ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တာဝန်ရှိသူများသာမက နိုင်ငံသူ၊ နိုင်ငံသားအားလုံးပူးပေါင်းပါဝင်၍ အင်တိုက်အားတိုက်ဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ကြရန်လို

 

နေပြည်တော်   ဇူလိုင်   ၁၈


ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို     ဆောင်ရွက်ရာတွင်     အားလုံး  ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပြီး ကုသရေးလုပ်ငန်းသည် အများနှင့်ဆိုင်သည့် ကိစ္စရပ် ဖြစ်သဖြင့် ကျန်းမာရေးဝန်ထမ်းများသာမက ပြင်ပမှ  ကျွမ်းကျင်သူများအနေဖြင့်လည်း      ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကျန်းမာ  ရေးဝန်ထမ်းများသည်   အနီးကပ်ဆုံး၊  လက်တွေ့ အကျဆုံးတာဝန်ယူ    ဆောင်ရွက်နေကြရသူများ ဖြစ်သဖြင့်   လိုအပ်သည့်   ကူညီထောက်ပံ့မှုများ၊ အားပေးမှုများနှင့်  စောင့်ရှောက်မှုများ ဆောင်ရွက် ပေးကြရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ        တပ်မတော် ကာကွယ်ရေးဦးစီးချုပ်          ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က    ယနေ့    မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့်  ကိုဗစ် - ၁၉ ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊   ကုသရေးဆိုင်ရာ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။


တက်ရောက်


အစည်းအဝေးသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ       ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်    ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အဖွဲ့ဝင်   ဗိုလ်ချုပ်ကြီး   တင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ သက်ခိုင်ဝင်း၊   ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများ   တက်ရောက်ကြပြီး   တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌများက  Video Conferencing ဖြင့် တက်ရောက်ကြသည်။


တတိယလှိုင်းတွင် ကူးစက်ဖြစ်ပွားမှုနှုန်းများ


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က   အဖွင့်အမှာစကား ပြောကြား ရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုသည် ပထမလှိုင်းနှင့် ဒုတိယလှိုင်းဖြစ်ပေါ်ခဲ့စဉ် မသိသာခဲ့ သော်လည်း လက်ရှိတတိယလှိုင်းတွင် ဖြစ်ပွားမှုနှုန်း များပြား    မြန်ဆန်လာသည်ကို   တွေ့ရှိရကြောင်း၊ လက်ရှိအချိန်အထိ   ကမ္ဘာ့နိုင်ငံများတွင်    ရောဂါ ဖြစ်ပွားမှုအနေဖြင့်   လူဦးရေ သန်း ၁၉၀ ကျော် ရှိပြီဖြစ်ပြီး မိမိတို့နိုင်ငံတွင် ဇူလိုင် ၁၇ ရက်နေ့အထိ ၂၂၄၂၃၆ ဦးရှိပြီဖြစ်ကြောင်း၊ ကိုဗစ် - ၁၉ တတိယ လှိုင်းသည် မိမိတို့နိုင်ငံ၌ ဇွန်လမှ စတင် ဖြစ်ပွား လာခဲ့ပြီး ဇူလိုင်လ ၁ ရက်မှစ၍ ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်းနှင့် တတိယလှိုင်း တို့၏ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း များကို သုတေသန ပြု နှိုင်းယှဉ်ရာတွင် များစွာကွာခြားမှုရှိပြီး တတိယ လှိုင်းတွင် ကူးစက်ဖြစ်ပွားမှုနှုန်းများသည်ကို ဆတိုး ဖြင့် ကူးစက်ပြန့်ပွားလျက်ရှိသည်ကို တွေ့ရှိရကြောင်း။ 


