေကို ကူညီဖို့လိုပါတယ်။ အဲဒီလိုနေရာမှာ အခြားလူတွေကို ကူညီပေး ပါ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတာ ရှိပါ တယ်။ မည်သူမဆို စေတနာ့ဝန်ထမ်းတွေ ကူညီကြပါ။ ကျွန်တော်တို့မှာ ဝန်ထမ်းနည်းတဲ့ အပိုင်းတွေရှိပါတယ်။ စေတနာ့ဝန်ထမ်းတွေအနေနဲ့ ကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ လိုပါတယ်၊ နောက် တစ်ခုက အင်ဂျင်နီယာတွေလိုပါတယ်။ အခုလို Oxygen Plant တွေ ထုတ်လုပ်ရတယ်။ အောက်ဆီဂျင်တွေ ထိန်းသိမ်းရတယ်။ Oxygen Plant အတွက် အဆောက်အအုံတွေ ဆောက်ရတယ်။ စက်ပိုင်းဆိုင်ရာ၊ အဆောက်အအုံပိုင်းဆိုင်ရာ၊ လျှပ်စစ်ပိုင်းဆိုင်ရာ တတ်ကျွမ်းတဲ့ အင်ဂျင် နီယာတွေလည်း အများကြီး လိုပါတယ်။ နောက်တစ်ခုက သတင်းအချက် အလက်စီမံခန့်ခွဲတဲ့ Covid-19 Database တွေ ဆောင်ရွက်ပေးနိုင်မယ့် IT ပညာရှင်တွေ လိုပါတယ်။
နောက်တစ်ခုက လူနာတွေလွှဲပြောင်းတဲ့လုပ်ငန်းပါ။ လူနာတင် ယာဉ်တွေနဲ့ စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းကူညီခဲ့တာ၊ လူမှုရေးအသင်း တွေ ကူညီခဲ့တာ ဒီနေရာတွေမှာလည်း လိုပါတယ်။ နောက်တစ်ခုက အင်မတန်အရေးပါတဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းတွေမှာလည်း ကာကွယ်ဆေးထိုး သတင်းအချက်အလက်စနစ်မှာ မှတ်တမ်းရေးသွင်း တာ၊ ကွန်ပျူတာနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ Data Assistants တွေ လိုပါတယ်။ ဘယ်လုပ်ငန်းမှာပဲဖြစ်ဖြစ် ကူညီနိုင်တဲ့လူပေါ့နော်၊ ကိုယ်တိုင် ကလည်း မက်စ်တပ်ထားမယ်။ အခြားလူကိုလည်း ကိုယ့်မှာရှိတဲ့ မက်စ်ကို ဝေလိုက်မယ်ဆိုရင် တစ်ဖက်လူက ရသွားမယ်။ အဲဒီလူက စေတနာ့ဝန်ထမ်း ကူညီတဲ့လူဖြစ်ပါတယ်။ ကိုယ့်နေရာနဲ့ကိုယ် စေတနာ့ ဝန်ထမ်းလုပ်နေပေမယ့် ဒီ System ထဲမှာ စနစ်တကျ ကာကွယ် ထိန်းချုပ်ကုသမှုပေးနေတဲ့ လုပ်ငန်းစဉ်မှာ တစ်တပ်တစ်အား၊ တစ်ထောင့် တစ်နေရာက ပါဝင်လိုက်ရင် အင်္ဂလိပ်စကားပုံ တစ်ခု ရှိပါတယ်။ ၁+၁= ၅ ဖြစ်သွားပါတယ်။ တစ်နည်းအားဖြင့် အချိန်ကိုက်စနစ်တကျ ပူးပေါင်း ဆောင်ရွက်ခြင်းက အရေးကြီးပါတယ်။ ဒီလိုမျိုးစနစ်ထဲမှာ ဝင်ပြီးတော့ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ဒီရောဂါကြီးကို အမြန်ဆုံး ထိထိ ရောက်ရောက် ထိန်းချုပ်နိုင်မယ့်၊ ကုသပေးနိုင်မယ့် အင်အားတွေ ကျွန်တော်တို့ ကောင်းကောင်းရရှိမှာ ဖြစ်ပါတယ်။
အဲဒီအပြင် ကျွမ်းကျင်ပညာရှင်တွေလည်း ရှိပါတယ်။ စေတနာ့ ဝန်ထမ်းဆိုတာကလည်း ရေရှည်လုပ်ဖို့ ခဲယဉ်းပါတယ်။ တချို့က ပြောကြမယ် ကျွန်တော်တို့က ကန်ထရိုက်စနစ်နဲ့ အချိန်တိုပဲ လုပ်နိုင် မယ်။ အချိန်ပြည့်တော့ မလုပ်နိုင်သေးဘူးဆိုရင်လည်း အချိန်တိုကာလ မှာလုပ်နိုင်မယ့် ကန်ထရိုက်အနေနဲ့ ဒါတွေကိုလည်း ကုသရေးဦးစီး ဌာနအနေနဲ့ ခေါ်နေတာတွေရှိပါတယ်။ နောက်ပိုင်းမှာ စိတ်ပါဝင်စားလို့ နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက်ထမ်းဆောင်မယ်ဆိုရင်လည်း