ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်


 

ထက်လျှံ

 

မြန်မာ့အသံနှင့်   ရုပ်မြင်သံကြားမှ  ဇူလိုင် ၁၃ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း   သိကောင်းစရာအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး    ။    ။    ယခုလက်ရှိ နိုင်ငံတစ်ဝန်း  ကိုဗစ် - ၁၉ 
            တတိယလှိုင်း ဖြစ်ပွားနေတာနဲ့  ပတ်သက် ပြီး ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာန၊  ပြည်သူ့ကျန်းမာရေးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးဒေါက်တာ သန်းနိုင်စိုးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့မှာ ကိုဗစ် - ၁၉  တတိယလှိုင်း ဖြစ်ပွားနေတာနဲ့ ပတ်သက် ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ကာကွယ်ရေး အပိုင်းနဲ့ပတ်သက်ပြီး  ဆောင်ရွက်ထားရှိမှုအခြေအနေနဲ့ အောက်ဆီဂျင် နဲ့ပတ်သက်ပြီး       ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ပြည်သူတွေအတွက်    ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးရရှိနိုင်မှု အခြေအနေတွေကို သိချင် ပါတယ်။
ဒေါက်တာသန်းနိုင်စိုး    ။    ။    ဒီအချိန်မှာ   တတိယလှိုင်းရဲ့   မြင့်မားတဲ့ 
            အပိုင်းကို ရင်ဆိုင်နေရတဲ့  ကာလဖြစ်တဲ့ အတွက်ကြောင့် ပြည်သူတွေအနေနဲ့  သိရှိလိုတဲ့၊ စိတ်ဝင်စားတဲ့ မေးခွန်း တွေဖြစ်မှာ သေချာပါတယ်။
နံပါတ် (၁) ဖြစ်တဲ့ ကာကွယ်ရေးအပိုင်းနဲ့ပတ်သက်ပြီး   ကျွန်တော် တို့ အမြဲတမ်းပြောပါတယ်။ ကျွန်တော်တို့ဌာနခွဲဆိုရင် ပိုစတာပေါင်း မြောက်မြားစွာကို    ပထမလှိုင်းမတိုင်ခင်ကတည်းက ထုတ်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာလည်း   ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲက   ထုတ်တဲ့  ပိုစတာတွေကို   ကော်ပီပြန်လုပ်ပြီး    နေရာအနှံ့မှာရှိတာကို  တွေ့နိုင်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ သုံးတဲ့ဆောင်ပုဒ်က  “မိမိကစ၍ ကာကွယ်ပါ” ဖြစ်ပါတယ်။
“မိမိကစ၍ ကာကွယ်ပါ” ဆိုတာ ကာကွယ်ရေးအတွက် အင်မတန် မှ အရေးပါတဲ့  သတင်းစကားဖြစ်ပါတယ်။   ဘာကြောင့်လဲဆိုတော့ ကိုဗစ် - ၁၉ ရဲ့ ကူးစက်မှုတွေက  လူတစ်ဦးနဲ့တစ်ဦး   ထိတွေ့ရာကနေ တစ်ဆင့်  ဆက်တိုက်၊  ဆက်တိုက် ကူးစက်သွားတဲ့ သဘောရှိပါတယ်။ ဒီဗိုင်းရပ်စ်ပိုးက   မြေထဲကနေ ထွက်ပေါ်လာတာ မဟုတ်ဘူး၊   လေထဲ ကနေ  ကျလာတာမဟုတ်ဘူး၊ လူအချင်းချင်း  ထိတွေ့ဆက်ဆံကူးလူး တာကနေတစ်ဆင့် ကူးစက်တာပါ။