ကန့်သတ်ချက်မထားရှိဘဲ ခွင့်ပြုပေးထား


ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့်  ၁ ဒသမ ၆ သန်းကျော်ကို   ကာကွယ်ဆေးထိုးနှံပြီးဖြစ်ပြီး ဒုတိယအကြိမ်ထိုးနှံမှုများကို ဆောင်ရွက်လျက်ရှိ ကြောင်း၊ ပြည်သူလူထုအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက်  ကာကွယ်ဆေးများကို လှူဒါန်း ရရှိမှုများ၊ မှာယူမှုများဖြင့် အဆက်မပြတ် တင်သွင်း လျက်ရှိပြီး   ဇူလိုင် ၂၂ ရက်တွင် တရုတ်နိုင်ငံမှ ကာကွယ်ဆေး ၇ သိန်းခွဲ ထပ်မံရောက်ရှိမည်ဖြစ် ကြောင်းနှင့် ၂၃  ရက်နှင့်   ၂၄ ရက်တို့တွင်လည်း ဆက်တိုက်ရောက်ရှိလာမည်ဖြစ်ကြောင်း၊ ဩဂုတ်လ ပထမအပတ်အတွင်း၌လည်း  ကာကွယ်ဆေးများ ဆက်လက်ရောက်ရှိလာမည်ဖြစ်သဖြင့်    ယခုနှစ် အတွင်း လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန်     မျှော်မှန်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ပုဂ္ဂလိကကုမ္ပဏီများကိုလည်း  ဆေးဝါး တင်သွင်းမှုနှင့် ပတ်သက်၍ ကန့်သတ်ချက်မထားရှိဘဲ ခွင့်ပြုပေးထားကြောင်း။


ကူးစက်မှုလျော့ကျနိုင်ရေးကို အဓိကထား


အောက်ဆီဂျင်နှင့်    ပတ်သက်၍    လူအများ စိတ်ဝင်စားလျက်ရှိပြီး        အောက်ဆီဂျင်ပေး၍ ကုသသည်ဆိုသော်လည်း လိုအပ်သည့်သူများကိုသာ အောက်ဆီဂျင်ပေးကုသရသည်ဖြစ်ကြောင်း၊ သို့သော် လည်း   ပြည်သူလူထုအနေဖြင့်    ကောလာဟလ သတင်းများကြောင့် စိုးရိမ်ပူပန်ပြီး အောက်ဆီဂျင် များကို ဝယ်ယူသိုလှောင်ခြင်း၊ တစ်ဆင့်ခံရောင်းချ ခြင်းများ လုပ်ဆောင်နေကြသည်ကို တွေ့ရှိရကြောင်း၊ အောက်ဆီဂျင်ကို ဆေးရုံများနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၏ အကြံပြုချက်များဖြင့် အသုံးပြု ခြင်းသာ      အကောင်းဆုံးဖြစ်မည်ဖြစ်ကြောင်း၊ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ စက်ရုံ၊ အလုပ်ရုံများရှိ Oxygen Plant များမှ အောက်ဆီဂျင် များ ထုတ်လုပ်ပေးလျက်ရှိသည့်အပြင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှလည်း liquid အောက်ဆီဂျင်နှင့် အောက်ဆီဂျင်အိုးများကို နယ်စပ်ကုန်သွယ်ရေးစခန်း များမှတဆင့် တင်သွင်းပေးလျက်ရှိကြောင်း၊ တတိယ လှိုင်းတွင် မိမိတို့သာမက အိမ်နီးချင်းနိုင်ငံများ၌လည်း အလားတူ အခက်အခဲများဖြစ်ပေါ်ခဲ့ပြီး မိမိတို့အနေ ဖြင့်     အတတ်နိုင်ဆုံး   အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးလျက်ရှိကာ ကူးစက်မှုလျော့ကျနိုင် ရေးကို အဓိကထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။


