
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဗဟိုတိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်းဌာနခွဲသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၂၇-၁-၂၀၂၁) ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ရာနှုန်းပြည့် ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်အရ ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေး လျက်ရှိရာ (၂၆-၁-၂၀၂၄) ရက်နေ့အထိ အသက် (၅) နှစ်နှင့်အထက် ရှိသော ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ လူဦးရေ (၄၃) သန်းကျော်အနက် လူဦးရေ (၃၉.၈) သန်းခန့်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ်ဆေးလွှမ်းခြုံမှု (၉၂) ရာခိုင်နှုန်းရရှိခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီး သည့် လူဦးရေမှာ (၃၆.၃) သန်းခန့် ရှိပြီဖြစ်သောကြောင့် ကာကွယ်ဆေး လွှမ်းခြုံမှု (၈၄) ရာခိုင်နှုန်း ရရှိခဲ့ပြီးဖြစ် ပါသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး အတွက် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ (၆) လပြည့်ပြီးသော အသက် (၅) နှစ်နှင့်အထက်ရှိသူများအား အသက်အရွယ်အုပ်စုများအလိုက် ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ်) များကို ထိုးနှံပေးလျက် ရှိပါသည်။
Gavi Covax Facility မှ လှူဒါန်းသည့် Pfizer Original Strain Comirnaty 30 micrograms / dose နှင့် Omicron မျိုးကွဲ များကိုပါ ကာကွယ်ပေးနိုင်သည့် Pfizer Original/ Omicron BA.4-5 Comirnaty (15/15 micrograms) /dose ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အသုံးပြု၍ နေပြည်တော်ကောင်စီ နယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် (၁-၁-၂၀၂၄) ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နောက်ဆုံးအကြိမ် ထိုးနှံပြီးစီးမှုကာလ (၆) လပြည့်ပြီးသော ကျန်းမာရေးဝန်ထမ်းများ၊ အသက် (၅၀) နှစ်အထက် နာတာရှည်ရောဂါခံစားနေရ သော ပြည်သူလူထုများ၊ အသက် (၅၀) နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက် (၆၅) နှစ်နှင့်အထက် ပြည်သူလူထုများ၊ အသက် (၁၈) နှစ်နှင့်အထက် နာတာရှည် ရောဂါရှိသူများ၊ ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများနှင့် ကိုယ်ဝန်ဆောင်မိခင် များအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိပါသည်။
ထိုသို့ ပြည်သူလူထုများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အကြိမ် ပြည့် ထိုးနှံထားခြင်း၊ ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံထားခြင်းတို့ဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ကာကွယ် နိုင်ခြင်း၊ ရောဂါဖြစ်ပွားပါက ပြင်းထန် မှုနှင့် သေဆုံးမှုတို့ကို လျှော့ချနိုင်ခြင်း၊ မျိုးကွဲသစ်များ ပေါ်ပေါက်လာသော် လည်း ကာကွယ်ဆေး ထိုးနှံထားပါက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ကာကွယ် တားဆီးနိုင်ခြင်း၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားသည့် လွှမ်းခြုံမှု (Coverage) ကောင်းမွန်ပါက ပြည်သူ လူထုအကြား ရောဂါကာကွယ်နိုင်မှု မြင့်တက်လာပြီး ကိုဗစ်-၁၉ ရောဂါ အစုလိုက် ကပ်ရောဂါအသွင်ဖြစ်ပွားမှုမှ ကာကွယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူး များ ရရှိနိုင်ပါသည်။