ဒီလိုကူးစက်တဲ့နေရာမှာလည်း   စိတ်ဝင်စားစရာကောင်းတဲ့အချက် က ကူးစက်ခံရတဲ့သူက ရောဂါပိုးရှိတဲ့သူရဲ့   နှာခေါင်း၊ ပါးစပ်ကနေ ထွက်လာပြီး တစ်ဖက်လူရဲ့ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးထဲကို တိုက်ရိုက် သို့မဟုတ်    လက်ကနေတစ်ဆင့်   ထိတွေ့ပြီး   ဝင်ရောက်နိုင်ပါတယ်။ နောက်ပိုင်းမှာ ပိုပြီး သိရှိလာတာက အခုနောက်ပိုင်း မျိုးဗီဇပြောင်းလဲ လာတဲ့     ဗိုင်းရပ်စ်တွေက    အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် တိုက်ရိုက်ဝင်ရောက်တာ ပိုများတာကို တွေ့ရပါတယ်။
အဲဒီအချိန်မှာ ကျွန်တော်တို့သည်   အစပိုင်းတုန်းက ကာကွယ်ရေး နည်းလမ်းတွေ အများကြီးပြောခဲ့ကြပေမယ့်    နောက်ပိုင်းမှာ Mask တပ်ဖို့၊  လက်ဆေးဖို့၊ တစ်ယောက်နဲ့ တစ်ယောက် (၆) ပေ အကွာ ခပ်ခွာခွာနေဖို့   ဒါတွေက အဓိကကျတဲ့ ကာကွယ်ရေးနည်းလမ်းတွေ ဖြစ်ပါတယ်။  ဒါတွေကို  လူတိုင်းလူတိုင်းက  ကျင့်သုံးမယ်ဆိုရင် ဒီရောဂါ ဆိုးကနေ ကျွန်တော်တို့ ကင်းဝေးမှာ ဖြစ်ပါတယ်။
ဒါပေမယ့်    လူမှုအသိုက်အဝန်းမှာ  တစ်ဦးနဲ့တစ်ဦးက  ဆက်စပ် ထိတွေ့ရတဲ့   သဘာဝရှိတဲ့အခါကျတော့     ကျွန်တော်တို့က ဒီကာကွယ် ရေးနည်းလမ်းတွေကို    အမြဲတမ်းမလိုက်နာနိုင်ဘူး။ တစ်နည်းအားဖြင့်  ဒါကို New Normal လို့ ကျွန်တော်တို့က တင်စားပြီး ပြောတာပါ။  New Normal က New လည်းဖြစ်တယ်၊ Normal လိုလည်း  နေရမယ်ဆိုတော့ ဒါကို   အမြဲတမ်းမကျင့်သုံးနိုင်တဲ့အခါ   ခုနကလို    ထိတွေ့ဆက်စပ်မှု တွေကနေတစ်ဆင့်    ရောဂါပိုးကူးစက်မှုတွေက  တစ်ဦးနဲ့တစ်ဦး ပျံ့နှံ့ သွားတာ ဖြစ်ပါတယ်။
ပြီးတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် ကူးစက်မှုအချိန် ကြာလာ တာနဲ့အမျှ ကူးစက်တဲ့   ဦးရေများလာတာနဲ့အမျှ ဗိုင်းရပ်စ်ရဲ့ မူလပုံစံ ကနေ ပွားများလာပြီး မျိုးပြောင်းတာမျိုးဖြစ်တတ်ပါတယ်။ ဒါတွေကနေ တစ်ဆင့် ဒီကူးစက်မှုတွေက လှိုင်းအသွင်နဲ့  တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေ ခြင်းဖြစ်ပါတယ်။
