
နေပြည်တော် ဇူလိုင် ၂၁
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း စနစ်တကျဆောင်ရွက်နိုင်ရန် အီလက်ထရွန်နစ် မှတ်ပုံတင်ခြင်းစနစ်ဖြင့် ဆောင်ရွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၆ ရက်နှင့် ဇူလိုင် ၂၀ ရက်တို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစားပေးအုပ်စုများ သတ်မှတ်ထားပြီးဖြစ်
အစည်းအဝေးပထမနေ့တွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းကို ထိန်းချုပ် နိုင်ရန်နှင့် ကူးစက်မှုပြတ်တောက်စေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးသည့် လူဦးရေ ၁ ဒသမ ၇၅ သန်းကို အီလက်ထရွန်နစ်စနစ် သုံး Vaccine Management Information System သို့ ထည့်သွင်းထားရှိရမည်ဖြစ်ပြီး ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူများ နောက်တစ်ကြိမ် ထပ်မံမထိုးနှံရေး ဂရုစိုက်သွားရမည်ဖြစ်ကြောင်း၊ ရရှိလာမည့်ကာကွယ်ဆေးများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်း၊ ကူးစက်မှုဖြတ်တောက်ခြင်းနှင့် ရောဂါကြောင့် သေဆုံးမှုလျှော့ချခြင်းတို့အတွက် အကျိုးရှိစွာ အသုံးပြုရမည်ဖြစ်ပါကြောင်း၊ ကာကွယ်ဆေး ထိုးနှံပေးရန်အတွက် ဦးစားပေးအုပ်စု များ သတ်မှတ်ထားပြီး ဖြစ်ကြောင်း။
ဆောင်ရွက်ရန် လိုအပ်
အဆိုပါ ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ထိုးနှံနိုင်ရန်အတွက် အီလက်ထရွန်နစ်နည်းပညာကို အသုံးပြု၍ အချက်အလက် ကောက်ယူခြင်း၊ ကာကွယ်ဆေးထိုး မှတ်တမ်းကတ်ပြားထုတ်ပေးခြင်း၊ ဆေးထိုးစုရပ်တွင် mobile tablet များ အသုံးပြု၍ မှတ်တမ်းကတ်ပြားကို Scan ပြုလုပ်ခြင်း၊ ကာကွယ် ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံခြင်း များကို နည်းပညာအသုံးပြု၍ စနစ်တကျစာရင်း သွင်းခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်မှ နည်းပညာ ဆိုင်ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးမည် ဖြစ်သောကြောင့် ကျေးဇူးတင်ရှိပါကြောင်း၊ ကာကွယ် ဆေးထိုးနှံပေးရမည့် ဦးစားပေးအုပ်စုအလိုက် စနစ်တကျ စာရင်းကောက်ခံနိုင်ရန်နှင့် ကောက်ခံ ထားသည့်စာရင်းအပေါ် မူတည်၍ မြို့နယ်အသီးသီးရှိ ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း စနစ်တကျဆောင်ရွက်နိုင်ရန် အီလက် ထရွန်နစ်မှတ်ပုံတင်ခြင်းစနစ်ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရမည့်သူများ ဆေးထိုးရမည့် ရက်ချိန်းမတိုင်မီ ကြိုတင်၍ QR code ပါဝင်သော ဆေးထိုးမှတ်တမ်းကတ်ပြားများ ဆေးထိုး စုရပ်အလိုက် ကြိုတင်ဝေငှပေးသွားနိုင်ရေးနှင့် အသုံးပြုသူလွယ်ကူစေရေး၊ အချိန်ကုန်သက်သာ စေရေးတို့ကိုပါ ထည့်သွင်းစဉ်းစား ဆောင်ရွက် သွားရန် ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ အီလက်ထရွန်နစ် နည်းပညာသုံး ကာကွယ်ဆေးထိုး မှတ်တမ်းကတ်ပြားအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ညွှန်ကြားရေးမှူးချုပ် က ရှင်းလင်းတင်ပြပြီး နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းများကို ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်မန်နေဂျာတို့က ဆွေးနွေးတင်ပြ ကြသည်။ တပ်မတော်မှနည်းပညာဆိုင်ရာ တာဝန် ရှိသူများက ကူညီပံ့ပိုးပေးနိုင်မည့်လုပ်ငန်းများ၊ ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်