
နေပြည်တော် စက်တင်ဘာ ၁၁
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ နှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင် များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့မြို့နယ် ပြည်သူ့ဆေးရုံသို့ အိမ်သုံးအောက်ဆီဂျင်စက် နှစ်လုံး၊ တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ ၁၀၀၊ နှာခေါင်း စည်း ၆၀၀၀၊ အလှူငွေကျပ် ငါးသိန်းကိုလည်းကောင်း၊ လေးမျက်နှာမြို့ရှိ ပြည်သူ့ဆေးရုံနှင့် အိုင်သပြု တိုက်နယ်ဆေးရုံများရှိ ကျန်းမာရေးဝန်ထမ်းများ အတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့် တာဝန်ရှိသူများက အသီးသီးသွားရောက်လှူဒါန်း ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင်လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ အောက်ဆီဂျင်ထုတ်သည့် စက်များကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးတွင် အောက်ဆီဂျင်ထုတ်သည့်စက်များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ စက်တင်ဘာ ၁၀ ရက် ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ မြို့ မြို့နယ်ပြည်သူ့ ဆေးရုံ ခုတင်-၂၀၀ ၌ ကျန်းမာရေး ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့်ပေးပို့သော အောက်ဆီဂျင် ထုတ်သည့်စက် ရောက်ရှိတပ်ဆင်နေမှုအခြေအနေ များကို ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်