ဒီလိုမဖြစ်အောင်  ကာကွယ်ရမယ့်၊ ကာကွယ်ရေးနည်းလမ်းတွေကို လူတိုင်း၊   လူတိုင်း လိုက်နာဖို့လိုတယ်။ အထိရောက်ဆုံးနည်းလမ်းက Mask တပ်ခြင်းဖြစ်ပါတယ်။  ဒါကို ကျွန်တော်တို့ ကျင့်သုံးဖို့လိုတယ်။ ဒီထက်ပိုပြီး ထိရောက်တဲ့နည်းလမ်းက မိမိအိမ်မှာ  နေထိုင်ခြင်းဖြစ် ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ မိမိအိမ်မှာပဲ နေထိုင်ရမယ့် အစီအစဉ်မှာပါဝင်တဲ့  မြို့တွေ၊   မိမိအိမ်မှာပဲ  နေထိုင် သင့်တဲ့သူတွေကို ထုတ်ပြန်ပေးထားပါတယ်။   ဒီကာလမှာ မဖြစ်မနေအပြင်ကိုထွက်တဲ့သူတွေကလည်း အိမ်ပြင်ကိုထွက်တာနဲ့  ကာကွယ်ရေး နည်းလမ်းတွေကို  အပြည့်အဝသတိထားပြီး    လိုက်နာဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့  ဒီလူက အိမ်ပြန်သွားလို့  မိသားစုထဲကို ရောက် သွားမယ်။ အဲဒီကနေပြီး သူနဲ့ပတ်သက်တဲ့ အသိုင်းအဝိုင်းထဲကို ရောက် သွားမယ်။ အဲဒီကတစ်ဆင့် ပိုးကကူးစက်သွားနိုင်ပါတယ်။ 
ဒီတော့ တစ်မိသားစုနဲ့ တစ်မိသားစု တတ်နိုင်သမျှ ကိုယ့်အိမ်ထဲမှာ ကိုယ်  နေလိုက်တဲ့အခါကျရင် ထိတွေ့မှု နည်းသွားမယ်။ ထိတွေ့မှုနည်း ရင် ကူးစက်မှုနည်းမယ်။ ဒါဆိုရင် ရောဂါ မြန်မြန်ဦးကျိုးပြီး အမြစ်ပြတ် မယ်။ ဒါကြောင့် ကာကွယ်ရေးနည်းလမ်းထဲမှာ အထိရောက်ဆုံးနည်းလမ်း က မိမိအိမ်မှာ နေထိုင်ခြင်းဖြစ်ပါတယ်။ မဖြစ်မနေအိမ်အပြင်ထွက်တဲ့အခါ ကျရင်လည်း မဖြစ်မနေ Mask ကို တပ်ပါ။ အခြား အများသုံးပစ္စည်းတွေနဲ့ ထိတွေ့ပြီးရင် လက်ကို စက္ကန့် (၂၀) ကြာအောင် ဆေးပါ။ အခြားလူတွေနဲ့ ခပ်ခွာခွာနေပါ။ မျိုးဗီဇပြောင်းတဲ့  ဗိုင်းရပ်စ်ပိုးတွေက ကူးစက်မြန်တဲ့ အတွက်ကြောင့် လေဝင်လေထွက်မကောင်းတဲ့  လေလုံတဲ့အခန်းတွေကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ ဒီအခြေခံအချက်တွေကို   လိုက်နာဖို့ လိုပါ တယ်။
ဒီအခြေခံအချက်တွေကိုလိုက်နာရင်   ကာကွယ်ဆေး ရုတ်တရက် မရရှိသေးတဲ့အနေအထားမှာတောင်     ကာကွယ်ဆေးထိုးသကဲ့သို့ ထိရောက်တယ်ဆိုတာကို  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သုတေသန ကျွမ်းကျင်ပညာရှင်တွေက တရားဝင်ပြောကြားထားပါတယ်။ ကာကွယ် ဆေးထိုးနှံတာက အကောင်းဆုံးဖြစ်ပြီး   ကာကွယ်ဆေးမထိုးနှံရသေး တဲ့ကာလမှာ ဒီနည်းလမ်းတွေကို  လိုက်နာတာက အကောင်းဆုံးဖြစ်ပါ တယ်။
