
နေပြည်တော် ဇူလိုင် ၁၇
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း အရှိန်အဟုန်မြှင့်တင်ရေး ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရုံးအမှတ်(၄)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နေပြည်တော်၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်သည်။
ပြောကြား
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ပြုလုပ်သည့် အစည်းအဝေး၏ အဓိကရည်ရွယ်ချက်မှာ ယခုရုံးပိတ်ရက်ရှည်အတွင်း ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်၊ ပန်ကြားချက် များအား တိတိကျကျလိုက်နာခြင်းဖြင့် ရောဂါကူးစက်မှု(Chain of Transmission)ကို ဖြတ်တောက်နိုင်ရေး သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများက တိုင်းဒေသကြီး/ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများနှင့်ပူးပေါင်း၍ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် အောက်ဆီဂျင်ထုတ်လုပ်မှုနှင့် လိုအပ်ချက်ကို mapping ရေးဆွဲ ထား၍ ဗဟိုနှင့်ညှိနှိုင်းကာ အောက်ဆီဂျင်မပြတ်လပ်အောင် ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ အရေးပေါ်လူနာများကို နှောင့်နှေးမှုမရှိစေဘဲ ကုသမှုရရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ကျန်းမာရေးဝန်ထမ်းများတွင်လည်း ကူးစက်မှုနှုန်း မြင့်တက်လာသည့်အတွက် Infection Prevention and Control Guideline အတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရန် လိုပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံမည့်သူစာရင်း တိတိကျကျရရှိရေး၊ ကာကွယ်ဆေးထိုး မှတ်တမ်း စနစ်တကျထားရှိရေးနှင့် ကာကွယ်ဆေးထိုးမှတ်တမ်း ကတ်ပြားများ အချိန်နှင့်တစ်ပြေးညီထုတ်ပေးနိုင်ရေး သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်းနှင့် ယခုတတိယလှိုင်း တို့တွင် ဆောင်ရွက်ခဲ့ကြသည့် အတွေ့အကြုံများကို အသုံးချ၍ ပြည်သူလူထု အတွက် နောင်တစ်ချိန်တွင် ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများက လက်ရှိကြုံတွေ့နေရသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေး မှူးများက ပြန်လည်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ် ညှိနှိုင်းပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ရန် လမ်းညွှန် မှာကြားသည်။
ယနေ့ပြုလုပ်သည့်အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးများနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်