လက်ရှိအချိန်တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု နှင့်  ပတ်သက်၍       သုတေသနပြုထားသည်များကို လေ့လာမှုများနှင့်     Mobility   Pattern         အရ 
လူစုလူဝေးပြုလုပ်မှု၊       လူအများစုရုံးနေမှုများ လျော့နည်းလာသည်ကို   လက်တွေ့တွေ့မြင်ရပြီး ပြည်သူလူထု ပူးပေါင်းပါဝင်မှုမှာ မြင့်တက်လာ သည်ကို တွေ့ရှိရကာ သတ်မှတ်ထားသည့် စည်းကမ်း များကို အလေးထား လိုက်နာလျက်ရှိသည့်အတွက် ပြည်သူလူထုကို ကျေးဇူးတင်ရှိပါကြောင်း၊ ထုတ်ပြန် ထားရှိသည့် သွားလာနေထိုင်မှု အခြေခံစည်းကမ်း များကို  တစ်ဦးချင်း  တာဝန်သိစွာဖြင့်   လိုက်နာ ဆောင်ရွက်ပြီး အားလုံးပူးပေါင်းဆောင်ရွက်မည် ဆိုပါက   ဖြစ်ပွားမှုနှုန်းကို   ထိန်းချုပ်နိုင်မည်ဖြစ် ကြောင်း၊ ထိန်းသိမ်းကြပ်မတ်ရန် တာဝန်ရှိသူများ အနေဖြင့်လည်း စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက် ကြရန်လိုအပ်မည်ဖြစ်ကြောင်း၊    ရောဂါဖြစ်ပွားမှု နှုန်းမြင့်တက်လျက်ရှိသော်လည်း ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေရေးနှင့် ကုန်ထုတ်လုပ်ငန်းများ အခက်အခဲမရှိစေရေးအတွက် ပို့ဆောင်ဆက်သွယ် ရေးဆိုင်ရာ လေကြောင်း၊ ရထားလမ်း၊ ကားလမ်းများ ကို ဖွင့်လှစ်ပေးထားလျက်ရှိပြီး ပို့ဆောင်ဆက်သွယ် ရေး တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏ ကျန်းမာရေး၊ လုံခြုံရေးဆိုင်ရာတို့နှင့် ပတ်သက်၍ လည်း စောင့်ရှောက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ မကြာမီရက်ပိုင်းအတွင်း ရောက်ရှိလာမည့် ရောဂါ ကာကွယ်ဆေးများကို  အများနှင့် ထိတွေ့ဆက်ဆံ နေရသော ပို့ဆောင်ဆက်သွယ်ရေးတာဝန် ထမ်းဆောင် နေသည့်ဝန်ထမ်းများအား ဦးစားပေး ထိုးနှံပေးသွား နိုင်ရေး စီစဉ်ရန်လိုကြောင်း။


စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပ


မကြာမီရက်သတ္တပတ်အတွင်း ကျရောက်မည့် အာဇာနည်နေ့၊ ဝါဆိုလပြည့် ဓမ္မစကြာအခါတော် နေ့နှင့်   အီဒုလ်အဿွဟာ  (ကုရ်ဘာနီအီးဒ်) နေ့ အခမ်းအနားများသည် မဖြစ်မနေကျင်းပပြုလုပ်ရန် လိုအပ်သည့်    အခမ်းအနားများဖြစ်သော်လည်း ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတစ်စုံတစ်ရာ မရှိစေ ရေးအတွက် သတ်မှတ် စည်းမျဉ်း စည်းကမ်းများနှင့် အညီ   ကျင်းပသွားရန်    လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။