မိမိအနေနဲ့  ကာကွယ်ဆေးထိုးနှံပြီးရင်တောင် ကိုယ့်အိမ်သားတွေက အပြည့်အဝကာကွယ် ဆေးမထိုးနှံရသေးဘူးဆိုရင်   ကာကွယ်ဆေးက ရောဂါပြင်းထန်စွာခံစားရမှုကနေ   မိမိကို   ကာကွယ်ပေးနိုင်ပေမယ့်၊ မိမိကိုယ်မှာ    ပိုးက   ခဏတွေ့နိုင်ပြီး   တခြားသူတွေကို   ကူးစက်နိုင်တဲ့ အခွင့်အလမ်း အနည်းအကျဉ်းရှိပါသေးတယ်။   ဒါကြောင့် ကာကွယ် ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းတွေကို  လိုက်နာပေး ဖို့ လိုအပ်ပါတယ်။  အဓိကအနေနဲ့ကတော့   မိမိအိမ်မှာ  နေကြပါ။ မလိုအပ်ဘဲ အပြင်ကို လုံးဝမထွက်ပါနဲ့လို့ ကျွန်တော့်အနေနဲ့ အကြံပြု ပန်ကြားအပ်ပါတယ်။
ဒုတိယအချက်ဖြစ်တဲ့  ကာကွယ်ဆေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးပြီးတဲ့  လူပေါင်း ၁ ဒသမ ၈ သန်းခန့်  ရှိပါတယ်။ ကာကွယ်ဆေး နှစ်ကြိမ်ထိုးတဲ့သူ ရှိတယ်။ တစ်ကြိမ်ထဲ ထိုးထားတဲ့သူ ရှိတယ်။ နှစ်ကြိမ်ပြည့်ဖို့အတွက် ကာကွယ်ဆေး တစ်ကြိမ်သာ ထိုးထား တဲ့သူက ၃ သိန်း လောက်ရှိပါတယ်။ ဒါတွေအားလုံးပေါင်းလိုက်ရင် ဆေးထိုးပြီးသူ ၁ ဒသမ ၈ သန်းခန့် ရှိပါတယ်။    နောက်ထပ်လည်း ကျွန်တော်တို့မှာရှိတဲ့  ကာကွယ်ဆေး လက်ကျန်တွေနဲ့ ထပ်ထိုးပေးလျက် ရှိပါတယ်။ သတင်းကောင်းအနေနဲ့ နိုင်ငံတော်အကြီးအကဲ  ပြောကြား ချက်ထဲမှာလည်း  ပါပါတယ်။  မကြာမီ တရုတ်ပြည်သူ့သမ္မတနိုင်ငံကနေ လှူဒါန်းထားတဲ့  ကာကွယ်ဆေးနှစ်သန်းရောက်ပါမယ်။ သိပ်မကြာခင် ဒီလထဲကိုပဲ ကာကွယ်ဆေးတစ်သန်း ရောက်ပါမယ်။
နောက်ထပ်လည်း ကျွန်တော်တို့ ဝယ်ထားတာ   ကာကွယ်ဆေး ၄ သန်းရှိပါတယ်။  ရှေ့လလောက်မှာ   ရောက်မယ်။  အားလုံးပေါင်း ကျွန်တော်တို့က   ကာကွယ်ဆေး ၆ သန်းလောက်ရရှိမှာ  ဖြစ်ပါတယ်။ ဒီလထဲမှာ စတင်ရပြီး ရှေ့တစ်လ၊ နှစ်လအတွင်းမှာ ၄ သန်း အားလုံး ၆ သန်းထပ်ရမယ်။ ဒီအပြင် နောက်ထပ်ဒီနှစ်မကုန်ခင်မှာကိုပဲ ကာကွယ် ဆေး Dose ပေါင်း သန်းဆယ်ဂဏန်းနဲ့ချီပြီး ရဖို့ရှိပါတယ်။ ဒါတွေက လည်း ရောက်ရှိလာရင် ကြေညာပြီး ဗဟိုကော်မတီရဲ့ လမ်းညွှန်မှုခံယူပြီး ဦးတည် အုပ်စုတွေကို ဦးစားပေးအစီအစဉ်အလိုက်   ထိုးနှံပေးမယ့် အကြောင်းကို ဒီနေရာက သတင်းကောင်း ပေးအပ်ပါတယ်။ 
အဲဒီတော့  ကျွန်တော်တို့ သိပ်ပြီးကြာကြာတောင့် မခံရတော့ပါဘူး။ မကြာခင်  နောက်ထပ် ၁၀ ရက် လောက်ဆိုရင်    ပထမအသုတ်    ကာကွယ်ဆေး တစ်သန်းကစပြီး ရောက်ရှိလာမယ့်   အနေအထား ရှိပါတယ်။ အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် စီစဉ် လျက်ရှိပါတယ်ဆိုတာကို   သတင်းကောင်းပေးလိုပါ တယ်။ 
