ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ဧပြီ ၃၀ ရက်အထိ မြေပြင်၌ အမှန်တကယ်ရှိသည့် အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ၏ (၉၁ ဒသမ ၉) ရာခိုင်နှုန်းအထိ ကာကွယ်ဆေးလွှမ်းခြုံမှုရရှိ

 

နေပြည်တော်    မေ    ၄


ကျန်းမာရေးဝန်ကြီးဌာနသည်  အသက် ၁၈ နှစ်နှင့်အထက် လုပ်သား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍   အသက်အုပ်စုအလိုက်   အဆင့်ဆင့်ထိုးနှံပေးခဲ့သည်။ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင်  အသက်  ၁၈  နှစ်နှင့်အထက် လူဦးရေ ၃၄ သန်းကျော်ရှိသော်လည်း ပြည်ပတွင် သွားရောက်နေထိုင် သူများ၊  လုပ်ငန်းလုပ်ကိုင်သူများနှင့်   တာဝန်ထမ်းဆောင်သူဦးရေမှာ ၂ ဒသမ  ၄  သန်းကျော်  ရှိသည့်အတွက်   နိုင်ငံအတွင်း   မြေပြင်၌ အမှန်တကယ် နေထိုင်လျက်ရှိသည့် အသက် ၁၈နှစ်နှင့်အထက် လူဦးရေ  ၃၁ သန်းကျော်ကို  ကာကွယ်ဆေးထိုးနှံနိုင်ရေး  စီစဉ်ပေးခဲ့သည်။ 

 


ထိုသို့ဆောင်ရွက်ရာတွင် ဧပြီ ၃၀ ရက်အထိ အသက် ၁၈ နှစ်နှင့် အထက် လူဦးရေ ၂၉ သန်းကျော်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံပြီးဖြစ်ပါ၍ နိုင်ငံအတွင်း အမှန်တကယ် နေထိုင်သူ   အသက်  ၁၈  နှစ်နှင့်အထက်  လူဦးရေ၏ (၉၁ ဒသမ ၉) ရာခိုင်နှုန်းသည် ကာကွယ်ဆေးလွှမ်းခြုံမှု ရရှိပြီးဖြစ်သည်။ 

 


ယခုအခါ ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုကောင်းမွန်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၅ နှစ်နှင့်အထက် မိဘပြည်သူ များနှင့် အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာကျောင်းသူ/ကျောင်းသားများကို  ကိုဗစ်-၁၉  ရောဂါ  ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပေးလျက်ရှိပြီး အသက် ၄၀ နှင့်အထက် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ   ခြောက်လနှင့်အထက်ရှိသော  မိဘပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။

 


ဆက်လက်၍  ကာကွယ်ဆေးလွှမ်းခြုံမှု  ယခုထက် ပိုမိုမြင့်မားစွာ ရရှိစေရေးအတွက် အခြေခံပညာကျောင်းများ ပြန်ဖွင့်ချိန်တွင် ကျောင်း အခြေပြု ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အသက်အုပ်စုများ ထပ်မံတိုးချဲ့၍ ကျယ်ပြန့်စွာဆောင်ရွက်ခြင်း၊ ဦးတည်အုပ်စုများအတွင်း ကာကွယ်ဆေးထိုးနှံမှုကို    ကျေးလက်ဒေသအထိ    ကျယ်ပြန့်စွာ ဆောင်ရွက်ခြင်းနှင့်   ကာကွယ်ဆေးအကြိမ်ပြည့်  ထိုးနှံပြီးစီးမှုကာလ ခြောက်လနှင့်အထက်ရှိသော မိဘပြည်သူများကို အသက်အုပ်စုများ ထပ်မံတိုးချဲ့၍ ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး ခြင်း များကို ဆက်လက်တိုးချဲ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။


သတင်းစဉ်