ပူးပေါင်းဆောင်ရွက်ပေးကြ


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကိုဗစ်-၁၉ ရောဂါကာကွယ်ရာတွင် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်း ပါဝင်ဆောင်ရွက်ရန်  လိုအပ်သည့်အခြေ အနေများနှင့်     ပတ်သက်၍    ပြောကြားရာတွင် “ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ပတ်သက်လို့ ထိခိုက်မှုမရှိအောင်   ဆောင်ရွက်ရန် လိုပါတယ်။ အဓိက ဘာလဲဆိုတော့   ပြည်သူလူထု   ပူးပေါင်း ဆောင်ရွက်မှုက ပိုပြီးအရေးကြီးပါတယ်။ ဒီရောဂါက ဘယ်လိုမှ  တားဆီးလို့ရတာလဲ    မဟုတ်ပါဘူး။ မြင်လည်းမမြင်ရဘူး၊        ကြားလည်းမကြားရဘူး၊ အနံ့လည်းမရဘူး၊ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော် တို့အနေနဲ့   အားလုံးက   ပူးပေါင်းဆောင်ရွက်မှု ပိုအရေးကြီးတယ် ဆိုတာ ကျွန်တော်ပြောလိုပါတယ်။ အဓိက က     ကုသရေးပိုင်းဆိုင်ရာမှာ   တာဝန် ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေရဲ့ ကိစ္စ၊ ဝန်ထမ်းတွေ မှာလည်း နိုင်ငံ့ဝန်ထမ်းတွေ ရှိသလိုပဲ၊ နောက်တစ်ခါ အပြင်မှာရှိနေတဲ့  ကျွမ်းကျင်တဲ့လူတွေ ရှိပါတယ်။ ဆေးဘက်ပညာရှင်တွေ    ရှိပါတယ်။    အများနဲ့ ပတ်သက်တဲ့ကိစ္စဖြစ်လို့ အားလုံးပူးပေါင်းဆောင်ရွက် ပေးရန်လိုပါတယ်လို့     ပြောလိုပါတယ်။   သူတို့၏ ကျန်းမာရေးဆိုင်ရာ        အကာအကွယ်ကိုလည်း ကာကွယ်ပေးဖို့လိုတယ်။ သူတို့ ဖျားနာနေလို့မရဘူး။ သူတို့ကိုလည်း   ပိုပြီးတော့   ဂရုစိုက်ဖို့လိုတယ်။ သူတို့ရဲ့ ကုသပေးမှုက လူအများကို ဆောင်ရွက်ပေး တာ။ လူတစ်ယောက်က လူအများကို ဆောင်ရွက် ပေးတာဖြစ်တယ်။ လူအများက သူ့ကိုဆောင်ရွက် ပေးတာမဟုတ်ဘူး။ လူတစ်ယောက်က လူအများကို ဆောင်ရွက်ပေးတာ ဖြစ်တယ်။ ဒါကြောင့် သူတို့က ပိုပြီးအရေးကြီးပါတယ်။   ဦးစားပေးပါ။   သူတို့ကို ပြန်ပြီးတော့ ဦးစားပေးဖို့ လိုပါတယ်။ ဒါတွေကလည်း အုပ်ချုပ်မှုပိုင်းဆိုင်ရာ တာဝန်ရှိတဲ့ပုဂ္ဂိုလ် အဆင့်ဆင့် ကလည်း  အထူးအလေးထားပြီးတော့  ဆောင်ရွက် ပေးဖို့ ပြောလိုပါတယ်။ တစ်ဖက်ကလည်း စောစော က ကျွန်တော်ပြောတဲ့ နိုင်ငံဝန်ထမ်းတွေနဲ့ ကျွမ်းကျင် သူတွေကလည်း   အပြင်မှာရှိတဲ့   ကျွမ်းကျင်သူ အားလုံးကလည်း ဒီဟာက   နိုင်ငံရဲ့ နိုင်ငံ့အရေး ဖြစ်တဲ့အတွက်ကြောင့်     ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်   ပူးပေါင်းဆောင်ရွက်ပေးဖို့လိုတယ်လို့  ကျွန်တော် ပြောလိုပါတယ်။ စေတနာ့ဝန်ထမ်းတွေခေါ်နေတာ  ရှိပါတယ်။   တချို့လည်း   လာရောက်သတင်းပို့ ကြတာရှိပါတယ်။   ဒါပေမယ့်လည်း   အကြောင်း အမျိုးမျိုးကြောင့်      ဟိုကလည်း   ခြိမ်းခြောက်၊ ဒီကလည်း ခြိမ်းခြောက်ဆိုတော့ မလာရဲ၊ မပြုရဲနဲ့ လုပ်ကြတာရှိတယ်။  တချို့လည်း  အပြင်ရောက် နေတဲ့သူတွေ   လာချင်သော်လည်း   အကြောင်း အမျိုးမျိုးကြောင့်        အခက်အခဲဖြစ်နေတာကို တွေ့ရတယ်။ ဒါတွေကို ကြိုဆိုတယ်လို့ ကျွန်တော် ပြောထားပြီးသားဖြစ်ပါတယ်။    ကြိုဆိုတယ်လို့ ပြောထားပြီးသားဖြစ်တာကြောင့်       ပူးပေါင်း ဆောင်ရွက်ပေးမှု လိုအပ်တာဆိုတာ ပြောလိုပါတယ်။ နောက်တစ်ခါ လိုအပ်သည့် ပစ္စည်းနှင့်ပတ်သက်ပြီး လှူနေတာတွေ   ရှိပါတယ်။        မနေ့ကတင်ပြတဲ့ ကိန်းဂဏန်းအရဆိုလျှင်    ပြည်နယ်နှင့်    တိုင်း အသီးသီးမှာ    တော်တော်ကို   များကြပါတယ်။ ကျွန်တော်တို့   မြန်မာလူမျိုးတွေက   လူမှုရေး စိတ်ဓာတ်တွေရှိကြတယ်လို့   ကျွန်တော်  ပြောခဲ့ ပါတယ်။ အခက်အခဲအကျပ်အတည်းတွေရှိတဲ့ကြားထဲက    သိန်းပေါင်းများစွာ  ပြည်နယ်နှင့်  တိုင်း အသီးသီးမှာ လာရောက်လှူဒါန်းတဲ့ ပုဂ္ဂိုလ်တွေကို လည်း၊ အလှူရှင်အသီးသီးကိုလည်း  ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ်   လှူတယ်ဆိုကတည်းက  ဝမ်းသာစရာ ကိစ္စဖြစ်ပါတယ်။      အလှူရှင်အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ကျွန်တော် ပြောလိုပါတယ်။ ဆက်လက်ပြီးတော့လည်း   တတ်နိုင်သည့်   အဖွဲ့ အစည်းတွေ၊ အသင်းအဖွဲ့တွေကလည်း ပူးပေါင်း ဆောင်ရွက်ပေးကြပါလို့ ပြောလိုပါတယ်။” 