နောက်တစ်ခုက အောက်ဆီဂျင်ကိစ္စပါ။ မနေ့က လည်း သတင်းစာရှင်းလင်းပွဲမှာ  တင်ပြဆွေးနွေးခဲ့ တာရှိပါတယ်။  အဓိက ကိုဗစ်ဖြစ်ရင်  အောက်ဆီဂျင် ပေးရတယ်ဆိုတာ အခြေခံကုထုံး သဘောဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့  ကိုဗစ်လူနာက အောက်ဆီဂျင်ကျတဲ့အခါ အောက်ဆီဂျင် ပေးရတယ်။ ဒါပေမယ့်လည်း အောက်ဆီဂျင်က  ဘယ်လိုလူရဲ့လက်ထဲ မှာမှ ဒီကုထုံးက  ထိရောက်သလဲဆိုရင်  ကျန်းမာရေးဝန်ထမ်းက ကြီးကြပ်ကွပ်ကဲပြီး   အောက်ဆီဂျင် Flow rate ကို ချိန်ရပါတယ်။ ဒီအောက်ဆီဂျင်က ဘယ်လောက်သန့်စင်သလဲ Purity ပေါ့။
ဒါက ဘယ်လောက်သန့်စင်သလဲ Medical Grade လား စက်မှု လုပ်ငန်းသုံးလား။  ဒီအပေါ်မှာ မူတည်ပြီး တွက်ရ၊ ချက်ရတာတွေ ရှိပါတယ်။ ကြားထဲမှာသုံးတဲ့ Filter တွေ  သန့်ရှင်းစင်ကြယ်ဖို့ကအစ အတော့်ကို စကားပြောပါတယ်။  ကျွမ်းကျင်မှုလိုအပ်တဲ့ ကိစ္စတွေပေါ့ နော်။ ဒါကြောင့် အောက်ဆီဂျင်ကုထုံး Oxygen Therapy လို့ တင်ပြရ ခြင်းဖြစ်ပါတယ်။ တကယ်လိုအပ်တဲ့လူအတွက်   ကျွမ်းကျင်သူတွေ ရဲ့အကူအညီအနေနဲ့ တကယ်ရှူရရင် တကယ်ကောင်းပါတယ်။
ဒါပေမယ့် မလိုအပ်ဘဲ ရှူတဲ့အခါမှာတော့လည်း  အခြားအန္တရာယ် တွေ ရှိနိုင်ပါတယ်။ သန့်သန့်ရှင်းရှင်းမဟုတ်တာတို့၊ ရှူရတာက Medical Grade  မဟုတ်တာတို့ ဘယ်လိုပဲဖြစ်ဖြစ် ဘေးထွက်ဆိုးကျိုးတွေရှိနိုင် တဲ့အပြင်    မီးဘေးကိုစိုးရိမ်ရတဲ့    အန္တရာယ်တွေလည်း ရှိပါတယ်။ နောက်ပြီး အောက်ဆီဂျင် Tank ထဲမှာ High Pressure နဲ့ ထည့်ထား တဲ့အခါ မလိုလားအပ်ဘဲ    ပွင့်ထွက်တဲ့ကိစ္စတွေ၊     ဒါတွေကလည်း အမျိုးမျိုးရှိပါတယ်။   တကယ်မလိုအပ်ဘဲ    ကြိုပြီးလှောင်ထားတာ မျိုးတွေကလည်း မလိုလားအပ်ဘဲ    ဈေးကွက်ထဲမှာ ဝယ်လိုအားတွေ တအားများနေပါတယ်။ ထုတ်လုပ်မှုအားနည်းပြီး ဝယ်လိုအားများ မယ်ဆိုရင် ဈေးကွက်ထဲမှာ ရှားမယ်။ ဈေးတက်မယ်။ တန်းစီရတာတွေ ဖြစ်မယ်။  တကယ်တမ်းကျတော့ တကယ်လိုအပ်တဲ့လူ၊ ကျန်းမာရေး ဝန်ထမ်းက တကယ်ထောက်ခံတဲ့လူ၊ ဆရာဝန်က ထောက်ခံပေးတဲ့လူ ဒီလိုဟာမျိုးတွေကပဲ ဝယ်ယူပြီး  သုံးတဲ့အခါ ကျန်းမာရေးဝန်ထမ်းရဲ့ ကြီးကြပ်မှုနဲ့ သုံးသင့်ပါတယ်။ 
