
နေပြည်တော် ဇူလိုင် ၂၇
လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားမှုမြင့်တက်လျက်ရှိပြီး ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူ များကို ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကျန်းမာ ရေးဝန်ထမ်းများ၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းများ ပူးပေါင်း၍ အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၏အလှူငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာခန်းမ၌ ကျင်းပ သည်။
ပေးအပ်လှူဒါန်း
အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။
ဦးစွာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက လှူဒါန်းရသည့် အကြောင်းရင်းကို ရှင်းလင်းပြောကြားပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ လှူဒါန်းငွေကျပ် ၂ ဒသမ ၂၁၈ ဘီလီယံကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း က ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းထံ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြား သည်။
ပူးပေါင်းဆောင်ရွက်
တပ်မတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ပထမ လှိုင်း စတင်ဖြစ်ပွားသည့်အချိန်မှစ၍ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အဘက်ဘက်မှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ဒုတိယလှိုင်းဖြစ်ပွားသည့်ကာလတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ လှူဒါန်းငွေ ၄ ဒသမ ၇၀၄ ဘီလီယံကို ပေးအပ်လှူဒါန်း၍ အဆိုပါ လှူဒါန်းငွေများဖြင့် အရပ်ဘက်ပြည်သူ့ဆေးရုံ ၁၁၆၈ ရုံနှင့် ကျေးလက် ကျန်းမာရေးဌာန ၁၀၇၀ ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူ ၍ သက်ဆိုင်ရာဆေးရုံများသို့ အရောက်ပို့ဆောင် လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်