အကျယ်တဝင့် ရှင်းလင်းတင်ပြ


ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများနှင့်   တက်ရောက်လာကြသူများက ကိုဗစ် - ၁၉  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ဆောင်ရွက်နေမှု၊ တိုင်းဒေသကြီး၊ ပြည်နယ် နှင့် တိုင်းစစ်ဌာနချုပ်အလိုက် Oxygen plant များ၊ အောက်ဆီဂျင်အိုးများ   မှာယူရောက်ရှိနေမှု၊ ဆေးဝါး နှင့် ကျန်းမာရေးဆိုင်ရာ လက်ကားဆေးဆိုင်ကြီး များ၏ ဖြန့်ဝေရောင်းချနေမှုနှင့် သုံးသပ်ချက်များ၊  ကုန်စည် စီးဆင်းမှုနှင့်  ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ     အရှိန်အဟုန်မပြတ်စေရေး အတွက်   ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများကို သတ်မှတ်စည်းကမ်းများနှင့်အညီ    ဆက်လက် ဆောင်ရွက်ပေးနေမှု၊ ကျန်းမာရေးဆိုင်ရာ အသိပညာ ပေး   နှိုးဆော်ခြင်းနှင့်   ရောဂါဖြစ်ပွားမှုဆိုင်ရာ၊ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ဆောင်ရွက် နေမှုများကို   သတင်းထုတ်ပြန်ပေး၊    ပညာပေး၊ လှုံ့ဆော်နေမှု၊ ယနေ့အချိန်အထိ မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များတွင် ရောဂါပိုးအတည်ပြုလူနာ ၃၁၅ ဦးရှိသည့်အနက်   ဆေးရုံဆင်းလာသူ ၁၂၀၊ ကုသဆဲ ၁၉၀ ဖြစ်ပြီးသေဆုံးသူ ငါးဦးရှိကာ ၎င်း ငါးဦးသည်လည်း မူလရောဂါအခံရှိမှုကြောင့်သေဆုံးခဲ့ရသည့် အခြေအနေများနှင့် အကျဉ်းစခန်းများရှိ ရောဂါပိုး အတည်ပြုသူများကို သက်ဆိုင်ရာ အကျဉ်း စခန်း၊ အချုပ်စခန်းများတွင် ဆေးခန်း၊ ဆေးကုသမှု နေရာများဖြင့် စနစ်တကျ ကုသမှုများ ဆောင်ရွက်ပေး လျက်ရှိမှုကြောင့် အခြေအနေထိန်းချုပ်ထားနိုင်မှု၊  မဖြစ်မနေ ကျင်းပပြုလုပ်ရန် လိုအပ်သည့် အခမ်း အနားများအား     အနည်းဆုံးသောအင်အားဖြင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပ ပြုလုပ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေ များ၊ အောက်ဆီဂျင်များလိုအပ်ချက်များ မရှိစေရေး အတွက် တပ်မတော် စက်ရုံ၊ အလုပ်ရုံများ၊ ပုဂ္ဂလိက စက်ရုံများမှ   နေ့စဉ်ထုတ်လုပ်၍   ဆေးရုံများသို့ နေ့စဉ်ဖြန့်ဝေပေးနေမှု၊ ပြည်ပမှမှာယူတင်သွင်းပေးနေမှုနှင့် အောက်ဆီဂျင်များ  လုံလောက်စွာရရှိရေး စီမံဆောင်ရွက်နေမှု၊ ကျန်းမာရေးဝန်ထမ်းများအား လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ဆောင်ရွက် ပေးနိုင်ရေး စီမံဆောင်ရွက်နေမှု၊ တပ်မတော် စက်ရုံ၊ အလုပ်ရုံများ၊ ပုဂ္ဂလိကစက်ရုံများမှ အောက်ဆီဂျင် များ နေ့စဉ်ထုတ်လုပ်ဆောင်ရွက်ပေးနေမှု၊ ရောဂါ ကူးစက်ပြန့်ပွားမှု      လျော့ပါးစေရေးအတွက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ     နေထိုင်သွားလာမှုရှိစေရေး   ကြပ်မတ် ဆောင်ရွက်ကြရန်လိုအပ်မှု    အခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကျယ် တဝင့် ရှင်းလင်းတင်ပြကြသည်။