ဒီလိုဆိုရင်တော့ ဈေးကွက်ထဲမှာ မလိုလားအပ်ဘဲ အတင်းဝယ်ယူ နေတဲ့ကိစ္စတွေ လျော့သွားပြီး   တကယ်လိုတဲ့လူတွေဆီကို ရောက်မှာ ဖြစ်ပါတယ်။   ခုနပြောတဲ့  ထုတ်လုပ်တင်သွင်းမှုအပိုင်းဆိုရင်လည်း တစ်နိုင်ငံလုံးမှာရှိတဲ့   အောက်ဆီဂျင်ထုတ်လုပ်နိုင်တဲ့  နေရာတွေကနေ စွမ်းအားပြည့် ထုတ်လုပ်ပြီး ဗဟိုကော်မတီရဲ့လမ်းညွှန်မှုနဲ့ ဆောင်ရွက် ပြီး စက်တွေ တော်တော်များများကလည်း ရာနှုန်းပြည့် လည်ပတ်နိုင်ပြီ ဖြစ်ပါတယ်။ အဲဒီတော့ စပြီးတော့ ပြည်တွင်းထုတ်လုပ်မှု တက်လာတာ နဲ့အမျှ တကယ်လိုတဲ့လူတွေဆီကို ရောက်မယ်။  ဆေးရုံတက်နေရတဲ့ လူကတော့ ဆရာဝန်က  ဆုံးဖြတ်ပြီး   ဒီလူက   အောက်ဆီဂျင်ပေးမှ ဖြစ်မယ်။ ဘယ်လောက် Flow rate နဲ့ ပေးရမယ်ဆိုရင် တကယ်လိုအပ်တဲ့ လူတွေက တကယ်ရမှာဖြစ်ပြီး ဈေးကွက်ထဲမှာ ဝယ်လိုအား ဂဏန်းတွေ လျော့သွားမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ အမှန်တကယ်လိုအပ်နေသူတွေ အတွက် ဆေးရုံတွေကို  တိုက်ရိုက်သွားမယ့် Supply လမ်းကြောင်းတွေ ဒါတွေကိုလည်း ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိပါတယ်။
နောက်တစ်ခုက     မကြာခင်မှာပဲ   အောက်ဆီဂျင်ဆလင်ဒါတွေ နယ်စပ်လမ်းကြောင်းကနေ တင်သွင်းနေတာရှိပါတယ်။ တချို့လည်း ရောက်နေပါပြီ။ နောက်တစ်ခုက Liquid Oxygen တွေကို  တရုတ် ပြည်နယ်စပ်က   တင်သွင်းမယ့်လမ်းကြောင်း     ရှိပါတယ်။    မြဝတီ လမ်းကြောင်းက တင်သွင်းမှာတွေကလည်း  ဒီတစ်ပတ်ထဲမှာကို ရောက် မှာရှိပါတယ်။   တချို့ဆလင်ဒါတွေကိုဆိုရင်   လေယာဉ်နဲ့ တင်သွင်း မယ့်အစီအစဉ်တွေကို ချမှတ်ထားပါတယ်။
ဒါတွေကလည်း နယ်စပ်ဖြတ်ကျော်ပြီး မကြာခင်မှာ  လိုအပ်ချက် တွေကို ပြည့်မီသွားမယ့် အနေအထားကို  ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် မကြာခင်မှာ တကယ်လိုအပ်တဲ့သူတွေ  တကယ်ရဖို့ အတွက်   တကယ်ပြည့်စုံတဲ့အနေအထားရဖို့အတွက်  ဝန်ကြီးဌာန အနေနဲ့     နိုင်ငံတော်ရဲ့   ပံ့ပိုးမှု၊    ဆက်စပ်နှီးနွှယ်ဝန်ကြီးဌာနတွေနဲ့  အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးမှု၊ အလှူရှင်တွေရဲ့ ပံ့ပိုးမှု တွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့အတွက် အောက်ဆီဂျင်ကိစ္စက လည်း    ပြေလည်လာစရာ   လမ်းကြောင်းရှိတဲ့အကြောင်း    သတင်း  ကောင်း ပါးလိုပါတယ်။ 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှာ ကျန်းမာရေးအပိုင်းဆိုရင် ပြည်သူတွေရဲ့  ကျန်းမာရေးကို  ဝန်ဆောင်မှုပေးရတာဖြစ်တဲ့အတွက် တတ်နိုင်သမျှ အကောင်းဆုံး အရည်အသွေး အပြည့်ဝဆုံး ဝန်ဆောင်မှုကို ပေးချင်ပါတယ်။   ဒီဘက်က   ကျန်းမာရေးပညာရှင်တွေအနေနဲ့လည်း ဒါကိုရဖို့  မိမိတို့ အင်အားရှိသရွေ့ အစွမ်းကုန်ဆောင်ရွက်နေပြီ ဖြစ်ပါ တယ်။ 
