
နေပြည်တော် ဇူလိုင် ၂၇
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာများတွင် အာဆီယံနိုင်ငံများ၊ မိတ်ဆွေနိုင်ငံများအပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရေး ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
တက်ရောက်
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကား ပြောကြားရာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာတွင် အာဆီယံနိုင်ငံများ၊ မိတ်ဆွေနိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများအပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင် ရန်လိုအပ်ကြောင်း၊ နိုင်ငံတကာနှင့် ဆက်ဆံ ဆောင်ရွက်ရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များသည် နိုင်ငံကို ကိုယ်စား ပြုခြင်းပင်ဖြစ်ကြောင်း၊ အာဆီယံတွင် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ရန်ပုံငွေထူထောင်ထားရှိပြီး မိမိတို့ နိုင်ငံမှလည်း ထည့်ဝင်လှူဒါန်းထားလျက်ရှိကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများ၊ မိမိတို့နိုင်ငံသို့ ကူညီ ထောက်ပံ့မှုများ လုပ်ဆောင်လာမည့် အခြေအနေ များနှင့်ပတ်သက်၍ လုပ်ဆောင်ရန်ရှိသည်များကို မြန်ဆန်စွာလုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ International community ၊ Asean community တို့နှင့် လက်တွဲပူးပေါင်းလုပ်ဆောင်ရာတွင် အချိန် နှင့်တစ်ပြေးညီ ဆုံးဖြတ်ရန် လိုအပ်သည်များကို မတုံ့ဆိုင်းစေလိုဘဲ မြန်ဆန်စွာ လုပ်ဆောင်ကြစေ လိုကြောင်း။
ဆောလျင်စွာထိုးနှံနိုင်ရေး
ကာကွယ်ဆေးထိုးနှံပြီးစီးမှု တိုးတက်မှုရှိအောင် လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်ပနိုင်ငံများမှ မှာယူ တင်သွင်းထားသည့်၊ လှူဒါန်းရရှိထားသည့် ကာကွယ် ဆေးများကို အမြန်ဆုံးရောက်ရှိပြီး ဆောလျင်စွာ ထိုးနှံနိုင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်ကြ ရန်လိုကြောင်း၊ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှုလုပ်ငန်းစဉ်များ၊ လိုအပ်သည့် ဆေးဝါးအထောက်အကူပြုပစ္စည်းများ အမြန်ဆုံး ရောက်ရှိနိုင်ရေးကိုလည်း သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ တာဝန်ရှိသူများက အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် တက်ရောက်လာကြသူများက ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများ၊ WHO တို့နှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေ၊ ကာကွယ်ဆေးများ ရောက်ရှိလာမှုနှင့် ထပ်မံရရှိ နိုင်ရေး ဝန်ကြီးဌာနအလိုက် ချိတ်ဆက်လုပ်ဆောင် နေသည့်အခြေအနေ၊ ရောက်ရှိလာသည့် ကာကွယ် ဆေးနှင့် ဆက်စပ်ပစ္စည်းများကို နိုင်ငံတစ်ဝန်းသို့ ဖြန့်ဝေလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်း များကိုဆောင်ရွက်နေသည့်အခြေအနေ၊ ရုရှားနိုင်ငံ နှင့်ပူးပေါင်း၍ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရာတွင် လိုအပ်သည့် အခြေခံအချက် အလက်များကို နေ့စဉ်ပေးပို့၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး အခြားနိုင်ငံများ မှလည်း ကမ်းလှမ်းထားရှိပြီး လိုအပ်သည်များ စမ်းသပ်နိုင်ရေး နမူနာပုံစံများ မှာယူထားရှိသည့် အခြေအနေများနှင့် ဆက်လက်လုပ်ဆောင်သွားမည့် အခြေအနေ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ၊ ထောက်ပံ့ကူညီမည့် အစီအစဉ်များနှင့်ပတ်သက်၍ လုပ်ဆောင်နေသည့်အခြေအနေ၊ ကာကွယ်ဆေးများ ကို ပုဂ္ဂလိကအနေဖြင့် တင်သွင်းပြီး ထိုးနှံနိုင်ရေး လုပ်ဆောင်နိုင်မည့် အခြေအနေနှင့်ပတ်သက်၍ လုပ်ဆောင်နေမှုအခြေအနေနှင့် ဆက်လက်လုပ်ဆောင် နိုင်မည့် အခြေအနေများကို အကျယ်တဝင့် ရှင်းလင်း တင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။
မှာကြား
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ရောဂါကူးစက်ဖြစ်ပွားမှုသည် နိုင်ငံတကာတွင် ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး ထိန်းချုပ်နိုင်ရေး အတွက် လုပ်ဆောင်ရာတွင် ပြည်တွင်း၌ လုပ်ဆောင်မှု များသာမက နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု များကိုလည်း အမြန်ဆုံး ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ အာဆီယံနိုင်ငံများတွင်လည်း ကိုယ်စီ အခက်အခဲများ ကြုံတွေ့ရလျက်ရှိပြီး အာဆီယံ ရန်ပုံငွေမှ ဆောင်ရွက်ပေးသည်များ၊ ရသင့်ရထိုက် သည့် အခွင့်အရေးများရရှိနိုင်ရေး တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ကျန်းမာရေး ထက်အရေးကြီးသည်မှာ မရှိသည့်အတွက် လုပ်ဆောင် ပေးနိုင်သည် မှန်သမျှကို လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်းဖြင့် ယခင်ကတည်းကပင် ပြောကြားခဲ့ပြီး ပြည်သူတို့၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးများကို အစဉ်တစိုက် လုပ်ဆောင်ပေးခဲ့ကြောင်း၊ ထို့ပြင် ဆေးရုံတက်လူနာများအနေဖြင့် အာဟာရပြည့်ဝ နေရန် အရေးကြီးသဖြင့် ကြက်ဥ၊ ငှက်ပျောသီးနှင့် အခြားအာဟာရပြည့် ဖြည့်စွက်စာများကို နီးစပ်ရာ တပ်စခန်းများမှတစ်ဆင့် ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်လှူဒါန်းစေလျက်ရှိကြောင်း၊ ကျန်းမာ ရေးနှင့်ပတ်သက်လာပါက မှန်မှန်ကန်ကန် လုပ်ဆောင် ပေးရန် အရေးကြီးပြီး ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်ခြင်း မဖြစ်စေလိုဘဲ တိုင်းပြည်နှင့် ပြည်သူလူထု၏ ကျန်းမာရေးကို ဖော်ဆောင်ပေး နိုင်ရမည်ဖြစ်ကြောင်း၊ မည်သို့သော အခြေအနေပင် ဖြစ်စေ တိုင်းပြည်နှင့် ပြည်သူလူထုကျန်းမာရေး ကောင်းမွန်စေရေးအတွက် လုပ်ဆောင်ပေးနိုင်သည် မှန်သမျှကို ကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း နှင့် နိုင်ငံတကာနှင့်ဆက်သွယ်ဆောင်ရွက်ရာတွင် သွက်လက်မြန်ဆန်စွာ ဆောင်ရွက်ကြရမည်ဖြစ် ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်