ထိမိစွာဖြင့် သတိပေးနှိုးဆော်


ရှင်းလင်းတင်ပြမှုများအပေါ်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများ သည် ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍတို့အတွက် မရှိမဖြစ် အရေးပါပြီး ရပ်တန့်သွား၍ မရသည့်အတွက် သတ်မှတ်ထားသည့်   စည်းမျဉ်းစည်းကမ်းများကို တိတိကျကျ လိုက်နာကျရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒေသအလိုက်   မဖြစ်မနေ   ခရီးသွားရသည်များ ရှိသည်ဖြစ်၍   RBE ရထားများ   ပြေးဆွဲပေးရန် လိုကြောင်း၊ လျှပ်စစ်ဓာတ်အားမရရှိပါက ကာကွယ် ထိန်းချုပ်  ကုသရေးလုပ်ငန်းများကို    ထိရောက်စွာ ဆောင်ရွက်နိုင်မည်မဟုတ်သောကြောင့်    လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုမရှိစေရေးအတွက်လည်း အလေးထား    ဆောင်ရွက်ကြရန်နှင့်   လျှပ်စစ် ဝန်ထမ်းများကို လုံခြုံရေးအရ အကာအကွယ်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် ပုံနှိပ်လုပ်ငန်းများမှတစ်ဆင့်       ပြည်သူများသို့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများကို ဆောင်ရွက်ရာတွင် ထိမိစွာဖြင့် သတိပေးနှိုးဆော် ကြရမည်ဖြစ်ပြီး တိုင်းရင်းသား ဘာသာစကားများ ဖြင့်လည်း   ထုတ်လွှင့်ရန်လိုကြောင်း၊   ပညာပေး အစီအစဉ်များ၊   ဆောင်းပါးများ၊   သတင်းများကို လူတိုင်းနားလည်အောင်၊   ထိမိအောင်   ရေးသား၊ ထုတ်လွှင့်ရန်လိုကြောင်း၊ နှိုးဆော်ချက်၊ လှုံ့ဆော် ချက်များကို လူထုနားထဲအရောက် အသံချဲ့စက်များ သုံး၍ ပညာပေးရန်၊   လှုံ့ဆော်ရန်  လုပ်ဆောင်နိုင် ကြောင်း၊ ကာကွယ် ဆေးထိုးနှံမှုနှင့် ပတ်သက်၍ ထိုးနှံရမည့်သူအားလုံးကို မပျက်မကွက်ထိုးနှံပေးနိုင် ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊   ကျန်းမာရေး ဝန်ထမ်းများ၏  တာဝန်ထမ်းဆောင်မှုကို စိတ်ရော ကိုယ်ပါ အားပေးကြရမည်ဖြစ်ပြီး  လိုအပ်သည့် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ လိုအပ်သည့် ထောက်ပံ့ကြေးများ ကိုလည်း ခွင့်ပြုထားသည့်အပြင် ကျန်းမာရေးဝန်ထမ်း များ၏    စိတ်ဓာတ်မြှင့်တင်ရေးကို   တာဝန်ရှိသူ အားလုံးက လိုအပ်သည်များ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ဝေးလံခေါင်ဖျားသည့်  ဒေသများ၏ အောက်ဆီဂျင်လိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်ရေး၊ အရေးပေါ်လိုအပ်ပါက တပ်မတော်ရဟတ် ယာဉ်၊ လေယာဉ်များ အသုံးပြုနိုင်ရေး   စီမံခန့်ခွဲ ထားပြီး အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်ပေးရန် လိုကြောင်း ဖြည့်စွက်ဆွေးနွေးပြောကြားသည်။