အဓိကပြန်ပြီးတင်ပြရရင်    ကိုဗစ်ရောဂါလက္ခဏာတွေရှိတယ်။ အထင်ရှားဆုံးက  အနံ့ပျောက်သွားမယ်။ နောက်ပြီး အများနဲ့ ဆက်စပ် တဲ့ နေရာတွေသွားလာခဲ့မယ်။  ရုတ်တရက် ဖျားမယ်။  ချောင်းဆိုးမယ်။ အသက်ရှူရခက်ခဲမယ်။ ဒီထက်ပိုပြီး သိသာတာက အောက်ဆီဂျင်ကျ သွားမယ်။ ဒါမျိုးတွေဖြစ်လာရင် ဘယ်သွားရမယ်ဆိုတဲ့ လမ်းကြောင်း လည်းရှိပါတယ်။ 
ကိုယ့်ကိုယ်ကိုယ် ဖြစ်တယ်လို့ သံသယရှိလာရင် ဘယ်ကိုမှမသွားခင် တတ်နိုင်သမျှ      သူများတွေနဲ့      အထိအတွေ့နည်းဖို့    လိုပါတယ်။ အကောင်းဆုံးအကြံပေးချင်တာက အရင်ဆုံးကိုယ့်ကိုယ်ကိုယ် သံသယ ရှိပြီဆိုတာနဲ့ မက်စ်ကို အရင်ဆုံးတပ်ပါ။ ဖြစ်နိုင်ရင် လက်အိတ်စွပ်ထားပါ။ ကိုယ်နဲ့ဆက်စပ်တဲ့  မိသားစုတွေက  ကာကွယ်ဆေးထိုးထားသူတွေ ဆိုရင်တော့ ပိုကောင်းပါတယ်။     ကာကွယ်ဆေးထိုးပြီးသူ    မဟုတ်ရင် လည်း လူငယ်လူရွယ်ထဲက အကူအညီတောင်းပါ။ အဓိက ကိုယ့်ကိုယ် ကိုယ် ထင်ပြီဆိုတာနဲ့ အိမ်မှာရှိတဲ့ အသက် ၆၀ ကျော်  အသက်အရွယ် ကြီးရင့်တဲ့  လူတွေ၊    ပြီးတော့  ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါရှိတဲ့ လူတွေအနားကို   လုံးဝမသွားမိဖို့  လိုပါတယ်။ သူတို့က ဒီရောဂါကို ခံစားရရင် အသက်အန္တရာယ်ရှိတဲ့အတွက် ဖြစ်ပါတယ်။ 
ဒါကြောင့် နံပါတ်တစ်က မက်စ်တပ်ပါ။ ကျန်တဲ့လူတွေနဲ့ ထိတွေ့မှု အနည်းဆုံးနေပါ။ ဆေးရုံ ဆေးခန်းသွားဖို့ ပြုစုဖို့  အကူအညီတောင်းရင် လည်း      မိသားစုထဲက     အသက်ငယ်ပြီး     ရောဂါအခံမရှိတဲ့လူကို အကူအညီတောင်းပါ။ ဒါပြီးရင် ကျွန်တော်တို့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ  ကျေးလက်ဆိုရင် လည်း ကျေးလက်ကျန်းမာရေးဌာနခွဲ ရှိတယ်။ ကျေးလက်ကျန်းမာရေး ဌာန၊   တိုက်နယ်ဆေးရုံ   ဒီလိုသွားပါတယ်။  မြို့ပေါ်မှာဆိုရင်လည်း ဒေသန္တရကျန်းမာရေးဌာန ရှိတယ်။ မြို့နယ်ကျန်းမာရေးဦးစီးမှူးဌာနရုံးတွေရှိတယ်။ အဲဒါတွေကနေ တိုင်းကျန်းမာရေးဦးစီးဌာန၊ ဆေးရုံတွေ၊ ဗဟိုအဆင့်ဆေးရုံကြီးတွေ ရှိတယ်။   တချို့မြို့နယ်တွေ   ဆိုရင်လည်း မြို့နယ်ဆေးရုံတွေရှိတယ်။ မိမိအပိုင် ဒေသန္တရ သို့မဟုတ် မြို့နယ် ကျန်းမာရေးဦးစီးမှူးဌာနကို   ဆက်သွယ်ဖို့   အကြံပြုလိုပါတယ်။