လမ်းကြောင်းတွေ ဖွင့်ပေးထားပါတယ်။ နောက်တစ်ခုက ကိုဗစ်စင်တာ တွေမှာ ထမ်းဆောင်မယ်ဆိုရင်လည်း ကိုဗစ်စင်တာနဲ့ ပတ်သက်တဲ့ စားရိတ်စားခတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို အပိုထောက်ပံ့ပေးတာ မျိုးတွေကို ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒါမျိုးတွေကိုလည်း ကျွန်တော် တို့က ဖိတ်ခေါ်ပါတယ်။ ဆရာဝန်တွေရော၊ သူနာပြုတွေရော ဖြစ်ပါ တယ်။ ကိုယ်လုပ်ချင်တဲ့အပေါ်မှာ မူတည်ပြီး စေတနာ့ဝန်ထမ်းဖြစ်ဖြစ်၊ ကန်ထရိုက်စနစ် ဖြစ်ဖြစ် အားလုံးပူးပေါင်းပါဝင်ရင် Synchronized Coordination ကိုရမယ်၊ ဟိုနေရာတစ်စ၊ ဒီနေရာတစ်စ ပြန့်ကျဲနေတာ မျိုး Piecemeal မဟုတ်တော့ဘဲ စနစ်ထဲမှာ အားလုံးပူးပေါင်းပြီး အလွန် အင်အားရှိတာကို ရလာမှာဖြစ်ပါတယ်။ လုပ်ငန်းတွေကို အောင်အောင် မြင်မြင် ထိထိရောက်ရောက်ဆောင်ရွက်နိုင်လာမှာ ဖြစ်ပါတယ်။
အစီအစဉ်မှူး ။ ။ ဆရာ့အနေနဲ့ ဖြည့်စွက်ပြောကြားချင်တာရှိရင် လည်း ပြောပြပေးပါ။
ဒေါက်တာသန်းနိုင်စိုး ။ ။ ကာကွယ်တဲ့အပိုင်း၊ ထိန်းချုပ်တဲ့အပိုင်း၊ ကုသတဲ့ အပိုင်းတွေမှာ တစ်ဦး တစ်ယောက်ချင်းစီက ပါဝင်ဖို့လိုပါတယ်။ အိမ်တိုင်း အိမ်တိုင်း၊ လူတိုင်း လူတိုင်း၊ မိသားစုတိုင်း ပါဝင်ဖို့ လိုပါတယ်။ ဒီရောဂါကူးစက်မှုရဲ့အခြေခံက တစ်ဦးနဲ့ တစ်ဦး ထိတွေ့ကူးလူးဆက်ဆံမှုက ကူးစက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ တတ်နိုင်သရွေ့ အိမ်မှာပဲနေပေးပါ။ အကြောင်း ကိစ္စမရှိဘဲ အပြင်မထွက်ပါနဲ့။ အပြင်ထွက်ရရင်လည်း မက်စ်ကို မဖြစ် မနေ တပ်ထားပါ။ လက်ကို ခဏခဏဆေးပါ။ အခြားလူတွေနဲ့ ခပ်ခွာခွာ ၆ ပေအကွာနေပါ။ မဖြစ်မနေသွားရ၊ လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ် ရရင်လည်း ကိုယ့်အချင်းချင်း အသိပေးပါ။ သတိပေးပါ။ လေဝင် လေထွက် မကောင်းတဲ့နေရာတွေကို ရှောင်ကြဉ်ပြီး လေဝင်လေထွက် ကောင်းတဲ့နေရာ ပြတင်းပေါက်ဆိုရင်လည်း တစ်ဖက်တည်း ဖွင့်ထား တာနဲ့စာရင် မျက်နှာချင်းဆိုင် နှစ်ဖက်ဖွင့်ထားရင် လေကဖြတ်တိုက် သွားရင် Cross ventilation ရရှိပြီး ပိုပြီးတော့ ရောဂါကာကွယ်ရေးအတွက် ကောင်းပါတယ်။ ဒါတွေကို ကျွန်တော်တို့ အားလုံးက လိုက်နာပေးကြ ပါလို့ ပန်ကြားအပ်ပါတယ်။
ဒီလိုလိုက်နာမှုအားကောင်းရင် ရောဂါဖြစ်ပွားမှုတွေ နည်းမယ်၊ ရောဂါကုသရေးအပိုင်းမှာလည်း လူနည်းနည်းကိုကုတဲ့အခါ အရည် အသွေးပြည့်ပြည့်ဝဝနဲ့ကုနိုင်ရင် သေဆုံးမှုတွေလည်း လျော့ကျမယ်။ လူနာတွေ တန်းစီနေရတာတွေလည်း လျော့မယ်။ ထိန်းချုပ်ရေး လုပ်ငန်းတွေ ကောင်းရင်ကောင်းသလို ဖြစ်ပွားတဲ့နေရာတွေလည်း တစ်နေ့တခြား နည်းသထက် နည်းလာမယ်။ ဒါဆိုရင် တတိယလှိုင်းကို အထိအခိုက်အနည်းဆုံးနဲ့ ကျွန်တော်တို့ ဖြတ်ကျော်နိုင်မှာ ဖြစ်ပါတယ်။
အစီအစဉ်မှူး ။ ။ ဟုတ်ကဲ့ပါ။ အခုလို ပြည်သူတွေ သိရှိလိုသမျှ မေးမြန်းချက်တွေကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။