နှိုးဆော်ကြပ်မတ်  ဆောင်ရွက်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင်  ဆွေးနွေးမှုများ၏ အဓိကရည်ရွယ်ချက်သည် ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရေးပင်ဖြစ်ပြီး     ရောဂါပိုးကူးစက်မှု ကြောင့်      ပြည်သူများ     စိုးရိမ်ပူပန်နေရမှုများကို ဖြေလျှော့ပေးနိုင်ရေး ကြိုးပမ်းလုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ သတိပေးနှိုးဆော်မှုများကို ဆက်တိုက် ဆောင်ရွက်ခဲ့သဖြင့် လှုပ်ရှားသွားလာမှုများလျော့ကျ လာသည်ကို   တွေ့ရှိရပြီး   ရုံးပိတ်ရက်ရှည်ကာလ အတွင်း၌လည်း သွားလာမှုများကို စနစ်တကျရှိ စေရေး   နှိုးဆော်ကြပ်မတ်   ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဝါတွင်းကာလ ဝါဆိုကြမည့် ရဟန်း၊ သံဃာ၊ သီလရှင်များ၏ ကျန်းမာရေး၊ ဆွမ်း၊ ကွမ်းကိစ္စ မလစ်ဟင်းစေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထို့ပြင် ကိုးကွယ်ရာဘာသာများအလိုက် ဘုရားသွား ကျောင်းတက်ခြင်း၊ ဝတ်ပြုခြင်းများကို ဆောင်ရွက် ကြမည်ဖြစ်ရာ     စည်းကမ်းနှင့်အညီဖြစ်စေရေး ကြပ်မတ်ကြရမည်ဖြစ်ကြောင်း။


ကုန်ထုတ်လုပ်ငန်းများ


 ကုန်ထုတ်လုပ်ငန်းများ လည်ပတ်နေစေရေးနှင့် ကိုဗစ်ကာလ သွားလာမှု ကန့်သတ်ချက်အချို့ကြောင့် စိုက်ပျိုးကုန်များ၊ မွေးမြူရေးထုတ်ကုန်များ ပို့ဆောင်  ဖြန့်ချိမှု ခက်ခဲလာလျှင် ကူညီဖြေရှင်းပေးရမည် ဖြစ်ကြောင်း၊ တောင်သူလယ်သမားများ စိုက်ပျိုး စရိတ်နှင့်    သင့်လျော်သော   အမြတ်ငွေရရှိရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အခြေခံစားကုန် သဖွယ်ဖြစ်နေသော ကြက်ဥဈေးနှုန်းနှင့်ပတ်သက် ပြီး ကောလာဟလဖြစ်အောင်   ဈေးနှုန်းမြင့်တက် အောင်   လုပ်ဆောင်နေမှုများကို      တွေ့ရှိရပြီး ဥစားကြက်မွေးမြူရေးကို မိမိတို့အနေဖြင့် လွန်ခဲ့ သည့် ၆ နှစ် ၇ နှစ်ကတည်းကပင် အားသွန်ခွန်စိုက်  လုပ်ခဲ့ကြောင်း၊ ယခင်ကပင် တပ်မတော်က ပြည်သူ လူထုကို ရောင်းချပေးနေသည်ကို တွေ့နိုင်မည်ဖြစ် ကြောင်း၊ စိုးရိမ်စရာမရှိကြောင်း၊ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍  ပြည်သူလူထုတစ်ရပ်လုံး၏ စိုးရိမ်ကြောင့်ကြမှုများကို လျော့ပါးအောင် ဆောင်ရွက်ပေးနိုင်ရမည်ဖြစ်ကြောင်းဖြင့်  ပြောကြားသည်။