အထူးသဖြင့်    လတ်တလောမှာ   ရန်ကုန်မြို့က  ကူးစက်မှုလည်း များတယ်။ လူနာတွေအနေနဲ့ ဘယ်ကိုသွားရမယ်ဆိုတဲ့ အချက်အလက် ကိုလည်း  သိချင်နေတဲ့ အချိန်ကာလလည်းဖြစ်တယ်။ အဲဒီအခါကျတော့ ဆရာဝန်ရဲ့ ထောက်ခံချက်နဲ့ ကိုဗစ် - ၁၉ Swab စစ်ဆေးပေးတဲ့ မြို့နယ်တွေ   ရှိနေပါပြီ။  အရှေ့ပိုင်းခရိုင်မှာဆိုရင်  မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံ မြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ သာကေတ၊ သင်္ဃန်းကျွန်း၊ မင်္ဂလာတောင်ညွန့် အရှေ့ပိုင်းခရိုင်မှာ ၉ ခုရှိပါတယ်။ 
အနောက်ပိုင်းခရိုင်မှာ   ကြည့်မြင်တိုင်၊  ဗဟန်း၊ ပန်းဘဲတန်း၊ ကမာရွတ်၊ လှိုင်၊ ဒဂုံ ၆ နေရာ ဖြစ်ပါတယ်။ တောင်ပိုင်းခရိုင်မှာ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ တွံတေး၊ ခရမ်း၊ ဆိပ်ကြီးခနောင်တို၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ ၉ နေရာဖြစ်ပါတယ်။ မြောက်ပိုင်းခရိုင်မှာ မှော်ဘီ၊  တိုက်ကြီး၊ လှည်းကူး၊ မင်္ဂလာဒုံ၊ ထန်းတပင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန် ၈ နေရာဖြစ်ပါတယ်။ အားလုံးပေါင်းလိုက်ရင် ၃၂ နေရာရှိနေပြီ ဖြစ်ပါတယ်။ 
ဒီအပြင်   ရန်ကုန်မြို့လယ်  လမ်းမတော်၊ လသာ၊ ကျောက်တံတား၊ ပန်းဘဲတန်းဆိုရင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးရုံးတွေနဲ့ ဒေသန္တရ မှာ နေရာအခက်အခဲကြောင့် လူအများကြီး စစ်ဆေးဖို့ အခက်အခဲရှိရင် သူနာပြုတက္ကသိုလ်(ရန်ကုန်)မှာ သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှူးတွေရဲ့ ထောက်ခံမှုနဲ့ သွားရောက်စစ်ဆေးနိုင်ပါတယ်။ ဒါကို လည်း  ဖွင့်လှစ်ထားတာ ၂ ရက်ရှိပါပြီ။ အဲဒီလိုနေရာတွေမှာ စစ်ဆေးပြီး Negative ဖြစ်တယ်ဆိုရင် အိမ်မှာပဲပြန်ပြီး Home Quarantine လုပ်ရ မှာဖြစ်ပါတယ်။     Positive   ဖြစ်တယ်ဆိုရင်  ဆရာဝန်ကြီးတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက အမျိုးအစားခွဲပါတယ်။ ပြင်းထန်တယ် ဆိုရင် ဆေးရုံသွားသင့်တယ်။ ဘယ်ဆေးရုံသွားရမယ်ဆိုတာကို ဆေးရုံ ခုတင်တွေကို       စီမံခန့်ခွဲတဲ့ကော်မတီတွေနဲ့    ချိတ်ဆက်ပြီး   လူနာရဲ့ ပြင်းထန်မှုအပေါ်    မူတည်ပြီး နေရာချပေးတဲ့အပိုင်းတွေကို ဆောင်ရွက် ပေးလျက်ရှိပါတယ်။ 
အစီအစဉ်မှူး ။    ။    ဟုတ်ကဲ့ပါ။     အခုလို       ပြည်သူတွေသိလိုတဲ့ 
         အကြောင်းတွေကို    ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။     ။