
နေပြည်တော် ဇူလိုင် ၁၇
တရုတ်နိုင်ငံမှ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ကုသမှုဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် လွယ်ကူစွာတင်သွင်းနိုင်ရန် မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ကုန်သွယ်ရေးဦးစီးဌာနနှင့် ရွှေလီမြို့ ပြည်ပရေးရာဌာနတို့ တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
‘‘အခု ကိုဗစ်အခြေအနေကြောင့် တရုတ်ဘက်ကတော့ ဂိတ်ပိတ် ထားတယ်။ ဒါပေမယ့် တရုတ်နိုင်ငံဘက်က အကြောင်းကြားစာမှာ ကိုဗစ်−၁၉ နဲ့ ပတ်သက်တဲ့ ကာကွယ်ရေးနဲ့ ကုသရေးပစ္စည်းတွေ မပါဘူးဆိုတဲ့အချက်ပါပါတယ်။ ဒါကြောင့် လက်ရှိမှာ တရုတ်နိုင်ငံ ဘက်ကလည်း ထွက်ခွင့်ပေးတယ်။ ကျွန်တော်တို့ ဘက်ကလည်း ဝင်ခွင့်ပြုတယ်။ ရွှေလီမြို့ ပြည်ပရေးရာဌာနမှူးနဲ့ ဆက်သွယ် ဆောင်ရွက်ပေးနေ တာ ဖြစ်ပါတယ်။ ဒီလို တင်သွင်း နိုင်ဖို့ လျှောက်ထားတဲ့ အလှူရှင် တွေ ရှိပါတယ်” ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာန မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမောင်မောင် လွင်က ပြောသည်။
ကိုဗစ်−၁၉ ကုသရေးတွင် အသုံးပြုရန် မန္တလေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုရန်ပုံငွေ ရှာဖွေရေး ကော်မတီမှ တင်သွင်းသည့် Liquid Oxygen ၂၆ တန်ဆံ့ ကားတစ်စီး တရုတ်နိုင်ငံဘက် ကျင်စန်းကျော့ဂိတ်မှ ဇူလိုင် ၁၆ ရက်က ဝင်ရောက်မှုရှိကြောင်း အဆိုပါဇုန်မှ သိရသည်။
ထိုသို့ ကိုဗစ်−၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများ လွယ်ကူလျင်မြန်စွာ တင်သွင်းနိုင်ရန်အတွက် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင် One Stop Service(OSS) စနစ် ဖြင့် ပိတ်ရက်မရှိ ဆောင်ရွက် ပေးလျက်ရှိကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
“မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်မှာ ကျွန်တော်တို့ဌာနနဲ့ ဆက်စပ်တဲ့ ဝန်ကြီးဌာနတွေ ပူးပေါင်းပြီး OSS စနစ်နဲ့ ဆောင် ရွက်ပေးနေတာ ဖြစ်ပါတယ်။ ဌာန ဆိုင်ရာတွေအားလုံး အချိန်နဲ့ တစ်ပြေးညီ သွင်းကုန်တွေ၊ ပို့ကုန်တွေကို အဆင်ပြေလွယ်ကူ ချောမွေ့အောင် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်”ဟု မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်မှ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်လွင်က ဆိုသည်။
ကိုဗစ်−၁၉ ရောဂါ ကာကွယ် ကုသမှုဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ လွယ်ကူစွာ အခက်အခဲမရှိ တင်သွင်းနိုင်ရန် အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဆက်စပ် ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြေလျှော့ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ် ကြေညာထားသည့် ရက်များ တွင်လည်း ပုံမှန်အတိုင်း ပို့ကုန် သွင်းကုန်လုပ်ငန်းများ အဆင်ပြေ စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ကိုဗစ်−၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများ တင်သွင်းမှုကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုသွား မည်ဖြစ်ကြောင်း သိရသည်။
သန်းမင်းအောင်(သတင်းစဉ်)