Center ၁၉၃၄ နေရာမှာ ပြင်ဆင်


ထို့နောက် ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး စီမံဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍   ပြောကြား ရာတွင်  “Quarantine Center နဲ့ ပတ်သက်၍ ပြင်ထားတာ   ရှိပါတယ်။  တပ်မတော်နဲ့အရပ်ဘက် ဆေးရုံတွေ၊  နေရာ၊  ဌာနတွေကို  အားလုံးပေါင်း ၆၉၈၀၀ ဦးရေခန့်အတွက် Center ၁၉၃၄ နေရာမှာ ပြင်ဆင်ထားပါတယ်။  လက်ရှိ  ၂၅  ရာခိုင်နှုန်းပဲ Quarantine Center များတွင် ရှိပါတယ်။ အလားတူ Positive   လူနာတွေနဲ့ပတ်သက်ပြီး   နေရာပေါင်း ၁၁၁၄  နေရာမှာ  ၄၅၉၀၀၊ ၄၆၀၀၀ ခန့် ဝင်ဆံ့တဲ့ အင်အားရှိပါတယ်။ လောလောဆယ် ၆၂ ရာခိုင်နှုန်းပဲ Positive လူနာထားတဲ့နေရာမှာ ရှိပါတယ်။ ကုသရေး Center ပေါင်း ၅၆၀ လုပ်ထားတဲ့နေရာမှာ ဝင်ဆံ့ တာက ၂၅၅၀၀ ခန့်ရှိပါတယ်။ ၉၂ ဒသမ ၂ ရာခိုင်နှုန်း ရှိပါတယ်။   သူကတော့ ပိုများပါတယ်။  ကုသရေး Center  မှာရှိတဲ့  လူနာတွေနဲ့ပတ်သက်၍ တချို့ ကလည်း  Positive  လူနာထားတဲ့ နေရာဘက်သို့ ရွှေ့သင့်ရင် ပြန်ရွှေ့ရမှာပဲ။ ဒါကတော့ လက်ရှိအခြေ အနေမှာ မဖြစ်သေးပါဘူး။ သို့သော်လည်း ကြိုတင် ပြီး စဉ်းစားထားဖို့လိုတယ်။ ဘယ်လိုဖြစ်လာလို့ရှိရင် ဘယ်နေရာမှာ   Shift  လုပ်မလဲဆိုတာ  အဲ့မှာစီမံ ခန့်ခွဲရေးလုပ်ဖို့ အရေးကြီးပါတယ်။ သူတို့ရဲ့ စားရေး၊ သောက်ရေး   အရေးကြီးပါတယ်။  သူတို့   စားရေး၊ သောက်ရေး၊ ကျွေးမွေးရေးပေါ့။ တပ်မတော်ကတော့ တပ်မတော်မှာ  တက်နေတဲ့  ဆေးရုံတွေမှာ နေရာ ၃   နေရာမှာ   အကုန်လုံး    ကျွေးမွေးထားပါတယ်။ ထို့အတူပဲ ဆေးရုံတွေမှာလည်း တတ်နိုင်သလောက်  ကျွေးမွေးနေတယ်။ အလှူရှင်တွေနဲ့ လုပ်ပေးထားတာ ရှိတယ်။   ဒါတွေလည်း   မျက်ခြည်မပြတ်ကြည့်နေဖို့ လိုပါတယ်။ လူနာတွေကလည်း အာဟာရရှိဖို့ လိုပါ တယ်။    ကိုဗစ်နဲ့ပတ်သက်ပြီး   ခံနိုင်ရည်ရှိအောင်၊ အာဟာရရှိအောင် ဆောင်ရွက်ပေးဖို့လိုတယ်။ စားနိုင် တဲ့ လူနာတွေရှိသလို မစားနိုင်တဲ့ လူနာတွေရှိမယ်။  မျက်ခြည်မပြတ်ကြည့်ဖို့ လိုပါတယ်။ ဆင်းရဲချမ်းသာ  မဟုတ်ပါဘူး။ ဆင်းရဲလို့ မလုပ်နိုင်ဘူး၊ မကျွေးနိုင်ဘူး၊  မစားနိုင်ဘူးဆိုတာ    မဖြစ်ပါစေနဲ့။    အားလုံးကို ကျွန်တော်တို့က လူသားတစ်ယောက်အနေနဲ့ ရသင့် ရထိုက်တဲ့ဟာတွေကို ပေးလို့ရအောင် ဆောင်ရွက် ပေးဖို့ ကျွန်တော်တို့ ပြောလိုပါတယ်။”  


အလေးထား ဆောင်ရွက်


ဆက်လက်ပြောကြားရာတွင် ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်         အခက်အခဲများရှိပါက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းစစ်ဌာနချုပ် များသို့ ဆက်သွယ်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်းနှင့် ကုသရေးနှင့်ပတ်သက် ၍ အလေးထား ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် ပါဝင်ဆောင် ရွက်လျက်ရှိသည့်   စီမံခန့်ခွဲသူများ၊  ပူးပေါင်းပါဝင် သူများ၏ လုံခြုံရေးထိခိုက်မည့် ကိစ္စရပ်များအပေါ် ပြည်သူလူထုက ဝိုင်းဝန်းပူးပေါင်း ဆန့်ကျင်ဆောင် ရွက်ရန်လိုပြီး  ပါဝင်သည့်   ပြည်သူလူထုကိုလည်း  အသိအမှတ်ပြုရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။                

သတင်းစဉ်