
နေပြည်တော် ဇူလိုင် ၂၄
လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်း များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယင်းလုပ်ငန်း များတွင် အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အာဟာရဖြည့် စားသောက် ဖွယ်ရာများကို တပ်မတော်က သွားရောက်ထောက်ပံ့ လှူဒါန်းပေးလျက်ရှိသည်။
ထိုသို့ ပေးအပ်လှူဒါန်းလျက်ရှိရာ ဇူလိုင် ၁ ရက်မှ ယနေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာ ရေးဌာနများ၊ ကိုဗစ်စင်တာများ၊ ဘာသာရေး ကျောင်းများ၊ စာသင်ကျောင်းများနှင့် ဒေသခံပြည်သူ လူထုများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အောက်ဆီဂျင်အိုး ၄၇၆၆ လုံး၊ ပါးစပ်၊ နှာခေါင်းစည်း ၃၂၄၄၈၂ ခု၊ Personal Protective Equipment(PPE)ဝတ်စုံ ၁၈၀၀ ၊ လက်သန့်ဆေးရည် ၇၀၃ ဘူး၊ မျက်နှာဖုံးအကာအခု ၂၀၀ ၊ လက်ဆေးဆပ်ပြာရည် လေးပုံး၊ လက်အိတ် Surgical Gloves အစုံ ၂၀၅၀၊ ခေါင်းစွပ်အခု ၂၉၀၀ ၊ ဆေးပစ္စည်းများ၊ စက်သုံးဆီ များ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများ၊ အလှူငွေများကို သွားရောက်ပေးအပ်လှူဒါန်းနိုင် ကြောင်းနှင့် ဆက်လက်ပေးအပ်လှူဒါန်းသွားမည် ဖြစ်သည်။
အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် အထောက်အကူပြုပစ္စည်းများ၊ အလှူငွေ များကို စေတနာရှင် အလှူရှင်များက ပေးအပ်လှူဒါန်း လျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာန ချုပ်၊ ပေါင်းလောင်းရိပ်သာဧည့်ခန်းမ၌ ဗိုလ်ချုပ် ဇော်ဝင်း(အငြိမ်းစား)က ၎င်း၏ ပင်စင်လစာငွေကျပ် သိန်း ၃၀ ကို လာရောက်လှူဒါန်းရာ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင် က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်၍ ကျေးဇူးတင်စကားပြောကြားကြောင်း သတင်းရရှိသည်။
သတင်းစဉ်